SJ WorldNews - шаблон joomla Авто

လုံးတီးဆန် ခေါ် ဆန်လုံးညိုနှင့် ကျန်းမာရေး

Wednesday, 20 November 2019 10:29 Written by  font size decrease font size decrease font size increase font size increase font size

လုံးတီးဆန် ခေါ် ဆန်လုံးညိုနှင့် ကျန်းမာရေး

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံဖြစ်သည်။ တောင်ပေါ်၊ မြေပြန့်နေထိုင်သူအားလုံး သည် ဆန်နှင့် ဆန်ထွက် အစားအစာများကို အဓိက စားသုံးကြသည်။   ထွက်ရှိသည့်စပါးကို   နိုင်ငံအနှံ့  နေရာအတော်များများ၌ စိုက်ပျိုးကြ သည်။ စပါးထွက် ရှိသည့်ဒေသ၏ ရေခံ၊ မြေခံ၊ သဘာဝမြေသြဇာရရှိမှု များပေါ်မူတည်၍ စပါး၏ အရည် အသွေးက ကွဲပြား သွားသည်။ လူတို့၏ကြိုက်နှစ်သက်မှုများကလည်း ကွဲပြားသွားကြသည်။ သို့သော်လည်း မြန်မာနိုင်ငံ၏ အဓိက စားကုန်သည် စပါးမှထွက်ရှိသည့် ဆန်နှင့် ဆန်အခြေခံ အစားအစာများသာ ဖြစ်ကြသည်။

ရှေးယခင်က စပါးမှဆန်ဖြစ်အောင် မောင်းဆုံနှင့် ထည့်ထောင်းကြရသည်။ စပါးကို အခွံကျွတ်ရုံ ထောင်း၍ နီညိုရောင် လုံးတီး ဆန်များကို အများဆုံးစားသုံး ကြသည်။ လုံးတီးဆန် ခေါ် နီညိုရောင်ဆန်လုံးညိုသည် ကျန်းမာရေးအတွက် အာဟာရဓာတ် ပြည့်ဝစွာပါဝင်သည်။ လုံးတီးဆန်၏ အပြင်ဘက်အလွှာတွင် အမျှင်ဓာတ်များ၊ ဗီတာမင်နှင့် သက်စောင့် ဓာတ်များ၊ ဓာတ် တိုးဆန့်ကျင်ပစ်္စည်းများ၊ မဂနီဆီယမ်၊ ဆီလီနီယမ် စသည့်ဓာတ်များ ပါဝင်သည်။ ရှေးလူကြီး အတော်များများသည် လုံးတီးဆန် စားသုံးခြင်းကို ကြိုက်နှစ်သက် ကြသည်။ ထို့ကြောင့်  လုံးတီးဆန်စားသည့် အလေ့ အထသည် မြန်မာ့ လူ့အဖွဲ့အစည်းအတွင်း၌ နှစ်ပေါင်းများစွာ ခိုင်မြဲအမြစ် တွယ်ခဲ့သည်။ စားသုံးခဲ့ကြသည်။

ခေတ်စနစ်များပြောင်းလဲလာသည့် နောက်ပိုင်းတွင် စိုက်ပျိုးရေး လုပ်ငန်းများလည်း ခေတ်မီလာကြသည်။ တစ်နှစ်မှ တစ်ခါသာ စိုက်ပျိုးရိတ်သိမ်းနိုင်သည့်စပါးကို တစ်နှစ်အတွင်း နှစ်ခါ၊ သုံးခါခန့် စိုက်ပျိုးရိတ်သိမ်း လာနိုင်ခဲ့သည်။  သီးထပ်၊  သီးညှပ် နည်းပညာများ ပေါ်ပေါက်လာခဲ့သည်။ စိုက်ပျိုးရေး နည်းပညာများ ဆန်းသစ်လာသည်နှင့်အမျှ စပါးမှ ဆန်ဖြစ်အောင် ပြုလုပ်သည့်နည်းပညာများလည်း တိုးတက်ပြောင်းလဲ လာခဲ့သည်။ စပါးကြိတ်ခွဲသည့်စက်များ ပေါ်ပေါက် လာခဲ့သည်။ ဆန်ဆိုလျှင် ဖြူဖွေးနေမှ ကြိုက်လာကြသည်။ ထမင်းဆိုလျှင်လည်း ကော့စင်းနေမှစားသုံး လာကြသည်။ ထို့ကြောင့် လုံးတီးဆန် စားသည့် အလေ့အထသည် မြန်မာ့လူ့အဖွဲ့အစည်း အတွင်းမှာ  မရှိ သလောက် ပျောက်ကွယ် ရှားပါးသွား တော့သည်။

လုံးတီးဆန်စားသုံးမှုကို သိမ်ငယ်စရာ၊ ရှက်စရာကဲ့သို့ပင်မြင်လာကြတော့သည်။  စပါးကို  စက်နှင့် ဖြူအောင် ကြိတ်ပြီး စက်ကြိတ် ဆန်ဖြူဖြူဖွေးဖွေးများကို ဂုဏ်ယူ စားသုံးသည့်ခေတ်သို့ရောက်လာကြသည်။

စက်ကြိတ်ဆန်များကို တွင်တွင်ကျယ်ကျယ်စားသုံး လာသည့်နောက်ပိုင်းတွင် ထမင်းကို နေ့စဉ်အဓိက စားသုံးသည့် နိုင်ငံများတွင် ဗီတာမင်ဘီဝမ်း ချို့တဲ့မှုကြောင့် ဘယ်ရီဘယ်ရီဆိုသည့် ထုံနာရောဂါအမျိုးမျိုးအား အကြီးအကျယ်ခံ စားလာရသည်။ Dry Beriberi ဆိုသည့် ထုံနာခြောက် အမျိုးအစားရောဂါကို ခံစားရသည့် လူနာများတွင် လမ်းမလျှောက် နိုင်၊ အလုပ်မလုပ်နိုင်တို့ ဖြစ်လာကြသည်။ Wet Beriberi ဆိုသည့် ထုံနာအစို အမျိုးအစား ရောဂါကို ခံစားရသူများတွင် နှလုံးအားနည်း၍ ဖောရောင်လာကာ နှလုံးပုံမှန် အလုပ်မလုပ်တော့ သည့်အတွက် အသက် သေဆုံးကြရသည်။ ထို့ပြင် Infantile Beriberi ဆိုသည့် သူငယ်နာ ဘယ်ရီဘယ်ရီ ရောဂါခံစားရသူ လသားအရွယ် ကလေးငယ် များသည်လည်း နှလုံးအား နည်းရာမှတစ်ဆင့် အသက်သေဆုံးကြရသည်။ အဆိုပါအဖြစ်များသည်  ဆန်ကိုဖြူဖွေး အောင် အခွံချွတ်စား သုံးခြင်း များ၏ နောက်ဆက်တွဲ အကျိုးရလဒ်များဖြစ်ကြသည်။

လုံးတီးဆန် ခေါ် ဆန်လုံးညိုသည် အမျှင်ဓာတ်နှင့် ဗီတာမင်ဓာတ် အများအပြား ပါဝင်သောကြောင့် ကျန်းမာရေးအတွက်   အကျိုး ကျေးဇူး များစွာ ရရှိစေသည်။

ဆန်ဖြူများနှင့် မတူသည့်အချက်မှာ လုံးတီးဆန်တွင် အပြင်ဘက်ဆုံးအလွှာရှိနေသောကြောင့် အာဟာရ တန်ဖိုးအများ အပြား ကပ်ငြိနေခြင်းဖြစ်သည်။ ဆန်ကို ဖြူအောင်ကြိတ်ခွဲလိုက်ခြင်းကြောင့် အဆိုပါအာဟာရ ဓာတ်များနှင့် အမျှင် ဓာတ်များ အားလုံး ဆုံးရှုံးသွားရသည်။ လုံးတီးဆန်နှင့်ဂျုံကြမ်းတို့တွင် ပါဝင်သော အမျှင်ဓာတ်များသည် အဆာ ခံသည်။ များများ စားသော်လည်း ကိုယ်အလေးချိန် မတက်ပါ။

ဖြူအောင်၊ နုအောင် ကြိတ်ခွဲထားသောဆန်နှင့် ဂျုံတို့တွင် ကစီဓာတ်မှတစ်ပါး သတ္တုဓာတ်၊ ဗီတာမင်ဘီ အုပ်စုနှင့် အမျှင် ဓာတ်များ မရှိတော့ပါ။ အမျှင်ဓာတ်သည် ၀မ်းချုပ်ခြင်းကိုကာကွယ်နိုင်သည်။ ၀မ်းလျှော ခြင်းကို ပြယ်စေနိုင်သည်။ ထို့ပြင် အမျှင်ဓာတ်သည် အူလမ်းကြောင်းကင်ဆာဖြစ်ခြင်းကိုလည်း ကာကွယ်နိုင်သည်။ အမျှင်ဓာတ်သည် အစာအိမ် အတွင်း ပိုမို အချိန်ကြာရှည်စွာ နေနိုင်သဖြင့် အဆာခံသည်။ ကယ်လိုရီအပူဓာတ်ဖြစ်မှုနည်းသဖြင့် ခနာကိုယ် အလေးချိန် ကို ထိန်း ထားနိုင်သည်။   ဆီးချိုရောဂါကိုလည်း  ထိန်းထားနိုင်သည်။   ကိုလက်စထရောနှင့် အဆီတို့ကို ခနာကိုယ်မှ စုပ်ယူ ခြင်း ကိုလည်း ကာကွယ်ပေးသည်။

အမျှင်ဓာတ်တွင် ရေတွင်ပျော်ဝင်သော ဓာတ်နှင့် မပျော်ဝင်သောဓာတ်ဟူ၍နှစ်မျိုးရှိသည်။ရေတွင် ပျော်ဝင်သော အမျှင် ဓာတ် သည် သွေးတွင်းအချိုဓာတ်နှင့်  ကိုလက်စထရောကို  လျော့နည်းစေနိုင်သည်။

ယင်းကို လုံးတီးဆန်၊ ဂျုံကြမ်း၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်နှင့်  သစ်သီးမျိုးစုံတို့မှ ရရှိသည်။  ရေတွင်မပျော်ဝင်နိုင် သော အမျှင်ဓာတ် သည် ၀မ်းကိုပျော့စေနိုင်ပြီး ၀မ်းချုပ်ခြင်းမှ ကာကွယ်ပေးနိုင်သည်။ ယင်းကို လုံးတီးဆန်၊ ဂျုံကြမ်းနှင့် ဟင်းသီး ဟင်းရွက်တို့မှ ရရှိနိုင်သည်။

ဆေးကုသမှုဆိုင်ရာတွေ့ ရှိချက်များအရ အူလမ်းကြောင်း ကင်ဆာရောဂါဖြစ်ပွားသူများသည် အသားစားကြူးပြီး ဆန်ချောနှင့် ဂျုံနုတို့ဖြင့် ပြုလုပ်သော မုန့်မျိုးစုံကို ကြိုက်နှစ်သက်သူများသာဖြစ်ကြသည်ဟုသိရသည်။ အကြောင်းမှာ အသား၊ ဆန်ချောနှင့် ဂျုံနုတို့သည် အမျှင်ဓာတ်လုံးဝမပါဝင်သောကြောင့်ဖြစ်သည်။

အမျှင်ဓာတ်သည်    အူကိုလှုပ်ရှားစေသည့်အတွက် အစာများ အူမှဖြတ်သွားသောအချိန်ကို တိုစေသည်။ အစာမှပါလာ သော အမိုနီယမ်နိုက် ထရိတ်ကဲ့သို့ ကင်ဆာဖြစ်စေနိုင်သော ပစည်းများကို    အူမကြီးမှ ပြင်ပသို့ စွန့်ထုတ်ရန်ကူညီ ပေးသည်။   အမျှင်ဓာတ်သည် အမိုနီယမ်ဒြပ်ပေါင်း၊ ကိုလက်စထရောနှင့် အဆီ စသည့် ခနာကိုယ်အတွက် အနရာယ် ဖြစ် စေနိုင်သောအရာများကိုစုပ်ယူပြီး ခနာ ကိုယ်ပြင်ပသို့စွန့်ထုတ်ပေးသည်။

ထို့ပြင် လုံးတီးဆန်တွင်အထူးပါဝင်သည့် အကျိုးပြု ဓာတ်တစ်မျိုးမှာ မဂနိစ်ဓာတ်ဖြစ်သည်။ လုံးတီးဆန် တစ်ခွက်စာ ပမာဏတွင် တစ်နေ့တာ အတွက်လိုအပ်သော   မဂနိစ်ဓာတ်  ၈၈  ရာခိုင်နှုန်းပါဝင်သည်။

ထို့အတွက်ကြောင့် နာ့ဗ်ကြောစနစ်ကျန်းမာခြင်း၊ လိင်ဟော်မုန်းအထွက် တိုးခြင်းနှင့် ဓာတ်တိုးဆန့်ကျင်နိုင် သည့်အစွမ်း များစွာ ရရှိနိုင်သည်။ ထို့ပြင် လုံးတီးဆန် မှာပါဝင်သည့်အမျှင်ဓာတ်သည် သည်းခြေရည်စီးဆင်းမှု မတိုးအောင် ကာကွယ် ပေးသောကြောင့် သည်းခြေကျောက်မတည်အောင်လည်း ကာကွယ်ပေးနိုင်သည်။

လုံးတီးဆန်စားသုံးခြင်းဖြင့် ကလေးဘ၀တွင် အဖြစ်များသည့် ပန်းနာရင်ကျပ်ရောဂါကို ၅၀ရာခိုင်နှုန်းလျော့ကျစေကြောင်း သိရသည်။ ထို့ပြင် ဆီလီနီယမ် ဓာတ်သည် သိုင်းရွိုက်ဟော်မုန်းရဲ့လုပ်ငန်းဆောင်တာ၊ ကိုယ်ခံစွမ်းအားစနစ်နှင့်     အင်တီ အောက်ဆီဒင့် စသည်တို့ကို တိုးပွားစေသည်။ ခနာကိုယ်အတွင်း၌ ဆီလီနီယမ်ဓာတ် ရှိနေခြင်းသည်   ကင်ဆာ ရောဂါကို ကင်းဝေးစေပြီး  နှလုံးရောဂါနှင့် အဆစ်ရောင်ရောဂါတို့ကို ဖြစ်နိုင်ခြေလျော့ ကျစေနိုင်သည်။

ထို့ပြင် လေ့လာတွေ့ရှိမှုများအရ လုံးတီးဆန်တွင် မဂနီဆီယမ်ဓာတ် များစွာပါရှိနေသောကြောင့် အမျိုးအစား(၂) ဆီးချို ရောဂါဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ကြောင်းနှင့် ခနာကိုယ်၏ ဂလူးကို့စ် အသုံးပြုမှုနှင့် အင်ဆူလင် ထုတ်လုပ်မှု အား ကောင်း စေကြောင်း  သိရသည်။  မဂနီဆီယမ် ဓာတ်သည်  အရိုးသန်မာရေးအတွက် အရေးပါသော သတ္တုဓာတ်တစ် မျိုး ဖြစ်သည်။

တစ်နေ့ထမင်းသုံးနပ် စားကြရာတွင် လုံးတီးဆန် ထမင်းကို ၅၀ ရာခိုင်နှုန်း သို့မဟုတ် ၆၀ ရာခိုင်နှုန်းအထိစားနိုင်လျှင်  ကျန်းမာရေးအတွက် များစွာကောင်းမွန်သည်။ ဆီးချိုရောဂါသည်များသည် များသောအားဖြင့် ဗီတာမင်ဘီ-၆နှင့် သတ္တု ဓာတ်များချို့တဲ့ တတ်သည်။

လုံးတီးဆန်တွင် ပေါကြွယ်ဝသော ဗီတာ မင်ဘီအုပ်စုနှင့် မဂနီဆီယမ် သတ္တု ဓာတ်များ ပါဝင်သည့်အတွက်  လုံးတီးဆန် အဓိကဖြစ်သော ကောက်ပဲ သီးနှံများစားသုံး ပါက ဆီးချို ရောဂါပျောက်ကင်းအောင် ကာကွယ်နိုင်သည်။

လုံးတီးဆန်၏အာဟာရဓာတ်သည် ဆန်ဖြူဆန်ချော ထက် များစွာသာသည်။ လုံးတီးဆန်တွင် ကယ်စီယမ်  ၁ ဒသမ ၇ ဆ၊ သံဓာတ် ၂ ဒသမ ၇၅ ဆ၊ ဘီဝမ်း  ၁၂ ဆ၊ ဗီတာမင်အီး ၁၀ ဆ၊ အမျှင်ဓာတ် ၁၄ ဆတို့ပါဝင်သည်။ သို့သော်လည်း လုံးတီးဆန်၏ အားနည်း ချက်မှာ ဆန်ကုန်သည်များ အတွက် ရောင်းပန်းမလှခြင်းဖြစ်သည်။ ဆန်ဖြူများကဲ့သို့ ကြာကြာ အထားမခံပါ။

အနံ့အောက်တာမြန်သည်။  ပိုးထိုးတာလွယ်သည်။  ထို့ပြင် စားသုံးရတာ ထမင်းကြမ်းသည်။ ကလေး၊  လူကြီး ကြိုက်နှစ် သက်မှု နည်းကြသည်။ သို့သော်လည်း  လုံးတီးဆန်ကို သာမန် ဆန်ချောများထက် ရေပိုထည့်၍ အချိန်ပိုကြာစွာ ချက်ပြုတ် လိုက်လျှင် မွှေးကြိုင်၍ နူးညံ့ ပျော့ပျောင်းသော ထမင်းဖြစ်လာသည်။

ထို့ကြောင့် အာဟာရဓာတ်ပစည်းများစွာ ပါဝင်ပြီး ရောဂါဘယများစွာကို ကာကွယ်နိုင်သည့်အပြင် ငွေကုန် ကြေးကျ သက်သာသော လုံးတီးဆန်ကို မကြာခဏ မျှတစွာ စားသုံးပေးခြင်းအားဖြင့် ကျန်းမာကြံ့ခိုင်သော လူသားအရင်း အမြစ်များနှင့် ပျော်ရွှင်စရာ ကောင်းသော လူမှုဝန်းကျင်ကို ဖန်တီးတည်ဆောက်နိုင်ကြ ပါစေကြောင်း ဆနပြုရေးသား တင်ပြလိုက်ရပါ သည်။  

ဆောင်းပါးရှင်-ဖေနှင်းငွေ

Read 43 times
Rate this item
(0 votes)
Last modified on Wednesday, 20 November 2019 10:30

Latest from စကားဝါ