SJ WorldNews - шаблон joomla Авто

လူငယ်နှင့်မူးယစ်ဆေးဝါး အန္တရာယ်

Friday, 15 November 2019 11:10 Written by  font size decrease font size decrease font size increase font size increase font size

ကမ္ဘာ့လူဦးရေ သန်း ၇၀၀၀ ကျော်တွင် လူငယ်ဦးရေ သန်း ၁၂၀၀ ခန့်ပါဝင်ပါသည်။    ကမ္ဘာပေါ်ရှိ   နိုင်ငံ အသီးသီးတို့ ဖွံ့ဖြိုးတိုးတက်စေရန်အတွက်   လူငယ်ကဏ္ဍ မြှင့်တင်ပေးရန် အထူးလိုအပ်လှပါသည်။ လူငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ စာရိတ္တခိုင်မာရေးနှင့် ဘ၀အောင်မြင်ရေးတို့သည်  လူငယ်တစ်ဦးစီအတွက်  အရေးပါသကဲ့သို့ နိုင်ငံအတွက်လည်း အရေးပါပါသည်။

လူငယ်တိုင်း မိမိဘ၀ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားနေခြင်းသည်  နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားနေခြင်းလည်း ဖြစ်ပါသည်။

လူငယ်များဘ၀ တိုးတက်မှုအတွက် အကြီးဆုံးသော အဟန့်အတား အနှောင့်အယှက်မှာ မူးယစ်ဆေးဝါးပင် ဖြစ်ပါသည်။ ဆေးလိပ်၊ ကွမ်း၊ အရက်မှစ၍ မူးယစ်စေတတ်သော အရာအမျိုးမျိုးတို့သည်  စွဲလမ်းစေတတ်ပြီး လူတို့ကို   ဆိုးကျိုးပေးတတ်သည့် အရာများသာဖြစ်ပါသည်။ ကမ္ဘာ့လူဦးရေမှ အရွယ်ရောက်သူ ၂၇ သန်းခန့်မှာ မူးယစ်ဆေးစွဲလျက် ရှိပြီး နှစ်စဉ် သုည ဒသမ ၂ သန်းခန့်မှာ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် သေဆုံးနေကြကြောင်း   ၂၀၁၂ ခုနှစ်   ကမ္ဘာ့မူးယစ်ဆေးဝါးဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

မြန်မာနိုင်ငံ၏  မူးယစ်ဆေးဝါး သမိုင်းကြောင်းကို ပြန်လည်ဆန်းစစ် လေ့လာကြည့်လျှင် ခရစ်နှစ် ၁၅၁၅ တောင်ငူခေတ်တွင်  ပေါ်တူဂီလူမျိုးများ သယ်ဆောင်လာ၍   မုတ္တမသို့  ဘိန်းများရောက်ရှိလာခြင်းသည် မြန်မာနိုင်ငံသို့ အစောဆုံး ဘိန်းဝင်ရောက်မှုဖြစ်ကြောင်း သိရှိခဲ့ရပါသည်။ ၁၅၈၀ ပြည့်နှစ်တွင် အီတလီနိုင်ငံ ဗင်းနစ်မြို့သား ဖရက်ဒရစ်သည် ပဲခူးတွင် ဘိန်းအရောင်းအ၀ယ် လုပ်ခဲ့ကြောင်းနှင့် အိန်္ဒိယလူမျိုးများ သယ်ဆောင်ခဲ့၍ ပုသိမ်သို့ ဘိန်းများ ရောက်ရှိခဲ့ကြောင်း လေ့လာတွေ့ရှိခဲ့ရပါသည်။

မြန်မာတို့သည် ရှေးဘုရင်များ လက်ထက်ကပင် အမျိုးဘာသာသာသနာကို ကာကွယ်စောင့်ရှောက်ခဲ့ကြသည့် အစဉ်အလာ ရှိသူများဖြစ်ရာ ဘိုးတော်ဘုရား (ဗဒုံမင်း)လက်ထက် ၁၇၈၂ ခုနှစ်ကပင် ဘိန်းဘင်း၊ ကစော်၊ လှော်စာယစ်မျိုး သုံးစွဲမှုများကို ပြင်းပြင်းထန်ထန်နှိပ်ကွပ်ခဲ့သည်။ ယစ်မျိုးတားမြစ်ချက် အမိန့်တော်တစ်ရပ်တွင် ““ငါအရှင်ဧကရာဇ်မင်းမြတ် ရွှေထီးရွှေနန်း တိုင်းခန်း နိုင်ငံတော်အားလုံးကို    တရားသဖြင့် အုပ်စိုးတော်မူသည့် နေပြည်တော်မှစ၍ နိုင်ငံတော်အတွင်း ရှမ်းပြည် အကြေအညာ အရပ်ရပ် မြို့ကျေးရွာများတွင် ထန်းရည်၊ အရက်၊ ဘိန်းဘင်း၊ ကစော်ယစ်မျိုးနှင့် စပ်သမျှကို မဖော်မချက်    မရောင်းမ၀ယ်စေနှင့်၊   သားထိုးကြက်တိုက် လောင်းကစားမှုများကိုလည်း      မပေါ်မရှိစေရ၊ နိုင်အောင်မြစ်””ဟု ထုတ်ပြန် တားမြစ်ခဲ့သည်။

၁၈၂၆ ခုနှစ် အင်္ဂလိပ်-မြန်မာပထမ စစ်ပွဲအပြီးတွင် ရခိုင်၊ တနင်္သာရီ ကမ်းရိုးတန်းများမှတစ်ဆင့် မြန်မာနိုင်ငံတွင်းသို့ ဘိန်းတင်ပို့ခဲ့သည်။ ၁၈၈၅ ခုနှစ် အင်္ဂလိပ်တို့မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် ဘိန်းစိုက်ပျိုး ထုတ်လုပ်ခြင်း၊ သုံးစွဲခြင်းအလေ့များ တွင်ကျယ်လာခဲ့ပါသည်။ 

ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် ဘိန်းစိုက်ပျိုးခြင်း၊ ဘိန်းခန်းဖွင့်ခြင်း၊ ဘိန်းရှူခြင်းတို့ကို တရားဝင်လိုင်စင်ဖြင့် ခွင့်ပြုခဲ့သည်။ ထို့ကြောင့် မူးယစ်ဆေးဝါး သုံးစွဲမှုသည် ကိုလိုနီနယ်ချဲ့တို့နှင့် အတူပါလာသည့် ဆိုးမွေတစ်ခုဖြစ်ခဲ့ပါသည်။

လွတ်လပ်ရေးရပြီးခါစ ၁၉၄၉-၁၉၅၀ ပြည့်နှစ်များအတွင်း တရုတ်ဖြူ ကူမင်တန်တပ်များ ရှမ်းပြည်အတွင်း ကျူးကျော်ဝင်ရောက်ခဲ့ပြီး ၎င်းတို့တပ်များ ရပ်တည်နိုင်ရေးအတွက် ဘိန်းစိုက်ပျိုး ထုတ်လုပ်ခြင်း၊  အိမ်နီးချင်း နိုင်ငံများနှင့် ရောင်းဝယ်ဖောက်ကားခြင်းများ ပြုလုပ်ခဲ့ပြီး မြန်မာတိုင်းရင်းသား လူမျိုးများ ပါဝင်ပတ်သက်လာခဲ့ကာ မူးယစ်ဆေးဝါး ပြဿနာများ ပိုမိုကြီးထွားလာခဲ့ပါသည်။

၁၉၅၀ ပြည့်လွန်နှစ်များတွင် မြန်မာ့တပ်မတော်သည် တရုတ်ဖြူ ကူမင်တန်တပ်များကို ဘုရင့်နောင်စစ်ဆင်ရေး၊ ဆင်ဖြူရှင်စစ်ဆင်ရေး၊ ရန်ကြီးအောင် စစ်ဆင်ရေး၊ မဲခေါင်စစ်ဆင်ရေးကြီးများဖြင့်    တိုက်ခိုက်ချေမှုန်း မောင်းထုတ်ခဲ့သည်။ တရုတ်ဖြူ အကြွင်းအကျန်များက ဦးဆောင်ပြီး ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုသာမက ဘိန်းစိမ်းမှဘိန်းဖြူ  ထုတ်လုပ်ရောင်းချမှုများအထိ   တိုးချဲ့လုပ်ကိုင်လာခဲ့ပါသည်။ ၁၉၉၆ ခုနှစ်တွင် အိမ်နီးချင်းနိုင်ငံများမှ ဓာတုပစ္စည်းများ တင်သွင်းပြီး စိတ်ကြွဆေးပြားများ  စတင်ထုတ်လုပ် ရောင်းချလာခဲ့သည်။  ထိုမှစ၍ မြန်မာလူငယ် အလွှာမျိုးစုံတွင် စိတ်ကြွဆေး ပြဿနာ ကြီးထွားလာခဲ့ပါသည်။ ယခုအခါတွင် စိတ်ကြွဆေး၏ ဈေးနှုန်းမှာ ယခင်ကထက်နည်းလာပြီး လူငယ်တို့နှင့် လက်တစ်ကမ်းအကွာတွင် အလွယ်တကူ ရရှိနိုင်သော အနေအထားသို့ ရောက်ရှိနေပြီဖြစ်သဖြင့်  အန္တရာယ် ပိုမိုကြီးမားလာနေပြီဖြစ်ပါသည်။

ကျောင်းသားအရွယ် လူငယ်များအတွက်   မူးယစ်ဆေးဝါး၏ အစသည် ဆေးလိပ်က ဖြစ်ပါသည်။ ဆေးလိပ်၊ကွမ်းယာ စသည်တို့၏ ဆိုးကျိုးသည် ချက်ချင်းမသိသာသောကြောင့်    လက်တည့်စမ်း ကြည့်တတ်ကြသည်။

လက်တည့်စမ်းရာမှ  စွဲလမ်းသွားတတ်ပါသည်။  ထိုမှအဆင့်တက်ကာ   အပေါင်းအသင်း မှားပြီး   အပေါင်းအသင်း၏ ဖိအားကို မလွန်ဆန်နိုင်သောကြောင့် စိတ်ကြွဆေးကို  သုံးစွဲမိကြသူများလည်း ရှိကြသည်။  မူးယစ်ဆေးဝါး သုံးစွဲသူများမှာ ကျန်းမာရေး ဆုတ်ယုတ်လာပါမည်။  ပုံမှန်ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှု မရှိနိုင်တော့ဘဲ မူးယစ်ဆေး၏ ဆိုးကျိုးကြောင့် ဦးနှောက်နှင့်အာရုံကြောများ     တဖြည်းဖြည်း ထိခိုက်လာပြီး    အသိတရား၊ဆင်ခြင်တုံတရား ကင်းမဲ့လာကာ မလုပ်သင့် မလုပ်ထိုက်သော လုပ်ရပ်များလုပ်မိ၍   စာရိတ္တချို့ယွင်းသူ၊   ပြစ်မှုကျူးလွန်သူများလည်း ဖြစ်သွားနိုင်ပါသည်။ ဆေးစွဲသူတစ်ဦး အနေဖြင့် ဆေးသုံးစွဲရရန်သာ အဓိကထားနေတတ်ပြီး ပညာရေးကို လုံးဝပစ်ပယ် တတ်ကြပါသည်။

ပညာရေးကို အလေးပေးရမည့် အသက်အရွယ်တွင် မူးယစ်ဆေးဝါးကိုသာ အဓိကထားနေ၍ ဘ၀တက်လမ်းများ ရပ်တန့်သွားရသည်။ မူးယစ်ဆေးနွံထဲမှ ရုန်းမထွက်နိုင်ဘဲ အသက်ဆုံးရှုံးရသည်အထိ ကြုံတွေ့ရသော လူငယ်များအတွက် မိဘဆွေမျိုးများက ၀မ်းနည်းကြေကွဲကြရပြီး နိုင်ငံတော်အတွက်လည်း ဆုံးရှုံးနစ်နာရပါသည်။

ကွမ်းယာ၊ ဆေးလိပ်မှစ၍ မူးယစ်ဆေးဝါး စွဲလမ်းသူများ အားလုံးကို လူမှုအသိုင်းအ၀ိုင်းက ပစ်ပယ်လိုကြသည်။  ကွမ်းသွေးကြောင့်   ပတ်ဝန်းကျင် အလှပျက်သည်။    ကွမ်းစားသူ ကိုယ်တိုင်လည်း   ရောဂါရသည်။

ကွမ်းသွေးများ အ၀တ်အစားတွင် စွန်းထင်းခြင်း၊ သွားတွင် ကွမ်းချိုးစွဲခြင်းတို့ဖြစ်ပြီး  တစ်ကိုယ်ရေသန့်ရှင်းရေးလည်း အားနည်းပါသည်။ ဆေးလိပ်နံ့ မခံနိုင်သူများကြား ဆင်ခြင်မဲ့ ဆေးလိပ်သောက်သုံးပါက အများငြိုငြင်ခြင်းခံရ၍ ကိုယ်တိုင်လည်း ရောဂါရတတ်ပါသည်။ ဆေးလိပ်ငွေ့ရှူရှိုက်မိသူလည်း ရောဂါရနိုင်ပါသည်။ ကောင်းကျိုးပေးသည့် အရာများမဟုတ်၍   လုံးဝရှောင်ကြဉ်သင့်ပါသည်။

ဆေးစွဲသူများသည် ဆေးအလျဉ်မီအောင် သုံးစွဲရန် မလုပ်သင့်သည်များ လုပ်လေ့ရှိပြီး    အကျင့်စာရိတ္တ ချို့ယွင်းသူဟု အများက သတ်မှတ်ကြပါသည်။ တန်းတူပေါင်းသင်း ဆက်ဆံလိုခြင်း မရှိကြပါ။  လူများ၏ခွဲခြား ဆက်ဆံခြင်းကို ခံကြရပါသည်။ ဆေးငတ်လျှင်  မည်မျှ အောက်တန်းကျသည့် အလုပ်ဖြစ်ပါစေ လုပ်မိကြသည်၊

လုပ်ချင်ကြသည်ကို သတိထားမိပြီး အောက်ကျနောက်ကျ ဆေးသမားဘ၀မှ    စိတ်ဓာတ်ခိုင်မာစွာ ရုန်းထွက်၍ ဆေးဖြတ်လိုက်သူများလည်း ရှိကြပါသည်။

နိုင်ငံတော် အစိုးရအနေနှင့် မူးယစ်ဆေးဝါး ကုသရေး လုပ်ငန်းများကို မူးယစ်ဆေးရုံ အခြေပြု ကုသရေးဌာန၊ မူးယစ်ဆေးစွဲ ကုသရေးဌာန၊ အခြေပြုကုသရေး ဌာနနှင့်  ပြည်သူလူထု အခြေပြု  မူးယစ်ဆေးစွဲ ကုသရေးစနစ် စသည်ဖြင့် သုံးမျိုးစီမံ ဆောင်ရွက်လျက်ရှိပါသည်။

မူးယစ်ဆေးဖြတ်ထားပြီးသူများကို ခွဲခြားဆက်ဆံမှု မခံရစေရန်၊ ဘ၀ပြန်လည် ထူထောင်ရေးအတွက် အသက်မွေးဝမ်းကျောင်း ပညာများ သင်ကြားပေးရန်၊ သင့်လျော်သောနေရာများတွင်  အလုပ်ခန့်ထားပေးရန်နှင့် မိသားစုများက နားလည်မှုပေး၍ နွေးထွေးစွာ ဆက်ဆံရန်တို့လည်း လိုအပ်လှပါသည်။ ခွဲခြားဆက်ဆံခြင်းနှင့် ဘ၀ရပ်တည်ရန် ခက်ခဲခြင်းတို့ကြောင့် မူးယစ်ဆေးဝါး ပြန်လည်သုံးစွဲသူများလည်း ရှိနိုင်ပါသည်။

ဖြတ်လမ်းနည်းနှင့် စီးပွားဖြစ်ချင်ကြ၍ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချကြသူများကလည်း     မိမိကြောင့် လူသားတို့၏ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး  စသည်ဖြင့်  ကဏ္ဍအသီးသီး ပျက်စီးနိုင်သည်ကို အသိ၊ သတိရှိကြပြီးထိန်းချုပ်မှသာ ရောင်းဝယ်ထုတ်လုပ်မှုများ ပပျောက်နိုင်သည်။ အတ္တအကျိုးစီးပွားကို ရှေ့တန်းတင်၍  နိုင်ငံကိုပျက်စီး ဆုတ်ယုတ်အောင် မပြုသင့်ပါကြောင်း၊   နိုင်ငံတော်အပေါ်   သစ်္စာရှိသင့်ပါကြောင်း အသိပေးချင်ပါသည်။

မူးယစ်ဆေးဝါးပြဿနာသည် မြန်မာနိုင်ငံတစ်ခုတည်းသာမက ကမ္ဘာတစ်ဝန်းလုံး ရင်ဆိုင်နေကြရသော ပြဿနာဖြစ်ပါသည်။ ရှေးယခင်  ၁၈၃၉ မှ  ၁၈၄၂ အတွင်းဖြစ်ပွားခဲ့သည့် ပထမဘိန်းစစ်ဟု ထင်ရှားခဲ့သည့် အင်္ဂလိပ်-တရုတ် ပထမစစ်ပွဲတွင် တရုတ်တို့ အင်္ဂလိပ်ကိုစစ်ရှုံးပြီး   ဟောင်ကောင်ဒေသကို   အင်္ဂလိပ်တို့ထံ ပေးအပ်ခဲ့ရပါသည်။ ယဉ်ကျေးမှုမြင့်မားရုံမက အင်အားလည်း များပြားလှသော တရုတ်တို့သည်  ဘိန်းကြောင့် အင်အားချည့်နဲ့ပြီး စစ်ရှုံးခဲ့ရခြင်းဖြစ်ကြောင်း သင်ခန်းစာ ယူခဲ့ရပါသည်။  သို့ပါ၍  မူးယစ်ဆေးဝါး အန္တရာယ်ကို ယနေ့မှစကာ  အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်သတ်မှတ်ပြီး ကာကွယ်ကြရမည်ဖြစ်သည်။

မူးယစ်ဆေးဝါးအန်္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းများကို နိုင်ငံတော်အစိုးရနှင့် ပြည်သူများ လက်တွဲပူးပေါင်း ဆောင်ရွက်ခဲ့ကြပါသည်။ မြန်မာ့တပ်မတော်ကလည်း ၁၉၇၅ ခုနှစ်တွင် ပန်ပိစစ်ဆင်ရေး၊ ၁၉၇၆ ခုနှစ်တွင် မိုးဟိန်းစစ်ဆင်ရေးများကို အဆင့်(၁)မှ (၁၂)အထိလည်းကောင်း၊ ၁၉၇၆ ခုနှစ်တွင် ချင်းပြည်နယ်၌ ဇင်နူးစစ်ဆင်ရေးနှင့် တောင်ရန်ရှင်း စစ်ဆင်ရေး အမည်များဖြင့်   မူးယစ်ဆေးဝါး အန္တရာယ်တားဆီး ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သည်။ ဘိန်းချက်လုပ်ငန်း လုပ်ကိုင်သည့် သောင်းကျန်းသူများနှင့် ထိတွေ့မှုဖြစ်ပွားပြီး အသက်သွေးပေါင်းများစွာ စတေးခဲ့ရသည့် သမိုင်းမှတ်တမ်းများလည်း ရှိခဲ့ပါသည်။

မူးယစ်ဆေးဝါး အန္တရာယ်ကို ထိရောက်စွာ တားဆီးကာကွယ်ရန် ““မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့””ကို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်  နယ်စပ်ရေးရာ ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးများက ဒုတိယဥက္ကဋ္ဌများအဖြစ် တာဝန်ယူဆောင်ရွက်ကြပြီး မူးယစ်ဆေးဝါး ပပျောက်ရေးကို ဘက်ပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

အနာဂတ်နိုင်ငံတော်အတွက် အင်အားသစ်များ ဖြစ်လာကြမည့် လူငယ်လူရွယ်များ၏ ဘ၀တိုးတက်ရေးတွင်    အနှောင့်အယှက် အတားအဆီးဖြစ်စေသည့် မူးယစ်ဆေးဝါးကို လူငယ်များ ကိုယ်တိုင်က သတိထား၍ ရှောင်ရှားစေချင်ပါသည်။ ထုတ်လုပ်သူ၊ သယ်ဆောင်သူ၊ ရောင်းချသူများကိုလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် လက်တွဲဖော်ထုတ် ဖမ်းဆီးခြင်းအားဖြင့် မူးယစ်ဆေးဝါး ကင်းစင်သည့် လူ့ပတ်ဝန်းကျင်ကို    ဖော်ဆောင်သင့်ပါသည်။

မူးယစ်ဆေးဝါးရှောင်ရှားခြင်းဖြင့်   သာယာလှပသော အနာဂတ်ကို ဖန်တီးနိုင်ပါစေကြောင်း လူငယ်အားလုံးအတွက် မေတ္တာပို့သ ဆုတောင်းအပ်ပါသည်။  

သက်သက်နွယ်

Read 140 times
Rate this item
(0 votes)
Last modified on Friday, 15 November 2019 11:11