SJ WorldNews - шаблон joomla Авто

ဆေးစွမ်းထက်တဲ့ “ချင်း”

Tuesday, 19 November 2019 10:22 Written by  font size decrease font size decrease font size increase font size increase font size

ကျွန်မတို့မြန်မာလူမျိုးတွေ ဧည့်သည်လာလည်ရင် ဧည့်ခံလေ့ရှိတာက ရေနွေးကြမ်းနဲ့ လက်ဖက်သုပ် သို့မဟုတ် ချင်းသုပ်ပါ။ အလှူတွေ၊ မင်္ဂလာဆောင်တွေမှာလည်း သူတို့မပါရင် မပြီးပါ။ ချင်းသုပ်လေးနဲ့ ထမင်းစားရင် အလွန်ထမင်းဝင်ပါသည်။ မြန်မာ့ပါးစပ်ကတော့ တကယ့်ကိုခံတွင်းတွေ့ပါသည်။ အမေတို့ပြောတာကတော့ ဆောင်းအခါဆိုရင် ချင်းသုပ်လေးစားပေးရတယ်တဲ့။ အပြင်ကရာသီဥတုအေးလို့ ခန္ဓာကိုယ်ထဲမှာ အနွေးဓာတ်ရအောင် ချင်းသုပ်စားခိုင်းတာလားလို့ ကျွန်မတို့ငယ်ငယ်တုန်းက တွေးမိသည်။

နေမကောင်းတဲ့အခါဆိုရင် ချင်းပြုတ်ရည်တိုက်တာလည်း ရှိသည်။ ချင်းသုပ်ကတော့ စားကောင်းလို့ တော်သေးတယ်။ ချင်းပြုတ်ရည်ကတော့ ပူပူစပ်စပ်ကြီး သောက်လို့မကောင်းပါ။ အမေတို့တွေဒီလိုလုပ်တာ မှန်သလား၊ မှားသလား မပြောတတ်ပါ။

တစ်ခါတုန်းက ဘုရားဖူးသွားတော့ အဝေးပြေး ကားမောင်းသူတစ်ဦး ချင်းတက်များကို အဆက်မပြတ် ၀ါးစားနေတာကြုံဖူးပါတယ်။ သူ့အပြောကတော့ ကားမူးတာလည်း အဆင်ပြေတယ်။ တစ်ချိန်လုံးဝါးနေတော့  မအိပ်ချင်ဘူး။  ကွမ်းယာဝါးသလိုမျိုးလည်း မဖြစ်ဘူးလို့ ပြောသည်။  အခုစာတွေ လိုက်ရှာကြည့်တော့မှ  သိရပါသည်။  ချင်းဟာ  အစာအိမ်ထဲက အက်စစ်စားချဥ့်ပြန်တာကို   သက်သာစေသည်။

ဒါကြောင့် ကားမူးတာ အဆင်ပြေနေတာကိုးလို့ တွေးမိသည်။နောက်ထပ် ချင်းရဲ့အာနိသင်တစ်ခုကတော့ ကျွန်မတို့ရဲ့ဆဲလ်တွေ၊ ကလာပ်စည်းတွေ ရောင်ရမ်းတာကို လျော့စေပါသည်တဲ့။ အထူးသဖြင့် အဆစ်တွေရောင်တာ သက်သာစေပါတယ်။ အဲတော့အနာလည်း သက်သာတာပေါ့။ ချင်းတက်ထဲမှာပါတဲ့ ဂျင်နရော ဆိုတဲ့ဓာတ်က အဓိကကောင်းတာပါ။ တချို့သော သုတေသန တွေ့ရှိချက်အရဆိုရင် ချင်းတက်ဟာ အကိုက်အခဲပျောက်ဆေး အိုင်ဗျူပရိုဖန်လောက်တောင် အနာသက်သာစေပါတယ်။ ဒါတင်မကသေးဘူး။ ချင်းကို ရောင်နေတဲ့ အဆစ်ပေါ်မှာ ကပ်ပေးတာလည်း  အနာသက်သာတယ်လို့ တွေ့ရပါတယ်တဲ့။၂၀၁၅ ခုနှစ်မှာတွေ့ခဲ့တာပါ။

နောက်တစ်ခုကတော့ ပျိုမေတိုင်းကြိုက်မယ့် အချက်ဖြစ်တဲ့ ချင်းဟာ ကျွန်မတို့ရဲ့အရေပြားကို ကျန်းမာသန့်ရှင်းပြီး လှပစေပါတယ်တဲ့။ ကျွန်မတို့စားလိုက်တဲ့ ချင်းဟာ အစာတွေ ချေဖျက်ရာမှာ  အကူအညီပေးတယ်။ အဲတော့ အစားအစာမှာပါတဲ့  အာဟာရတွေ ဗီတာမင်တွေကို  ကျွန်မတို့ရဲ့အူက  ပိုပြီးစုပ်နိုင်တာပေါ့။ အဲဒါတွေက သွေးထဲရောက်သွား နောက်ပြီး အရေပြားထဲရောက်သွားတော့ အရေပြားအလှပိုတိုးတာပေါ့။ ဒါ့အပြင် ချင်းဟာ ကျွန်မတို့စားလိုက်တဲ့ အစာတွေမှာပါတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်လို့ ဆိုပါတယ်။ အဲတော့ အရေပြားရောဂါတွေကို သက်သာစေတယ်လို့ ပြောပါတယ်။

နောက်ထပ် ထူးခြားချက်ကတော့ အရေပြား ပွန်းပဲ့ရှနာတွေပေါ်မှာ ချင်းပုံပေးရင် ပိုးသတ်ပေးတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ချင်းကိုနေ့စဉ် စားသုံးမယ်ဆိုရင် အူလမ်းကြောင်းတစ်လျှောက် အူရောင်တာကို ကာကွယ်နိုင်ပါတယ်။ အူမကြီး ကင်ဆာဖြစ်ပွားနိုင်ခြေ နည်းစေပါတယ်လို့ဆိုပါတယ်။ အင်မတန်ထူးခြားတဲ့ အရည်အချင်းတစ်ခုပါပဲ။ ဒါတင်မကသေးပါဘူး။ ချင်းဟာ အစာချေဖျက်တဲ့ အဖွဲ့အစည်းကို ကူညီပေးပါတယ်။ အဲတော့ အစာကြေမယ်။ ရင်ချောင်မယ်။ ဗိုက်မကယ်ဘူးပေါ့။

တချို့နိုင်ငံတွေမှာ ကိုယ်ဝန်ဆောင်မိခင်တွေ အော့အန်တာကို ချင်းစားခိုင်းတယ်လို့ သိရပါတယ်။ ချင်းဟာ ကျွန်မတို့အူတွေရဲ့လှုပ်ရှားမှုကို   သွက်လက်စေပါတယ်။ အဲတော့ လေလည်တာလည်း အဆင်ပြေသွားတာပေါ့။ ကျွန်မတို့စားထားတဲ့ အစားအစာတွေမှာပါတဲ့ အာဟာရဓာတ်တွေ ဗီတာမင်တွေပိုရတာပေါ့။

နောက်တစ်ခုက ခေါင်းကိုက်ဝေဒနာ ခံစားနေရသူများအတွက် ၀မ်းမြောက်ဖွယ်ဖြစ်ပါတယ်။ ချင်းမှာပါတဲ့ဓာတ်သတိ္တတွေ အမျိုးပေါင်း ၂၀၀ လောက်ဟာ ကျွန်မတို့ရဲ့ဆဲလ်တွေ၊ ကလာပ်စည်းတွေ ရောင်ရမ်းတာလျော့ပါးစေတယ်။ ပျို့အန်တာကိုလည်း ပျောက်စေတယ်။ ယားယံတဲ့ဓာတ်ကိုလည်း သက်သာစေပါတယ်။  ဒါကြောင့်   မိုက်ကရိမ်း ဝေဒနာရှင်များအတွက်  ချင်းဟာ သဘာဝ ဆေးစွမ်းတစ်လက်လို့ ဆိုချင်ပါတယ်။

ဒါ့အပြင် ကိုယ်အလေးချိန် လျော့စေတဲ့ဆေးထဲမှာ ချင်းဟာ အစွမ်းထက်တယ်လို့ပြောပါတယ်။ ချင်းကို နေ့စဉ် အစားအစာထဲမှာ ထည့်ပြီးစားမယ်ဆိုရင် ကိုယ်ရေ စစ်သွားမယ်လို့ ဆိုပါတယ်။ သူဟာ အစာခြေ လွယ်ကူစေတယ်။  စားတဲ့အစာမှာပါတဲ့  ကစီဓာတ်ကို ချေဖျက်တာ  အသုံးချတာ  မြန်ဆန်စေတယ်။ အင်ဆူလင်ဆိုတဲ့ ဟော်မုန်းကိုလည်း အားပေးတော့ ကျွန်မတို့မှာရှိတဲ့ ကစီဓာတ်၊ အဆီဓာတ်တွေ အသုံးများပြီး အ၀မလွန်တော့ဘူးပေါ့။ ဒါတင်မကသေးပါဘူး။ ချင်းဟာ ဗိုက်ဆာတဲ့စိတ်ကို လျော့ပါးစေတယ်။

အဲတော့ ခဏခဏစားတာ လျော့သွားတာပေါ့။  အခုပြောတဲ့ အချက်ကြောင့်ပဲပေါ့။ ဆီးချိုရောဂါရှင်တွေမှာ သကြားဓာတ်လျော့တာပေါ့။ သုတေသီတို့ရဲ့ စမ်းသပ်ချက်အရဆိုရင် ချင်းပေါင်ဒါ နှစ်ဂရမ်သည် သကြားဓာတ်ကို ၁၂ ရာခိုင်နှုန်း ချပေးနိုင်တယ်လို့ ဆိုပါတယ်။ သူတို့ရဲ့တွေ့ရှိချက်ကို ပြောပြတာပါ။

ချင်းဟာပူတဲ့သဘောရှိတော့ ဗိုက်ထဲမှာပူတဲ့ ခံစားချက် ဖြစ်နိုင်မှာမို့လို့ သတိပြုသင့်ပါတယ်။ ချင်းဟာ ဆီးချိုရောဂါရှင်တွေတင်မက ကျန်းမာသော သူတွေမှာပါ ခန္ဓာကိုယ်သကြားဓာတ်ကို လျှော့ချပေးပါတယ်တဲ့။

သကြားဓာတ်နည်းရင် နှလုံးသွေးကြောကျဉ်း ရောဂါ၊ လေဖြတ်ရောဂါတွေလည်း ပြေးကုန်ရောပေါ့။

နောက်ဆုံးတစ်ခုကတော့ အကောင်းဆုံး အာနိသင်လို့ ကျွန်မထင်ပါတယ်။ ချင်းကို နေ့စဉ်စားသုံးခြင်းဖြင့် ရောဂါပိုးတွေကျွန်မတို့ကို ဒုက္ခမပေးနိုင်ဘူးလို့ ဆိုပါတယ်။ ကျွန်မတို့ရဲ့ကိုယ်ခံအား ကောင်းလာစေတာပါ။

ဗက်တီးရီးယားတွေ ကျွန်မတို့ခန္ဓာကိုယ်ထဲ ၀င်လာရင်တောင် ထပ်ပြီးမပွားနိုင်အောင် ချင်းက ဟန့်တားပေးတယ်။ ချင်းဂျီးရောဆိုတဲ့ ချင်းမှာပါတဲ့ဓာတ်ရဲ့အစွမ်းသတိ္တပါ။ အထူးသဖြင့် သွားဖုံးရောင်တဲ့ ရောဂါတွေမှာ သိသာတာတွေ့ရပါတယ်။

ဗက်တီးရီးယားတင် မကသေးပါဘူး။ ဗိုင်းရပ်ရောဂါပိုးကလည်း ကာကွယ်ပေးပါတယ်။ အထူးသဖြင့် အသက်ရှူလမ်းကြောင်းကို အဓိကဒုက္ခပေးတဲ့ ဗိုင်းရပ်တွေကို ချင်းကနိုင်တာပါ။ ဒီဗိုင်းရပ်တွေကြွတာကလည်း အေးတဲ့အချိန်ဖြစ်တဲ့ မိုးရာသီနဲ့ ဆောင်းရာသီလေ။ ဒါကြောင့် အမေတို့က အဲဒီအချိန်ဆိုရင် ချင်းသုပ်ကျွေးတယ်။ ချင်းပြုတ်ရည် တိုက်တယ်။ ရှေးလူကြီးတွေ ဒါတွေ ဘယ်လိုများ သိတာပါလိမ့်လို့ တွေးမိပါတယ်။ ချောင်းဆိုးတော်တော်နဲ့ မပျောက်တဲ့သူဆိုရင် လူကြီးတွေ သောက်ခိုင်းလေ့ရှိတာ  ချင်းပြုတ်ရည် ဒါမှမဟုတ်   ဖန်ခွက်ထဲမှာ ချင်းကိုထုပြီး   ရေနွေးလောင်း၊ အဖုံးအုပ်ပြီးရင် သောက်လေ သက်သာသွားတာပဲ။

ကျွန်မတို့တွေနေ့စဉ် ဈေးထဲမှာ အမြဲတွေ့နေတာလည်း ချင်းတက်တွေပဲလေ။ လတ်လတ်ဆတ်ဆတ်နဲ့ အင်္ဂလိပ်ဆေးတွေလို ဈေးလည်း မကြီးဘူးလေ။ ရှမ်းပြည်ဘက်မှာဆိုရင်  ပိုပြီးတော့တောင်  ပေါများသေးတယ်။ အနောက်နိုင်ငံက လူတွေဆိုရင်   ဒီလိုအခွင့်အရေးမျိုး မရနိုင်ဘူးလို့လည်း တွေးမိပါတယ်။ ကျွန်မတို့တွေ ဆေးစွမ်းထက်တဲ့ ချင်းကို လွယ်လွယ်ကူကူ သုံးစွဲလို့ရတဲ့ အခွင့်အရေးရှိတာလည်း ကုသိုလ်ကံထူးပါတယ်။

ဘယ်လိုပဲပြောပြော အလွယ်တကူလည်း ရတယ်။ ဈေးလည်းမကြီးတဲ့ချင်းကို  အိမ်ရှင်မတွေ အမြဲတမ်း ဟင်းလျာထဲမှာ ထည့်မယ်။ ချင်းသုပ်ကလေးလည်း ရာသီဥတုအေးတဲ့အခါ စားမယ်။ တစ်ခါတလေလည်း ချင်းတက်ကလေးကို ၀ါးစားမယ်ဆိုရင် ခေါင်းကိုက် ရောဂါလည်းဝေး၊ အစာလည်းကြေ၊ လေလည်းမှန်၊ အရေပြားလည်းကျန်းမာ၊ ချောင်းဆိုးလည်းကင်းဝေး၊ဆီးချိုလည်းအိုကေ၊ ကိုယ်လုံးလည်းလှ ဆိုတော့ လူတိုင်းအတွက် ချင်းတက်လို့ ပြောရတော့မှာပေါ့။      

ပါမောက္ခဒေါက်တာ ခင်ဖြူပြာ

Read 52 times
Rate this item
(0 votes)
Last modified on Tuesday, 19 November 2019 10:23

Latest from ကေတု