SJ WorldNews - шаблон joomla Авто

ဝသောသူများနှင့် ခြေဖနောင့်ကွဲခြင်း

Monday, 18 November 2019 10:55 Written by  font size decrease font size decrease font size increase font size increase font size

လူ့ဘ၀သက်တမ်းကို တိုစေသောရောဂါ များစွာရှိသည့်ထဲမှ ယနေ့ခေတ်တွင် အ၀လွန်ခြင်းမှာ ပြဿနာ တစ်ရပ်အဖြစ် ပါဝင်နေသည်ကို   တွေ့နေရသည်။ အ၀လွန်ခြင်းသည် ကျန်းမာရေး အန္တရာယ်တစ်ရပ် ဖြစ်သည်ဆိုသည်ကို နယူးယောက်မှ ပညာရှင်များက  သိရှိပြောကြားထားသည်ကို    တွေ့ရသည်။ အ၀လွန်ခြင်းသည် အသက်အရွယ်မရွေး၊ အမျိုးသား၊ အမျိုးသမီး မရွေးဖြစ်နိုင်ပြီး ယင်းဝဖြိုးမှုကို ကုသရန်မှာ အချိန်လည်းကြာ၊ လူလည်းပင်ပန်းသဖြင့် ယင်းရောဂါသည်   ကုသခြင်းထက် ကာကွယ်ခြင်းက   ပိုမိုအကျိုး သက်ရောက်နိုင်သည်။ ထို့အတူ ၀သောသူ အများစုတွင် ခြေဖနောင့်ကွဲခြင်း ဆိုသော နောက်ဆက်တွဲ ဝေဒနာကို ခံစားကြရသည်။

ခြေဖနောင့်ကွဲခြင်းသည် လူအတော်များများတွင် ဖြစ်ပွားလေ့ ရှိသကဲ့သို့  တစ်နှစ်ပတ်လုံးတွင်လည်း ဖြစ်ပွားနိုင်သည်။ သို့သော် ဆောင်းရာသီတွင်  ပိုမိုဖြစ်ပွားနိုင်သည်။ အကြောင်းမှာ ဆောင်းရာသီတွင် အရေပြားသည်    ပိုမိုခြောက်သွေ့သောကြောင့် ဖြစ်သည်။

ဦးစွာ ခြေဖနောင့်၏ တည်ဆောက်ပုံကို တင်ပြပေးလိုသည်။ ဖြေဖနောင့်၏ အောက်ရှိ အရေပြားနှင့် ဘေးပတ်လည်ရှိ အရေပြားတို့မှာ  တည်ဆောက်ပုံ မတူညီကြပေ။ ယင်းသို့ မတူညီသော အရေပြားနှစ်ခု စုံသောနေရာတွင် ခြောက်သွေ့မှု များလာသည့်အခါ ခြေဖနောင့်သည်  ကွဲထွက်လာခြင်းဖြစ်သည်။   အထူးသဖြင့် ခြေဖနောင့်တွင် အသားမာရှိသူ၊  ခန္ဓာကိုယ် ၀ိတ်များသူများတွင် ပိုမိုကွဲထွက်နိုင်သည်။

ခြေဖနောင့်ကွဲခြင်းသည် မှားယွင်းစွာ ပြုမူနေထိုင်မိသော အကြောင်းရင်းများကြောင့် ဖြစ်ပွားနိုင်သကဲ့သို့ အခြားရောဂါအခံ တစ်ခုခုကြောင့်လည်း ခြေဖနောင့်ကွဲနိုင်သည်။ အများစုမှာ မှားယွင်းသောအပြုအမူ၊ အနေ အထိုင်များကြောင့်သာ ခြေဖနောင့်ကွဲနိုင်သည်ဟု ထင်မှတ်ထားကြသည်။

ခြေဖနောင့်ကွဲခြင်းဖြစ်စေသော အကြောင်းရင်း

များမှာ ဖိနပ်မပါဘဲ လမ်းလျှောက်ခြင်း၊ လုပ်ငန်းခွင်တွင် ဖိနပ်မစီးဘဲ အလုပ်လုပ်ရခြင်း၊ ချောင်လွန်းသောဖိနပ်များ၊ ကျပ်လွန်းသောဖိနပ်များ အစီးများခြင်း၊ ခြေဖနောင့်နောက်မှ ဖွင့်ထားသော ရှူးဖိနပ်များ စီးခြင်း၊ အမာခံ ကြမ်းပြင်ပေါ်တွင် ကြာကြာရပ်ပြီး အလုပ်လုပ်ရခြင်း၊ အားကစားသမားများနှင့် ကွင်းထိုးဖိနပ် အစီးများသူတို့ ဖြစ်သည်။

ခြေဖနောင့်ကွဲခြင်းကိုဖြစ်စေသော ရောဂါများကိုလည်း တင်ပြပေးလိုသည်။ ဦးစွာ ဆီးချိုရောဂါသည်များတွင်လည်း ခြေဖနောင့်ကွဲခြင်း ဖြစ်စေနိုင်သည်။ အကြောင်းမှာ ဆီးချိုဝေဒနာသည်များတွင် ခြေထောက်ကို သွားသော အာရုံကြောလေးများ  ထိခိုက်ပျက်စီး

ရာမှ ခြေထောက်သည် ခြောက်သွေ့ပြီး  ခြေဖနောင့် ကွဲစေနိုင်ခြင်းဖြစ်သည်။  ခြေဖနောင့်တစ်ဝိုက်တွင် အရေပြားရောဂါ တစ်မျိုးမျိုး စွဲကပ်နေသည့်အခါတွင်လည်း ဖနောင့်ကွဲခြင်း ဖြစ်စေနိုင်သည်ကို တွေ့ရသည်။ခန္ဓာကိုယ်ထဲတွင် သိုင်းရွိုက်ဟော်မုန်း ချို့တဲ့သူများတွင်လည်း ခြေဖနောင့်ကွဲခြင်းကို ဖြစ်စေနိုင်သည်။

မြန်မာ့ တိုင်းရင်းဆေးပညာအရ ခြေဖနောင့်ကွဲခြင်းသည် ခြေဖနောင့်နေရာတွင် တေဇောဓာတ် လွန်ကဲပြီး  အာပေါဓာတ် ခန်းခြောက်ကာ  ကက္ခဠ ပထ၀ီဖြစ်ပေါ်လာခြင်းကြောင့် ဖြစ်သည်။ အနောက်တိုင်းဆေးပညာ၏ တွေ့ရှိချက် အရ ခြေဖနောင့်ကွဲသူ အများစုတွင် ခန္ဓာကိုယ်ရှိ သွပ်ဓာတ်၊  အဆီဓာတ်တစ်မျိုး ဖြစ်သည့် အိုမီဂါသရီးဖက်တီး အက်စစ်ချို့တဲ့ခြင်းကြောင့် ဖြစ်သည်ကို တွေ့ရသည်။

တိုင်းရင်းဆေးနည်းပညာအရ ဆေးကျွေးကုသမည် ဆိုပါလျှင် ခန္ဓာကိုယ်ရှိ အပူအပုပ်များ ကင်းဝေးစေရန် တိုင်းရင်းဆေးခန်းသုံး ဆေးနံပါတ် (၁၂) စက္ခုပါလ ၄ ပဲသားကို ရေအေးနှင့် ညအိပ်ရာဝင်တွင် တိုက်ကျွေးရမည်။ လိမ်းဆေးအနေဖြင့် တိုင်းရင်းဆေးခန်းသုံး ဆေးနံပါတ် (၆)ဟလိဒ္ဒစုဏ္ဏဆေး၊  ဆေးခန်းသုံး ဆေးနံပါတ် (၂၁) ဆီးဆေးဖြူနှင့် ၂း၁  အတိုင်း ရောစပ်ကာ အုန်းဆီနှင့်ဖျော်ကာ လိမ်းပေးနိုင်သည်။

ထို့အတူ ခြေဖနောင့်ကွဲသည့် နေရာတွင် ဖယောင်းဖြူ ချက်ဆေးကိုလည်း လိမ်းပေးနိုင်သည်။ ရောဂါအခံကြောင့်ဖြစ်သော  ခြေဖနောင့်ကွဲခြင်းများတွင်မူ မူလရောဂါကို သက်သာပျောက်ကင်းစေရန် ဦးစွာကုသရမည်ဖြစ်သည်။

ခြေဖနောင့်ကွဲခြင်းကို သက်သာစေဖို့  အရေးကြီးဆုံး အရာတစ်ခုမှာ ခြေထောက်ကို သန့်ရှင်းအောင် ထားရမည်ဖြစ်သည်။ အထူးအားဖြင့်  ညအိပ်ရာဝင်ခါနီးအချိန်တွင် ရေနွေးနွေးလေးနှင့် ဆေးကြောသင့်သည်။

ခြေထောက်ကို သန့်စင်ပြီးလျှင် ခြေဖနောင့်နေရာတွင် အသားလှဆီ သို့မဟုတ်  အုန်းဆီ လိမ်းထားသင့်သည်။ ခြေဖနောင့်ကွဲခြင်းအတွက် အသုံးပြုနိုင်သော ဆေးဖက်ဝင် ပစ္စည်းများကိုလည်း  တင်ပြပေးလိုသည်။ ရှားစောင်းလက်ပပ်၊ သံပရာသီး၊ ပျားရည်၊ မုန့်ဖုတ်ဆိုဒါ၊ အုန်းဆီ၊ အသားလှဆီတို့ဖြစ်သည်။

ခြေဖနောင့်ကို ရေနွေးနှင့် သန့်စင်ပြီးသောအချိန်တွင် ရှားစောင်းလက်ပပ် အနှစ်သားနှင့် ပွတ်တိုက်ပေးမည်ဆိုလျှင် ခြေဖနောင့်အက်ကွဲခြင်း သက်သာနိုင်သည်။ ပျားရည်နှင့်လည်း  ထိုနည်းတူ ပွတ်ပေးနိုင်သည်။ ခြေဖနောင့်ကွဲသူများ အနေဖြင့် ဖိနပ်စီးခြင်း အလေ့ကိုလည်း သတိမူသင့်သည်။ ဖိနပ်စီးသည့်အခါ ချောင်လွန်းသည့်၊ ကျပ်လွန်းသည့် ဖိနပ်ကိုစီးခြင်းမျိုးရှောင်ရှားသင့်သည်။ရှူးဖိနပ်စီးလေ့ ရှိသူများသည်လည်း ခြေအိတ်ရေစိုကြီးနှင့် ၀တ်ဆင်သည့်အလေ့ကို ရှောင်သင့်သည်။

ခြေဖနောင့်ကွဲသူများသည်  ရေဓာတ်ပြည့်ဝစေရန်၊ အရေပြားခြောက်သွေ့ခြင်းမှ  ကင်းဝေးစေရန် အတွက် ရေများများ သောက်ပေးသင့်သည်။ အထူးသဖြင့် ရေဆိုသည်ထက် သွပ်ဓာတ်နှင့်     အိုမီဂါ-၃ ဖက်တီးအက်စစ်ပါသော အစားအစာများကို  စားသုံးပေးသင့်သည်။ သွပ်ဓာတ်ပါသော  အစားအစာများမှာ   ဥပမာပြရမည်ဆိုလျှင်  ဆန်လုံးညိုနှင့် ဒိန်ချဉ်တို့ဖြစ်သည်။ အိုမီဂါ-၃ ဖက်တီးအက်စစ် ပါသော အစားအစာများမှာ ငါးအဆီ၊ ငါးမြင်းဗိုက်သားတို့ ဖြစ်သည်။

ခြေဖနောင့်ကွဲသူ အများစုသည်  ခြေဖနောင့်ကွဲသည့် နေရာကို ဓားများဖြင့်ခြစ်ခြင်း၊ ကတ်ကြေးများနှင့်ကိုက်ခြင်းများ ပြုလုပ်လေ့ရှိသည်။ ယင်းသို့သော အပြုအမူများကို ရှောင်ရှားသင့်သည်။ အကြောင်းမှာ မေးခိုင်ပိုး ၀င်တတ်စေသောကြောင့် ဖြစ်သည်။  ခြေဖနောင့်ကို အားပြုပြီးပြုလုပ်ရသော  လေ့ကျင့်ခန်းမျိုးကိုလည်း ရှောင်ရှားရမည်။ ခြေဗလာဖြင့် လမ်းလျှောက်ခြင်းကိုလည်း  အထူးရှောင်ကြဉ်သင့်သည်။ ဤသို့ဖြင့် ၀သောသူများတွင် အဖြစ်များသော ခြေဖနောင့်ကွဲခြင်း ဝေဒနာအတွက် ဆောင်ရန် ရှောင်ရန်များကို   တင်ပြလိုက်ရပါသည်။    

မုဒိတာ(တောင်သာ)

Read 67 times
Rate this item
(0 votes)
Last modified on Monday, 18 November 2019 10:56