SJ WorldNews - шаблон joomla Авто

ကင်ဆာရောဂါကုသရာတွင် အထောက်အကူပြုသော မြန်မာ့ဆေးဖက်ဝင် အပင်များ(၁၈)

Wednesday, 13 November 2019 11:01 Written by  font size decrease font size decrease font size increase font size increase font size

စာရေးသူ၏ အဘိုးသည် ၀ါးနှီးဖြာသောအလုပ်ကို အမြဲလုပ်သူဖြစ်သည်။ အထိုင်များသော အလုပ် ဖြစ်သောကြောင့် ခါးနာရောဂါ စွဲကပ်လာသည်။ ထိုင်ရာမှထလျှင် ခါးကုန်းနေပြီး လမ်းအနည်းငယ် လျှောက်လိုက်မှ ပုံမှန် ခါးပြန်မတ်သွားသည်ကို ငယ်စဉ်က သတိထားမိသည်။ အဘိုး၏ ခါးနာပျောက်ဆေးမှာ သက်ရင်းကြီးရွက်ဖြစ်သည်။ သက်ရင်းကြီး ခုနစ်ရွက်ကို အိပ်ရာအောက်တွင် ဖြန့်ခင်းထားပြီး အိပ်သည်။ အဘိုးတွင် အထိုင်များသောကြောင့် ၀မ်းချုပ်ပြီး လိပ်ခေါင်းရောဂါလည်း ရှိသည်။ ထိုရောဂါအတွက်လည်း သက်ရင်းကြီးရွက် အနုလေးများကို နေ့စဉ် နှစ်ရွက်၊ သုံးရွက် အတို့အမြှုပ်ပြုလုပ်စားခြင်းဖြင့် ၀မ်းမှန်လေသက်ပြီး လိပ်ခေါင်းရောဂါ သက်သာသည်ဟု ဆိုသည်။

စာရေးသူတို့အိမ် အနီးတွင် သရက်ပင်ကြီးများရှိသည်။ သရက်သီး ရင့်မှည့်ချိန်တန်လျှင် အချို့ကို တံချူဖြင့်ခူးပြီး အမြင့်မတက်နိုင်သော အသီးများကို သရက်သီးခူးသူ ငှားရသည်။ စာရေးသူမှတ်မိသည်မှာ သရက်ပင်တက်သော ဦးကြီး၏ကုပ်တွင် မြင်းဖုခေါ် အနာလုံးဖုကြီး ထွက်နေသည်။ သူက ကုတ်ပြီးဖဲ့ထားသဖြင့် အနာဝတွင် ယင်များ နားလျက်ရှိသည်။ ထိုအလုံးဖုကြီးမှာ ယခုခေတ်အခေါ် ကင်ဆာအဖုအကျိတ်များ ပွင့်ထွက်သကဲ့သို့ ထိပ်တွင် မှိုပွင့်သဖွယ် ဖြစ်နေသည်။ ရှေးက ကုပ်တွင်ထွက်သော အနာလုံးအဖုကို မြင်းဖုဟု ပင်ခေါ်ကြသည်။စာရေးသူ၏ အဖိုးသည် သက်ရင်းကြီးရွက်များကို ထောင်းပြီး ထိုအနာပေါ်တွင် အုံပေးသည်။ ထိုအခါ ယင်နား သက်သာသွားသည်ကို တွေ့ရသည်။ တောဓလေ့အရ ထိုအနာကို ယင်မနားအောင် ပတ်ချာလည်တွင် ရေနံချေး လိမ်းသည်ကိုလည်း တွေ့ရသည်။ သက်ရင်းကြီးရွက်ကို ထောင်း၍ အုံပေးရာမှ တဖြည်းဖြည်း

အနာကျက်ပြီး မြင်းဖုမှာရှုံ့သွားပြီး မူလက သံပရိုသီး တစ်လုံးခန့်ရှိရာမှ ဆီးဖြူသီး တစ်ခြမ်းခန့်အထိ သေးငယ်သွားသည်ကို ငယ်စဉ်ကကိုယ်တွေ့ တွေ့ဖူးပါသည်။ သက်ရင်းကြီး အမြစ်ကို သွေးသောက်လျှင် ၀မ်းထဲမှ လူပြုစားသော အလုံးများပင် ပျောက်နိုင်သည်ဟု အဘိုးကပြောသည်။ ရှေးက တောသူတောင်သားများသည် ၀မ်းဗိုက်ထဲတွင် အလုံးအကျိတ် စမ်းမိလျှင် လူပြုစားသည်ဟု ရိုးစွဲလေ့ရှိသည်။

အဆီကျစေသော သက်ရင်းကြီးပင်

ဝမ်းဗိုက်စူပြီး အသည်းအဆီဖုံး ရောဂါ ၀င်နေသူတစ်ဦးသည် သက်ရင်းကြီး ရွက်နုလေးများကိုခူးပြီး နေ့စဉ် အတို့အမြှုပ် ပြုလုပ်စားရာမှ သက်သာလာပြီး ၀မ်းဗိုက်မှ အဆီများလည်း လျော့သွားသည်ဟု ဆိုသည်။ ထိုသို့ သက်သာစေရန် နေ့စဉ်ရက်ဆက် တစ်လခွဲခန့် အချိန်ယူ စားခဲ့ရသည်ဟု ဆိုသည်။

မြန်မာ့ဆေးဝါးပင်များ စာအုပ်တွင် လေ့လာကြည့်သောအခါ သက်ရင်းကြီးပင်သည် အမြစ်၊ အခေါက်၊ အရွက်သုံးမျိုးလုံး အသုံးပြုနိုင်သည့် ဆေးဖက်ဝင် အပင်ဖြစ်ပြီး မြန်မာတစ်ပြည်လုံး နေရာဒေသမရွေး ပေါက်ရောက်သည့် အပင်မျိုးဖြစ်သည်ဟု တွေ့ရသည်။

ပင်စည်ဖြောင့်မတ်သည့် အပင်လတ်မျိုးဖြစ်သည်။ အမြင့်ပေ ၃၀ ထိမြင့်သည်။   ပင်စည်တွင်ရှိသော အပွေးအခေါက်များမှာ အညိုရောင်ရှိသည်။ အရွက်မှာ သရက်ရွက်ကဲ့သို့ အစိမ်းရောင်ဖြစ်သည်။ သက်ရင်းကြီး၏ ဆေးအစွမ်းမှာ အသည်းရောင်ခြင်း၊ အသည်းကြီးခြင်းသာမက အဆုတ်ရောင်ခြင်းကိုပါ သက်သာစေနိုင်သည်။ အဆစ်အမျက်ကိုက်ခဲခြင်း၊  ဖောရောင်ခြင်းတို့၌ သက်ရင်းကြီးအမြစ် သို့မဟုတ် အခေါက်ကို အတွင်းစားဆေးအဖြစ် စားသုံးခြင်း၊ အပြင်ဆေးအဖြစ် သွေးပြီးလိမ်းကျံခြင်း၊ အရွက်နှင့်အခေါက်ကို အခြောက်လှန်းပြီး အ၀တ်ဖြင့်ထုပ်၍ ရေနွေးငွေ့အပူပေးကာ ကြပ်ထုပ်ထိုးခြင်းများ ပြုလုပ်ပါက   ရောဂါကိုလျင်မြန်စွာ ပျောက်ကင်းစေနိုင်သည်။

အမြစ်၏ ဆေးဖက်ဝင်ပုံ

သက်ရင်းကြီးအမြစ်သည် သွေးလိမ်းနိုင်သကဲ့သို့ အမြစ်ခေါက်မှာ အဆီထုတ်ယူပြီး ဆေးဖက်ဝင် အသုံးပြုနိုင်သည်။ အညောင်းအကိုက် အားကြီးသော ဒူလာရောဂါနှင့် ၀မ်းချုပ် အထိုင်များသူတို့တွင် ဖြစ်တတ်သော  လိပ်ခေါင်းရောဂါတို့အတွက် အမြစ်ကိုသွေး၍သောက်နိုင်သည်။ ရေလဲအမျိုးမျိုး သုံးစွဲရာတွင် အမြစ်ကို သံပရာရည်နှင့် သွေးသောက်လျှင် ၀မ်းတွင်းရှိ အဆီ ပိတ်ဆို့မှုကြောင့်ဖြစ်သော ရောဂါများ ပျောက်ကင်းနိုင်သည်။ ထိုသို့သောက်လျှင် ၀မ်းဗိုက်တွင် အဆီစုနေသူများ၊ အလုံးအခဲအကျိတ် ရှိနေသူများမှာ သောက်ခါစ ရက်အနည်းငယ်တွင်  ဗိုက်နာလေ့ရှိသော်လည်း နောက်ပိုင်းတွင် အဆင်ပြေ သွားတတ်သည်။

သက်ရင်းကြီးအမြစ်ကို ထန်းဖိုဦးထန်းလျက်နှင့်စိမ်၍ နေလှန်းပြီး ဓာတ်ပြုသွားသောအခါ စိမ်ဆေးအဖြစ် နေ့စဉ်သုံးဆောင်ပါက အစာကြေပြီး ၀မ်းမှန်၊ လေမှန်စေသည်။ စာရေးသူကိုယ်တွေ့ တောင်ပေါ်ကျောင်း တောထွက် ဘုန်းကြီးတစ်ပါးမှာ သက်ရင်းကြီးစိမ်ဆေးသောက်ပြီး  ခြေထောက်များ  ညောင်းညာမှုမရှိ။ တောင်ပေါ်တောင်အောက် နေ့စဉ် ဆွမ်းခံကြွနိုင်သည်ဟု ပြောပြပါသည်။ သက်ရင်းကြီး စိမ်ဆေးသည် ရက်ကြာကြာ စိမ်ထားလျှင် အရက်ဖြစ်တတ်သည်။ သို့သော် ဆေးဖက်ဝင်သည်။ အရက်ဖြတ်လိုသူများသည် သက်ရင်းကြီးစိမ်ဆေးကို အရက်အစားသောက်ပြီး အနည်းငယ် သောက်၍ အာသာပြေကာ အရက်ပြတ်သွားနိုင်သည်ဟု ဆိုသည်။ အရက်ဖြတ်ဆေး အဖြစ်လည်း အသုံးပြုနိုင်သည်။ အခြားရောဂါများ၊ ဥတုဖျားများ၊ တုပ်ကွေးဖျားများ ၀င်ရောက်ခြင်းဘေးမှလည်း ကာကွယ်နိုင်သည်။

သက်ရင်းကြီးအမြစ်ကို နွေအကုန် မိုးအကူးအရွက်များ ကြွေချိန်တွင် အမြစ်တွင် အပင်အား စုနေသဖြင့် တူးယူရန် အကောင်းဆုံးအချိန်ဖြစ်သည်။ အမြစ်ကို ရေဖြင့်စင်အောင်ဆေး၊ မှိုနှင့်ပိုးကင်းစင်အောင် ဆားရည်ခဏစိမ် ရေနွေးဖြင့်ပေါင်းပြီးမှ နေပြန်လှန်းပြီး အခြောက်ခံခြင်းသည် အကောင်းဆုံးဖြစ်သည်။

အာယုဗေဒဆေးကျမ်းများမှ အဆို

သက်ရင်းကြီးပင်သည် ပူ၊ ခါး၍ အနည်းငယ်စပ်သော အရသာရှိသောကြောင့် အဖွင့်ဓာတ်ဖြစ်သည်။ လေနှင့်သလိပ်ကိုနိုင်သည်။ အဆီကို ကျစေသည်။ အတွင်းရှိ (ကိုယ်တွင်းရှိ) အလုံးအကျိတ်များကို ကြေစေနိုင်သည်။ သွေးစုခဲသောရောဂါ၊ ၀မ်းကိုက်ရောဂါ၊ ပြည်တည်သောရောဂါတို့ကို နိုင်သည်ဟု ဆေးကျမ်းများကဆိုသည်။ ပြည်တစိုစိုဖြစ်နေသော၊ မကျက်သော အနာဆွေးအနာဟောင်းများကို သက်ရင်းကြီးရွက်ကိုကြိတ်ပြီးအုံပေးလျှင် အနာကျက်မြန်ပြီး အသားနုတက်စေသည်။ (ဆီးချိုရောဂါရှိသူများနှင့် သင့်သည်။)

သက်ရင်းကြီးအခေါက်သည် ဖောရောင်ပြီးဖျားသော အဖျားရောဂါကို ပျောက်ကင်းစေ၍ အဖောကို ကျစေသည်။ (အခေါက်ကိုနေလှန်း အမှုန့်ကြိတ်ပြီး သုံးစွဲရန်ဖြစ်သည်။) သက်ရင်းကြီး အခေါက်သည် အဆိပ်ကို နိုင်သည်ဟုဆိုသည်။ အဆိပ်ရှိသော အကောင် ကိုက်မိသောနေရာတွင် သွေးလိမ်းလျှင် အဆိပ်ကိုပြေစေနိုင်သည်။         

သက်ရင်းကြီးအရွက်၊ အခေါက်များသည် ဂူလုံးရောဂါကို ပျောက်ကင်းစေနိုင်သည်ဟုဆိုသဖြင့် ၀မ်းဗိုက်စူသူများ၊ အသည်းအဆီဖုံးသူများ၊ လေသလိပ်ထူပြောပြီး ရောဂါဝင်သူများသည် သက်ရင်းကြီးရွက်နု ကလေးများကို သင့်ရုံမျှနေ့စဉ် စားသုံးခြင်းဖြင့် ၀မ်းမှန် လေသက်စေသည့်အပြင် ဖောသွပ်သွပ်ဖြစ်ခြင်း၊ ဗိုက်ပူခြင်း၊ အသွားအလာ အထိုင်အထနှေးခြင်း၊ အဆစ်အမျက်နာကျင်ကိုက်ခဲခြင်းများပါ ပျောက်ကင်းစေနိုင်သည်။

ဆေးဖက်ဝင် အသုံးပြုပုံများ

အမြစ်ကို အသုံးပြုပုံ

(၁) သက်ရင်းကြီးမြစ်ကို လေနာ၊ သလိပ်နာများအတွက် ဆေးအဖြစ် ဖော်စပ်အသုံးပြုသည်။ (၂)အမြစ်ကို ထန်းလျက်နှင့်စိမ်၍ စိမ်ဆေးအဖြစ် နေ့စဉ်သုံးဆောင်ပါက အစာကြေ၍ လေမှန်ဝမ်းမှန်စေသည်။  ယင်းစိမ်ဆေးဖြင့်လည်း အရက်ဖြတ်၍ရသည်။ အခြားရောဂါများ ၀င်ရောက်ခြင်းမှလည်း ကာကွယ်နိုင်သည်။

(၃) အဆုတ်ရောင်ခြင်း၊ ကြီးခြင်း၊ အသည်းရောင်ခြင်း၊ ကြီးခြင်း၊ အဆစ်ကိုက်ခဲခြင်း၊ ဖောရောင်ခြင်းတို့၌ သက်ရင်းကြီး အမြစ်အခေါက်ကို အတွင်းဆေး၊ အပြင်ဆေးအဖြစ် စားသုံးခြင်း၊ လိမ်းကျံခြင်း၊ ကြပ်ထုပ်ပြုလုပ်၍ ကြပ်ထုပ်ထိုးခြင်းများ ပြုလုပ်ပါက လျင်မြန်စွာ ပျောက်ကင်းစေသည်။

(၄) ဒူလာ၊ လိပ်ခေါင်းရောဂါတို့အတွက် အမြစ်ကို သံပရာရည်နှင့်သွေး၍ သောက်ရသည်။

အခေါက်ကို အသုံးပြုပုံ

(၁)သက်ရင်းကြီးခေါက်သည်   ဖောရောင်ပြီး ဖျားသောအဖျားရောဂါကို ပျောက်ကင်းစေ၍ အဖောကိုကျဆင်းစေသည်။

(၂) သက်ရင်းကြီးခေါက်သည် အဆိပ်ကိုနိုင်သဖြင့် မြွေကိုက်သောလူနာများကို သွေး၍ တိုက်ပေးရ၏ဟု အိန်္ဒိယ ဆေးကျမ်းများတွင် ဖော်ပြထားသည်။

အရွက်ကိုအသုံးပြုပုံ

(၁)အနာဆွေး၊ အနာဟောင်းများ  မကျက်နိုင်ဘဲ ပြည်တစိုစိုဖြစ်နေလျှင် သက်ရင်းကြီးရွက်ကို အညက် ကြိတ်၍ အုံပေးခြင်းဖြင့် အနာ အသားနုတက်ပြီး အမြန်ကျက်စေသည်။

(၂) အရွက်နုကို ပြုတ်တို့စားခြင်းဖြင့် ၀မ်းလေမှန်၍ ၀မ်းကိုက်နာ၊ ၀မ်းသွားနာတို့ကို ပျောက်ကင်းစေသည်။

(၃) ခါးနာလျှင် သက်ရင်းကြီးရွက်များကို ခါးတွင်ကပ်ပြီး အ၀တ်ဖြင့်ပတ်ထားလျှင် ခါးနာသက်သာစေနိုင်သည်။

(၄) သက်ရင်းကြီးရွက်များကို အိပ်ရာအောက်တွင် ဖြန့်ခင်းပြီးအိပ်လျှင် နှစ်ရှည်ခါးနာရောဂါကို သက်သာစေနိုင်သည်။

(၅) ဖနောင့်နာရောဂါဖြစ်လျှင် သက်ရင်းကြီးရွက်များကို ဆားအနည်းငယ်နှင့် ရောထောင်းပြီး ဖနောင့်တွင် အုံစည်းပေးလျှင် သက်သာစေနိုင်သည်။

 (၆) ၀မ်းဗိုက်တွင် အဆီစုပြီး အလုံးအခဲဖြစ်လျှင် သက်ရင်းကြီးရွက်နုကို  ထမင်းစားတိုင်း သုံးရွက်ခန့် အတို့အမြှုပ် ပြုလုပ်စားပေးလျှင် အဆီကျပြီး အလုံးအခဲများ ကြေစေနိုင်သည်။

(၇) သက်ရင်းကြီးရွက်နုကို ကြက်သွန်ဖြူ၊ ငရုတ်ကောင်းခတ်၍ ဟင်းချိုချက်သောက်လျှင် ကိုက်ခဲညောင်းညာသော ဝေဒနာများ သက်သာစေသည်။ မိခင်နို့ကိုလည်း ထွက်စေနိုင်သည်။

အပွင့်ကိုအသုံးပြုပုံ

(၁) အဆုတ်ရောင်ရောဂါနှင့်  ပန်းနာရင်ကျပ်ရောဂါ ရှိသူများသည် သက်ရင်းကြီးပင် အပွင့်ပွင့်ချိန်တွင် အပွင့်များကို ခူးယူထားပြီး ဆားရည်စိမ်ထားကာ ရက်ရှည်စားသုံးခြင်းဖြင့် နာတာရှည်အဆုတ်နှင့် ပတ်သက်သောရောဂါများ ပျောက်ကင်းစေနိုင်သည်။

(၂) သက်ရင်းကြီး အပွင့်ကိုပြုတ်၍ အတို့အမြှုပ်ပြုလုပ်စားလျှင် ၀မ်းကိုက်ရောဂါနှင့် ၀မ်းဗိုက်ရောင်သော ရောဂါများ သက်သာစေနိုင်သည်။

သက်ရင်းငါးမျိုး

သက်ရင်းကြီးပင်သည် သက်ရင်းငါးမျိုးတွင် တစ်မျိုး အပါအ၀င်ဖြစ်သည်။

(၁) သက်ရင်းသိမ်၊ (၂) သက်ရင်းဖြူ၊ (၃) သက်ရင်းကတိုး၊ (၄) သက်ရင်းပေပြတ်၊  (၅) သက်ရင်းကြီးဟူ၍လေ့လာတွေ့ရှိရသည်။

သက်ရင်းကြီးပင်သည် အပူပိုင်းဇုန်ဒေသတွင် ပေါက်ရောက်သော အပင်မျိုးဖြစ်ပြီး Euphobraceae မျိုးရင်းတွင် ပါဝင်သည်။ရုက္ခဗေဒ အမည်မှာ Croton oblongifolius Roxbဖြစ်သည်။  မြန်မာနိုင်ငံ အထက်နှင့်  အောက်၊   မြေညီနှင့်တောင်နိမ့်ပိုင်း သစ်တောများ၌ ပေါက်ရောက်သည်။ အပင်သည် ပေ ၃၀ မှ ၄၀ ခန့် အမြင့်ရှိ၍ ကြီးလျှင် ပင်စည်လုံးပတ် ၃ ပေ မှ ၄ ပေ ရှိနိုင်သည်။ တစ်ခါတစ်ရံ အပင်လုံးသေးသော သစ်ပင်ငယ်မျိုးအဖြစ်လည်း တွေ့ရသည်။

သစ်သားသည် အ၀ါရောင်ရှိ၍ အတော်အသင့် မာသည်။ အကြောသိပ်သည်းသည်။ လေသလပ်၍ ထားလျှင် သက်ရင်းကြီးသားသည် ကုဗတစ်ပေလျှင် ၄၄ ပေါင်လေးသည်။ မြန်မာနိုင်ငံ သစ်တောများ၌ ချိပ်ပိုးများ နေလေ့ရှိသော သစ်ပင်တို့တွင် သက်ရင်းကြီးပင်လည်း

ပါဝင်သည်။ အိန်္ဒိယ ဆေးကျမ်းများအလိုအရ  အခေါက်သည် နာတာရှည် အသည်းကြီးရောဂါ၊ တက်ဖျား၊ ကျဖျားရောဂါများအတွက်ကောင်းသည်။  နာတာရှည် အသည်းရောင်နာဖြစ်လျှင်  အခေါက်ကိုသွေး၍ အသည်းနေရာ တစ်ဝိုက်တွင် လိမ်းပေးရသည်။ အတွင်းကြေ ကြေသောဒဏ်ရာ အဆစ်အမျက်ရောင်ခြင်း၊ ရူမက်တစ်ရောဂါကြောင့် ရောင်ရမ်းခြင်း ဖြစ်လျှင်လည်း အခေါက်ကို သွေးလိမ်းပေး၍ရသည်။ မြွေကိုက်ခံရလျှင် သက်ရင်းကြီးခေါက်သည်  ဆေးစွမ်းကောင်း ဖြစ်နိုင်သည်ဟု ဆိုသည်။ (Ref; Wikipedia, မြန်မာစွယ်စုံကျမ်း အတွဲ-၁၃ မှ လေ့လာတွေ့ရှိချက်)

ကြည်လွင်မြင့် (မုဒြာ)

Read 82 times
Rate this item
(0 votes)
Last modified on Wednesday, 13 November 2019 11:02