SJ WorldNews - шаблон joomla Авто

စိတ်ဖိစီးမှုနှင့် အစားအစာ

Friday, 29 November 2019 09:27 Written by  font size decrease font size decrease font size increase font size increase font size

လူသားတွေဟာ ယနေ့အင်တာနက်ခေတ်ကြီးမှာ စိတ်ဖိစီးမှုတွေ ကိုယ်စီကြုံနေကြပါတယ်။ စိတ်ဖိစီးမှု အနည်းငယ်လောက်ပဲ ရှိသူတွေဟာ စိန်ခေါ်မှုတွေကို ဖြေရှင်းရာမှာ အကျိုးရှိပေမယ့် ရေရှည်စိတ်ဖိစီးခဲ့ရင် မကောင်းပါဘူး။  စိတ်ဖိစီးမှုဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ငွေရေးကြေးရေးကအစ အလုပ်အကိုင် တည်ငြိမ်မှု မရှိခြင်း၊ အလုပ်အကိုင် အာမခံမှုမရှိခြင်း၊ ပေါင်းသင်းဆက်ဆံရေး၊ ဆူညံသံ၊  အလုပ်နဲ့ အိမ်ဝေးလို့ တစ်နေကုန် ကားပေါ်အချိန်ကုန်နေရသူ၊ တက္ကသိုလ်ကျောင်းသားတွေ ရထားနဲ့အသွားအလာလုပ်ရင်း ရထားမလာတာတွေ၊ သတင်းအချက်အလက် များပြားလွန်းနေတာတွေ ဖေ့ဘွတ်လူမှုကွန်ရက် တောက်လျှောက်သုံးသူတွေနဲ့  စိတ်ဖိစီးမှု ဆက်စပ်နေပါတယ်။

ကိုယ်ရေးကိုယ်တာ  ဥပမာ စာမေးပွဲများ၊ ရာထူးတိုးစာမေးပွဲများ၊ ချစ်သူရည်းစားနဲ့ကွဲခြင်း၊ မပေါင်းရခြင်း၊  မိသားစုဝင် အသီးသီး သေဆုံးခြင်း၊ အိမ်ပြောင်းရွှေ့ရခြင်း၊ ဝင်ငွေနည်းသွားလို့ အသုံးလျှော့ရခြင်း၊ စာကျက်မရခြင်း၊ စာမေးပွဲမဖြေဆိုနိုင်ခြင်းတို့မှာ စိတ်ဖိစီးမှု ကိုယ်စီရှိပါတယ်။

အချို့သူတွေမှာ စိတ်ဖိစီးမှု ကို အကောင်းမြင်သဘောနဲ့တုံ့ပြန်ကြပါတယ်။ တချို့သူတွေမှာတော့  စိတ်ပိုင်းဆိုင်ရာ၊  ရုပ်ပိုင်းဆိုင်ရာအရပါ အားအင်ကုန်ခန်းသလို ဖြစ်တတ်ပါတယ်။ စိတ်ဖိစီးမှုနဲ့ ဆက်နွှယ်နေတဲ့ ဝေဒနာအမျိုးမျိုးပါ ခံစားလာရပါတယ်။ နှလုံးသွေးကြောရောဂါ၊ သွေးတိုးရောဂါ၊ အစာခြေအင်္ဂါ အဖွဲ့အစည်း မူမမှန်ခြင်း၊  ဓာတ်မတည့်ခြင်းနဲ့ အရေပြားရောဂါတွေပါ ခံစားရတတ်တယ်။ စိတ်ဖိစီးမှု အလွန်အကျွံ ခံစားရသူတွေမှာ လုပ်ဆောင်မှုအားနည်းခြင်း၊ မိသားစုဘဝမှာကိုယ်ဖြစ်ချင်တာတစ်မျိုး ဖြစ်နေတာတစ်မျိုး  ဖြစ်နေခြင်းတွေဟာ  စိတ်ဖိစီးမှု ပိုမိုများပြားလာစေပြန်တယ်။

စိတ်ဖိစီးမှုခံစားရရင် ခန္ဓာကိုယ်က အဒရီနယ်လင်း၊ နော်အက်ဒရီနယ်လင်း၊ စတီးရွိုက်ဟော်မုန်းတွေ ပိုမိုထုတ်လုပ်ပေးတယ်။ ဒီဟော်မုန်းတွေက ကြွက်သားတွေ မာတောင့်စေကာ အသက်ရှူနှုန်းနဲ့ နှလုံးခုန်နှုန်း မြင့်တက်စေပါတယ်။ ရေရှည်စိတ်ဖိစီးမှုကြောင့် စိုးရိမ်သောကကြောက်ရွံ့ခြင်းနဲ့ အာရုံစူးစိုက်မှု အားနည်းခြင်းတို့ ဖြစ်လာတယ်။

စိတ်ကျန်းမာခြင်းဆိုတာ မိမိကိုအထင်မသေးသလို  အထင်လည်း မကြီးခြင်း၊ မိမိရဲ့မှားကွက်၊ ဟာကွက်များကို လက်ခံနိုင်စွမ်းရှိခြင်း၊ နေ့စဉ်ကြုံတွေ့နေရတဲ့ ကိစ္စအဝဝကို ရင်ဆိုင်နိုင်စွမ်းရှိခြင်း၊ အများနဲ့လိုက်လျောညီထွေ ဆက်ဆံနိုင်ခြင်းအပြင် ကိုယ်ပိုင်ဆုံးဖြတ် နိုင်စွမ်းရှိပြီး ပေးအပ်တဲ့တာဝန် လက်ခံနိုင်စွမ်းရှိခြင်းတို့နဲ့ပြည့်စုံတဲ့ အလယ်အလတ် လမ်းစဉ်ရှိတဲ့ စိတ်အခြေအနေပဲ ဖြစ်တယ်။

ရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေမှာ ခေါင်းကိုက်ခြင်း၊ မောပန်းခြင်း၊ ခြေလက်တုန်ခြင်း၊ ချွေးထွက်ခြင်း၊ ဗိုက်နာခြင်း၊ အစာမကြေခြင်း တွေပါ ခံစားလာရတယ်။ စိတ်ဖိစီးမှုများလာတာနဲ့အမျှ စိုးရိမ်သောကဖြစ်လာကာ ဗျာပါဒ စက်ဝိုင်းထဲမှာပဲ ထပ်တလဲလဲပိတ်မိလာတယ်။ တစ်ခုခုကို အမှားအယွင်း လုပ်မိမှာကြောက်တာ၊ လုပ်ငန်းတာဝန်နဲ့  လုပ်ဆောင်စရာတွေ လျစ်လျူရှုလာတာ စိတ်ဓာတ်ကျဆင်းလာပြီး စိတ်ပင်ပန်းနေပါတယ်။

ရေရှည်စိတ်ဖိစီးမှုကို ကျော်လွှားနိုင်အောင် စားသောက်မှုများကို အာရုံစူးစိုက်ပြီး အာရုံလွှဲသင့်တယ်။  မှန်ကန် သင့်လျော်တဲ့  အစားအစာတွေ ရွေးချယ်အသုံးချတတ်ခြင်းဟာ စိတ်ဖိစီးမှုကို တိုက်ဖျက်ပေးပြီး ကျန်းမာစေဖို့ အထောက်အကူပြုတဲ့အတွက် အရေးကြီးပါတယ်။ သဘာဝအစားအစာကို အခြေခံထားတဲ့ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ ထမင်းတို့  ပုံမှန်စားသင့်ပါတယ်။ နေ့စဉ်သစ်သီးနဲ့ ဟင်းသီးဟင်းရွက် ငါးမျိုးအနည်းဆုံးစားသင့်တယ်။

တတ်နိုင်သမျှ အသီးအရွက် တွေကို သူ့အတိုင်းစားပေးသင့်ကာ ဖျော်ရည်ပြုလုပ်ပြီး သောက်သုံးနိုင်ပါတယ်။ ရှောက်၊ သံပရာမျိုးရင်းဝင် သစ်သီးဖျော်ရည်တွေ သောက်သုံးခြင်းဟာ ကောင်းမွန်စေတယ်။ သစ်သီးတွေရဲ့ အခွံအောက်က အသားနဲ့ အခွံမှာပါဝင်တဲ့ အမျှင်တွေက ဆဲလ်ပျက်စီးခြင်းကို ဖြစ်ပေါ်စေတဲ့ ဖရီးရယ်ဒီကယ်လို့ ခေါ်တဲ့ အောက်ဆီဂျင်မော်လီကျူးတွေကို တိုက်ဖျက်ပေးတယ်။ ဖလေဗင်နွိုက်ကြွယ်ဝတဲ့ အခြားအစားအစာတွေက လက်ဖက်၊ ပန်းသီး၊ အစိမ်းရောင်ရှိပဲသီး၊ ဝိုင်အနီ၊ ကြက်သွန်နီတို့ ဖြစ်တယ်။  ဖလေဗင်နွိုက်ဟာ သွေးကြောနံရံတွေကို သန်စွမ်းစေတဲ့ အတွက်ကြောင့် စိတ်ဖိစီးမှုကြောင့် ဖြစ်ရတဲ့ နှလုံးသွေးကြောရောဂါကို ကာကွယ်ပေးတယ်။ ပြည့်ဝဆီအစား  အစေ့အဆန်ကရတဲ့  မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ သံလွင်ဆီနဲ့ငါးကြီးဆီတို့ကို အသုံးပြုနိုင်၊ စားသုံးနိုင်တယ်။  အဆီစားသုံးမှုလျှော့သင့်တယ်။ ကြက်အရေခွံ၊ ဥအမျိုးမျိုး၊  အဆီပါဝင်မှုလျော့နည်းတဲ့ နို့ထွက်ပစ္စည်းတွေစားသုံးပေးသင့်တယ်။ ပရိုတင်းဓာတ်ရရှိဖို့ ငါး၊ ပဲခြောက်၊ ပဲနီလေး၊ အခွံမာသီးတို့ စားသုံးပေးသင့်တယ်။

အာဟာရတန်ဖိုးနည်းပါးတဲ့ အစားအစာတွေ အများအပြားစားသောက်တာဟာ စိတ်ဖိစီးမှု ဖြစ်ပေါ်စေတဲ့ လူနေမှုပုံစံဖြစ်နိုင်ပါတယ်။ သဘာဝအစားအစာတွေကနေ အရေးပါတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်ပါဝင်အောင် စားသုံးသင့်တယ်။ ပြင်ပအစာထက် ကိုယ်တိုင်ချက်ပြုတ်ထားတဲ့ အစားအစာ စားသုံးသင့်တယ်။

ရှောင်ကြဉ်ဖို့က ကဖင်းဓာတ်ပါတဲ့ လက်ဖက်ရည်၊ ကော်ဖီနဲ့ကိုလာတွေကို မသောက်သုံးသင့်ပါဘူး။ စိုးရိမ်သောကနဲ့ စိတ်ဖိစီးမှုပိုပြီး ဆိုးရွားစေလို့ ဖြစ်တယ်။ ရေ သို့မဟုတ် သဘာဝဆေးဖက်ဝင် လက်ဖက်ရည်ကြမ်း သောက်တာဟာ ကျန်းမာရေးအတွက် ပိုမိုသင့်လျော်ပါတယ်။ သကြားနဲ့သကြားဓာတ်ပါဝင်တဲ့ အစားအစာတွေက သွေးထဲဂလူးကို့စ် ပမာဏကို လျင်လျင်မြန်မြန်မြင့်လာပါတယ်။ အဆိုပါ အစားအစာက စွမ်းအင်ဖြည့်တင်းပေးတာမှန်ပေမယ့်  အကျိုးအာနိသင် တိုတောင်းပါတယ်။ အရင်ကထက်ပိုပြီး အခြေအနေဆိုးလာတဲ့အတွက် ဆင်ခြင်သင့်ပါတယ်။ စိတ်ဖိစီးမှုကို  အချို့က အရက်သောက်ခြင်းနဲ့နွမ်းနယ်နေတဲ့ နာ့ဗ်ကြောတွေတက်ကြွအောင် လုပ်တယ်ဆိုပြီး နေ့စဉ်မှီဝဲ တတ်တယ်။ အရက်သောက်ခြင်းက တစ်ကြိမ်တစ်ခါသာ ကောင်းတတ်ပေမယ့် ရေရှည်အရက်စွဲခြင်းနဲ့ ပြောင်းပြန်အကျိုးသက်ရောက်စေမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း နေ့စဉ်နာရီဝက်မှ တစ်နာရီ အပြေး၊ လမ်းလျှောက်၊စက်ဘီးစီး၊ ရေကူးတစ်ခုခုလုပ်သင့်တယ်။ ရက်ရှည်အားလပ်ရက်တွေမှာ မိသားစုနဲ့ အပန်းဖြေခရီးထွက်ခြင်း၊ ဘုရားစုံဖူးခြင်းကို ဆောင်ရွက်ပေးသင့်တယ်။ စိတ်ဖိစီးခြင်းအကြောင်းရင်းကို သေချာနားလည်အောင် ကြိုးစားကာ ပြေလျော့အောင် လုပ်ဆောင်သင့်ပါတယ်။ လုပ်ဆောင်စရာ အချိန်ဇယားပြောင်းလဲရေးဆွဲခြင်း၊  အချိန်တိုတိုအတွင်း အလုပ်လုပ်ရခြင်း၊ ဦးစားပေး အလုပ်သတ်မှတ်ခြင်း၊ ဘာသာရေးရှုမှတ်ပွားများ နည်းကျင့်သုံးခြင်း၊ ယောဂထိုင်ခြင်း၊  ဘာသာတရား လိုက်စားခြင်းတို့ဟာ ပိုမိုသင့်လျော်စေပါတယ်။    

ဒေါက်တာလွင်သန့်

Read 19 times
Rate this item
(0 votes)
Last modified on Friday, 29 November 2019 09:29

Latest from ရွှေတည်