SJ WorldNews - шаблон joomla Авто

ခွေးလေခွေးလွင့်နှင့် ခွေးရူးပြန်ရောဂါ

Tuesday, 26 November 2019 10:29 Written by  font size decrease font size decrease font size increase font size increase font size

မြို့ပြကျေးရွာ လမ်းမများထက်တွင် ခွေးလေခွေးလွင့်များကို ကျွန်မတို့ အမြဲတစေတွေ့မြင်နေကြရသည်။  ခွေးလေခွေးလွင့်များကို  နှိမ်နင်းရေး လုပ်သည့် လုပ်ငန်းစဉ်များကိုလည်း မကြာခဏမြင်တွေ့နေရသည်။ ယင်းသို့ နှိမ်နင်းသည့်ကြားမှ ခွေးလေခွေးလွင့်များနှင့် နောက်ဆက်တွဲ ခွေးရူးပြန်ဝေဒနာများ ခံစားနေရပြန်သည်။

ခွေးရူးပြန်ရောဂါဆိုသည်မှာ  Rabies ဟုခေါ်သော ဗိုင်းရပ်ပိုးတစ်မျိုးကြောင့်ဖြစ်သော ရောဂါဖြစ်သည်။  ယင်းပိုးသည်  ကူးစက်ခံရလျှင် ဦးနှောက်နှင့် အာရုံကြောမကြီးထဲကို ရောက်ရှိလာပြီး ရောဂါလက္ခဏာများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ခွေးရူးပြန်ရောဂါသည် သွေးနွေးတိရစ္ဆာန်များမှ လူနှင့် လူအချင်းချင်း ကူးစက်တတ်သော ရောဂါတစ်မျိုးလည်းဖြစ်သည်။

အရှေ့တောင်အာရှနိုင်ငံများတွင် ရောဂါဖြစ်ခြင်း၏ ၉၆ရာခိုင်နှုန်းသည် ခွေးကိုက်ခံရခြင်းကြောင့်ဖြစ်သည်။အခြားတိရစ္ဆာန်များဖြစ်သည့် ကြောင်၊မြွေပါ၊ မြေခွေး၊ ခွေးအ၊ ၀ံပုလွေနှင့် ကြွက်၊ မြင်းနှင့်မြည်းများမှလည်း ကူးစက်နိုင်သည်။

(က)ကူးစက်တတ်သည့် နည်းလမ်းများ

ရောဂါပိုး သယ်ဆောင်ထားသော သွေးနွေးတိရစ္ဆာန်များ အကိုက်ခံရခြင်း၊ ကုတ်ခြစ်ခံရခြင်း၊ ဒဏ်ရာများပေါ်သို့ ရောဂါပိုး သယ်ဆောင်လာသည့် သွေးနွေးတိရစ္ဆာန်များ၏ လျှာများဖြင့်လျက်မိခြင်း၊ ရောဂါပိုးရှိသော လင်းနို့များမှ တစ်ဆင့် ကူးစက်တတ်ခြင်း၊ ရောဂါဖြစ်သူ၏ မျက်ကြည်လွှာ အစားထိုးမိခြင်း၊ ရောဂါပိုးရှိသော ဓာတ်ခွဲခန်းပစ္စည်းများကို ကိုင်တွယ်မိခြင်း၊ ရောဂါဖြစ်သူကို အနီးကပ် စောင့်ရှောက်သူများဖြစ်သည်။ အကယ်၍ ကူးစက်ခံရပြီဆိုလျှင်လည်း ရာခိုင်နှုန်းပြည့် သေဆုံးနိုင်သော ကြောက်စရာ ကောင်းသည့်ရောဂါတစ်ခုဖြစ်သည်။

(ခ)ခွေးရူးတို့၏လက္ခဏာများ

ခွေးရူးတွင် နှစ်မျိုးရှိသည်။ ကြမ်းတမ်းသော ခွေးရူးနှင့် အကြောခွေးရူး တို့ဖြစ်သည်။ ကြမ်းတမ်းသောခွေးရူးတွင် ခွေး၏ အနေအထိုင်ပြောင်းလာခြင်း၊ အကြောင်းမဲ့ပြေးလွှားနေခြင်း၊ တစ်နေကုန်ဟောင်နေတတ်ခြင်း၊ တစ်ခုခုကို ဒေါသတကြီး ကိုက်ခဲနေတတ်ခြင်း၊  အစာမစားတော့ခြင်း၊ ရန်လိုနေခြင်း၊ ပြောစကား နားမထောင်ခြင်း၊ ခွေးကောင်းများမှ ယင်းခွေးကို လိုက်ဟောင်ခံနေရခြင်း၊ ပါးစပ်တွင် အမြှုပ်တစီစီနှင့် သွားရည်တများများ ဖြစ်နေတတ်ခြင်းတို့ဖြစ်သည်။

အကြောခွေးရူးတို့၏လက္ခဏာများမှာ ကြွက်သားများ လေဖြတ်ခြင်းကြောင့် ယိုင်တိယိုင်တိုင် သွားနေခြင်း၊ အောက်မေးရိုးပိတ်မရဘဲ သွားရည်တွဲလောင်းကျပြီး ပါးစပ်အဟောင်းသားနှင့် သွားတတ်ခြင်း၊ တိတ်ဆိတ်သော နေရာများတွင် ငြိမ်ငြိမ်လေး အိပ်နေတတ်ခြင်းတို့ဖြစ်သည်။

(ဂ)ခွေးရူးပြန်ရောဂါ၏ လက္ခဏာများ

ခွေးရူးပြန်ရောဂါ ပုံစံနှစ်မျိုးရှိသည်။ ပြင်းထန်သော ခွေးရူးပြန်ရောဂါ ပုံစံနှင့် အာရုံကြောသေသော ပုံစံတို့ဖြစ်သည်။ ပြင်းထန်သော ခွေးရူးပြန် ပုံစံဆိုသည်မှာ အလွန်လှုပ်ရှား ရုန်းကန်နေခြင်း၊ ရေမြင်လျှင်ကြောက်ခြင်းနှင့် အတူ  ရက်အနည်းငယ်အတွင်း သေဆုံးနိုင်သည်။   အာရုံကြောများ သေသောပုံစံမှာ ၃၀ ရာခိုင်နှုန်းခန့်ဖြစ်သည်။ ကြွက်သားများ မလှုပ်ရှားနိုင်ဘဲ   လေဖြတ်သကဲ့သို့ဖြစ်မည်။   လေဖြတ်သကဲ့သို့ဖြစ်ခြင်းသည် ကိုက်ခံရသော ဒဏ်ရာရသောနေရာမှ စတင်သည်။ ထိုပုံစံသည် အခြားရောဂါများနှင့် မှားယွင်းတတ်သည်ကိုလည်း သတိပြုရမည်။

ခွေးကိုက်ပြီး   တစ်ပတ်မှ တစ်နှစ်ကျော်အတွင်း   ခွေးရူးပြန်ရောဂါ ဖြစ်နိုင်သည်။ အများစုတွင်   တစ်လမှ သုံးလအတွင်းဖြစ်နိုင်သည်။

ခွေးကိုက်သော ဒဏ်ရာသည် မျက်နှာ၊ လည်ပင်းတို့ဆိုလျှင် ရောဂါပေါ်ချိန်မှာ မြန်ဆန်လေ့ရှိသည်။ ရောဂါ၏ အစပိုင်းတွင် တုပ်ကွေးမိသကဲ့သို့ ဖြစ်ပြီး ဖျားမည်။ ဒဏ်ရာမှ ယားယံခြင်းကိုလည်း ခံစားရမည်။ ခွေးကိုက်ခံရပြီး ၁၀ ရက်ခန့်အကြာတွင် စိတ်လှုပ်ရှားခြင်း၊ ရန်လိုခြင်း၊ စိတ်တိုခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်းများလည်း ခံစားလာရနိုင်သည်။ အလင်းရောင်၊အသံ၊ လေတိုးခြင်းတို့ကိုလည်း ခံနိုင်ရည်မရှိဘဲ ရောဂါရင့်လာသောအခါ ရေကိုမြင်ရုံနှင့် လည်ပင်းကြွက်သားများ ညှစ်သကဲ့သို့ လည်ပင်းတစ်ဆို့ခြင်းတို့ ဖြစ်လာတတ်သည်။ နောက်ပိုင်းတွင် ခန္ဓာကိုယ်၏ အစိတ်အပိုင်းများသည် လှုပ်ရှားမှုစည်းချက် မညီမညာဖြစ်လာတတ်သည်။ သွားရည်ကျခြင်းများလည်း ဖြစ်လာမည်။  ဗိုင်းရပ်ပိုးသည်  ဗဟိုအာရုံနာ့ဗ်ကြော စနစ်သို့ရောက်ရှိ၍     လျင်မြန်စွာ ဦးနှောက်ရောင်ခြင်း၊   ကျောရိုး အာရုံကြောမကြီး ရောင်ခြင်းတို့ဖြင့် သေဆုံးနိုင်သည်။  နောက်ပိုင်းတွင် လုံးဝမလှုပ်ရှားနိုင်ဘဲ သတိလစ်ကာ အသက်အန္တရာယ် သေဆုံးသည်အထိ ဖြစ်နိုင်သည်။

(ဃ)ခွေးကိုက်ခံရလျှင် ဆောင်ရွက်ရမည့်အချက်များ

အကယ်၍ ခွေးကိုက်ခံရသည်ဆိုလျှင် ခွေးကိုက်ခံရသည့် ဒဏ်ရာကို ချက်ချင်း ရေ၊ ဆပ်ပြာတို့နှင့်   တတ်နိုင်သမျှ ဆေးကြောထားရမည်။

ပြီးလျှင် အိုင်အိုဒင်းပါသော ဆေးရည်နှင့် တို့ထားသော ဂွမ်း၊ ပိတ်စတို့နှင့် အုပ်ထားသင့်သည်။ ခွေးကိုက်ဒဏ်ရာသည် မချုပ်တာ အကောင်းဆုံးဖြစ်သည်။ ခွေးကိုက်ခံရပြီဆိုသည်နှင့် ခွေးကောင်းသည်ဖြစ်စေ၊ မကောင်းသည် ဖြစ်စေ အရေးပေါ် ကာကွယ်ဆေးနှင့်  ပုံမှန်ကာကွယ်ဆေးတို့ကို ထိုးပေးရမည်။

အရေးပေါ် ကာကွယ်ဆေးဆိုသည်မှာ ခွေးရူးပြန်ရောဂါကို ချက်ချင်း ကာကွယ်မှုပေးနိုင်ပြီး  ဒဏ်ရာ၏အတွင်းနှင့်  ဒဏ်ရာ၏ ပတ်လည်ကို ထိုးရသောဆေးဖြစ်သည်။ အစကတည်းက ခွေးရူးပြန်ကာကွယ်ဆေး ထိုးထားသူများအနေဖြင့် အရေပြားပေါက်မသွားလျှင် အရေးပေါ် ကာကွယ်ဆေးထိုးဖို့ မလိုတော့ပါ။

ပုံမှန်ကာကွယ်ဆေး ဆိုသည်မှာ လက်မောင်းတွင် ထိုးရပြီး စုစုပေါင်း ဆေးလေးလုံး သို့မဟုတ် ငါးလုံးကို သတ်မှတ်ရက်အတွင်း ထိုးရသောဆေးဖြစ်သည်။ ဆေးအာနိသင်မှာတော့ ချက်ချင်းမပြဘဲ ဆေးထိုးပြီး ဆယ်ရက် နီးပါးလောက်ကြာမှ ကာကွယ်မှုပေးနိုင်သော ဆေးဖြစ်သည်။ သို့သော် ယင်းဆေး၏ ကာကွယ်နိုင်သော ကာလမှာ နှစ်နှင့်ချီပြီးကြာလေ့ရှိသည်။

တစ်ဖက်မှလည်း မိမိကိုကိုက်သည့် ခွေးသည် ခွေးရူးလော၊ ခွေးကောင်းလောဆိုပြီး နှစ်ပတ်နီးပါး စောင့်ကြည့်နေရမည်။

(င)ခွေးရူးပြန်ရောဂါ မဖြစ်စေရန် ကြိုတင် ကာကွယ်နည်းများ

အိမ်မွေးတိရစ္ဆာန်များကို    ကာကွယ်ဆေး ထိုးပေးထားသင့်သည်။ ခွေးရူးပြန်ရောဂါ ခံစားရသည်ဟု သံသယရှိသော ခွေးများကို  ထိန်းသိမ်းထားရမည်။ မိမိတို့နှင့် သက်ဆိုင်သော ခွေးများကို ကာကွယ်ဆေးထိုးထားခြင်းဖြင့် ခွေးရူးပြန်ရောဂါမှ ၇၀ ရာခိုင်နှုန်း ကာကွယ်နိုင်သည်။ ရောဂါဖြစ်နိုင်သူ (ဓာတ်ခွဲခန်းတွင် ခွေးရူးပြန်ရောဂါဗိုင်းရပ်ပိုးများ ကိုင်တွယ်နေရသူများ၊ ခွေးရူးပြန်ရှိသောလင်းနို့၊ အသားစားတိရစ္ဆာန်များနှင့် ထိတွေ့ ကိုင်တွယ် အလုပ်လုပ်ရသူများ)ကို ကြိုတင်ကာကွယ်ဆေး ထိုးထားသင့်သည်။

ခွေးလေခွေးလွင့်များ နည်းပါးစေရန် ဆောင်ရွက်ရမည့် အချက်မှာလည်း အထူးလိုအပ်သော အချက်တစ်ချက်ဖြစ်သည်။ အသားစား သတ္တ၀ါဖြစ်သည့် ကြောင်များမှလည်း ကူးစက်နိုင်သည်ကိုလည်း မမေ့သင့်ပါ။ ခွေးကိုက်သည့်ဒဏ်ရာမှ ခွေးရူးပြန်ရောဂါသာမက မေးခိုင်ရောဂါလည်း ဖြစ်နိုင်သောကြောင့် မေးခိုင်ကာကွယ်ဆေး ကြိုတင်ထိုးထားပေးရန် ဆေးပညာရှင်များက ညွှန်းဆိုလာလျှင်လည်း အတိအကျ လိုက်နာဆောင်ရွက်ပေးရမည်။

ခွေးရူးပြန်ရောဂါ ခံစားရသူတို့၏ ၄၀ ရာခိုင်နှုန်းသည် အသက် ၁၅ နှစ်အောက် ကလေးများဖြစ်သည့်အတွက် ကလေးများကို ခွေးကိုက်ခြင်း မဖြစ်စေရန်လည်း ကြိုတင်ဂရုပြုပေးထားရမည်။ ခွေးရူးပြန်ရောဂါသည် ကုသရန်ထက် ကာကွယ်ခြင်းသာ အဓိကဖြစ်သည်။ လူကြီးမိဘများသည် မိမိတို့၏ကလေးများကို ခွေးကိုက်မခံရအောင် ဂရုစိုက်ထားမှသာ ခွေးရူးပြန်ရောဂါမှ ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း တင်ပြရင်း ခွေးလေခွေးလွင့်နှင့် ခွေးရူးပြန်ရောဂါအကြောင်း တင်ပြလိုက်ရပါသည်။   

မုဒိတာ (တောင်သာ)

Read 24 times
Rate this item
(0 votes)
Last modified on Tuesday, 26 November 2019 10:30