SJ WorldNews - шаблон joomla Авто

လက်တွေ့အသုံးချဆေးနည်းတို(ဆေးမြီးတို)များ(၉၇)

Saturday, 30 November 2019 17:18 Written by  font size decrease font size decrease font size increase font size increase font size

မေး။   ။ ဆရာခင်ဗျာ။ ကျွန်တော့်မှာ ဇက်ကျီးပေါင်းတက် ရောဂါရှိနေလို့ ကြာကြာငုံ့ပြီး အလုပ်လုပ်လို့မရပါ။ ကျီးပေါင်းလိမ်းဆေးများလည်း လိမ်းပါတယ်။ ပူတာပဲရှိပြီး ထူးထူး ခြားခြား သိပ်မသက်သာပါ။ အခုမေးချင်တာက ဖေ့ဘွတ်မှာတင်နေတဲ့ ကျီးပေါင်းကို   ၀ါးမင်းသွေးလိမ်းရင် ပျောက်တယ်ဆိုတာ ဟုတ်ပါသလားဆရာ။ ၀ါးမင်းဆိုတာရော  အမည်အမှန်ပဲလား။ အခြားအခေါ်ရှိပါသလား။ ကျွန်တော်တို့အရပ်မှာ ၀ါးမင်းဆိုတာ မသိကြလို့ပါ။

ဖြေ     ကျီးပေါင်းတက်ရောဂါဆိုတာ နှစ်ရှည်လများ  ခေါင်းငုံ့ပြီး အလုပ်လုပ်တဲ့သူ တွေမှာ စာရေးစာဖတ်များတဲ့ စာရေးစာချီတွေမှာ အဖြစ်များပါတယ်။ ခုခေတ်မှာ တော့  ဖုန်းအသုံးပြုတာများပြီး လူငယ်တွေမှာပါ ဇက်ကျီးပေါင်း၊ ခါးကျီးပေါင်းဖြစ်လာတာ တွေ့ရပါတယ်။ အရိုးအဆစ်ကို အနေအထား မမှန်ဘဲ အသုံးချမှုမှားယွင်းခြင်းကြောင့် အရိုးနှစ်ခုကြားမှာ ခုပေးထားတဲ့ (၀ါရှာကဲ့သို့) အရွတ်တုံး ပွန်းစားသွားပြီး အရိုးချင်း ထိစပ်မိရာမှ အရိုးပုံပျက်ပြီး ထုံးကျောက်တက်သကဲ့သို့ ကျီးပေါင်းတက်လာပါတယ်။ အရိုးချင်းဖိမိမှု သက်သာအောင် ခေါင်းငုံ့ခြင်း၊ ထိုင်ခြင်းကို ကြာရှည်မလုပ်ရပါ။ တစ်နာ ရီကြာလျှင် ၁၀ မိနစ်ခန့် အနားပေးပုံစံပြောင်း လုပ်ပေးရပါတယ်။ ညအိပ်ရင်လည်း ခေါင်းအုံးပါးပါးနဲ့အိပ်၊ ခါးခွက်မ၀င်အောင် မမာလွန်းမပျော့လွန်းတဲ့ မွေ့ရာနဲ့အိပ်၊ အထိုင် အထ အလှည့်အစောင်းမှာ အကြောမညပ်အောင် သတိထားနေထိုင်ရပါတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်ပြီး လိုအပ်ရင်အကြောအဆစ် ကုဆရာနဲ့ဇက်ဆွဲခြင်း၊ ခါးဆွဲခြင်း ပြုလုပ်ပေးရပါတယ်။ လိမ်းဆေးများဟာ အကြောနဲ့အရေပြားအတွက်သာ ထိရောက်မှု ရှိပြီး အတွင်းကအဆစ်ကို ထိရောက်မှုအာနိသင် အလွန်နည်းပါတယ်။ အခုမေးတဲ့ ၀ါးမင်းဆိုတာ အချို့အရပ်မှာ ၀ါးပုတီးလို့လည်း ခေါ်ပါတယ်။ ကြခတ်ဝါး အမျိုးအစားမှာ ပါဝင်ပါတယ်။ ၀ါးကို သွေးလိမ်းကြည့်တဲ့အခါ ပူလောင်ခြင်းမရှိပါ။ သနပ်ခါးကဲ့သို့ပင်   အေးတဲ့ အရသာတွေ့ရပါတယ်။ ရေရှည်လိမ်းလို့ရနိုင်ပါတယ်။ ကျီးပေါင်းအဆစ်မှာရှိတဲ့ အရွတ်နဲ့အမြှေးရောင်ရင်တော့ သက်သာနိုင်မယ့် သဘောရှိပါတယ်။   ကျီးပေါင်းအဆစ် အတွက် သင့်တော်မယ့် မုန်ညင်းဆီ၊ သံလွင်ဆီ၊ ငရုတ်ကောင်းဆီ၊ နှမ်းဆီ စသည်များ လိမ်းပြီး ရေနွေးငွေ့ကြပ်ထုပ်ထိုးခြင်းဟာလည်း ထိရောက်ပါတယ်။ ထိုသို့ ကြပ်ထုပ် ထိုးပြီးမှ ၀ါးမင်း၊ ၀ါးပုတီး၊ ကြခတ်ဝါး အဆစ်ထူတဲ့ ၀ါးများကို သွေးလိမ်းခြင်းဟာ ပိုပြီး ထိရောက်မယ်လို့ ယူဆပါတယ်။ ကျီးပေါင်းပျောက်ဖို့အတွက် ရက်၊ လ ရှည်ကြာစွဲပြီး စိတ်ရှည်ရှည်ကုသဖို့လိုပါတယ်။

မေး။   ။ ဆရာရှင့်။ ကျွန်မကလွန်ခဲ့သော အနှစ် ၂၀ ကျော်က အစာအိမ်ခေါင်းကျဉ်းလို့  ခွဲစိတ်ထားခဲ့ပါတယ်။ ယခုနှစ်တွေမှာလည်း အစာမျိုပြွန်တစ်လျှောက်ကြွက်သားများ လှုပ်ရှားမှုမရှိသောကြောင့် အစာစားရတာ ခက်ခဲတတ်ပါတယ်။ ပါရဂူကတော့ ဆေးစားရုံ နဲ့ ပုံမှန်ပြန်ဖြစ်ဖို့ ခက်ခဲတယ်လို့ ပြောပါတယ်။ ဘယ်လိုကုစားရပါ့မလဲရှင့်။ ကျေးဇူးတင် ပါတယ်။

ဖြေ   ။ နံနက်စောစောထ ရေအ၀သောက်ပါ။ ထမင်းရည်ပူပူမှာ ပျားရည်တစ်ဇွန်းထည့် သောက်ပါ။ ပဲရာဇာနှင့် ဆန်ရောပြုတ်သောက်လျှင်လည်း ရပါတယ်။ ညနေတွင် ထန်း လျက်သာဂူယို ကျိုသောက်ပါ။ ညအိပ်ခါနီး ရှောက်ရည်လေးဇွန်း၊ ပျားရည်တစ်ဇွန်း စပ်သောက်ပါ။ အစားကို အရည်နည်းနည်းနဲ့ ခဏခဏစားပေးပါ။ အစာအိမ်ကျုံ့စေ သော ရေခဲရေ(အအေး) မသောက်ပါနှင့်။ ရေနွေး၊ ရေကျက်အေး များများသောက်ပါ။ ရေနွေးကြမ်းသောက်ခြင်းကလည်း အစာအိမ်အနွေးဓာတ်ရလို့ ကောင်းပါတယ်။

မေး။   ။ ဆရာရှင့်။ သားသားကသုံးနှစ်ပါ။ချွေးလုံးဝမထွက်ဘဲ အရမ်းကိုဖျားနေပါတယ်။ ဆေးခန်းသွားတာ နှစ်ရက်ရှိပြီ။ ခနကျသွားလိုက် ပြန်ပူလိုက်ဖြစ်နေပါတယ်။ ချွေးထွက် ပြီးအခိုးပွင့်အောင် ဘယ်လိုလုပ်ရမလဲရှင့်။

ဖြေ   ။ ချင်းတက်ပါးပါးလှီး ခုနစ်လွှာ၊ ကွမ်းရွက်သုံးရွက်၊ ထန်းလျက်ငါးခဲ၊ ရေနွေး မတ်ခွက်တစ်လုံးမှာ ထည့်ကျို၊ ဆားလှော်သင့်ရုံထည့် တဖြည်းဖြည်း ကုန်အောင်တိုက် ပါ။  တိုင်းရင်းဆေးအမှတ် (၁၇) သွေးဆေးနီကြီး ဆေးအမှတ် (၂၅) မတဲမြင့်မိုရ်ကုန်း ဆေးများကို ကွမ်းရွက်ပြုတ်နှင့် တိုက်လျှင်လည်း အဖျားကျပါသည်။ ရေဖတ်မကြာခဏ တိုက်ပေးပါ။

မေး။   ။ သမီးအငယ်လေးက တစ်လမပြည့်သေးဘူး။ ညဆိုအင်းအဲနဲ့  ခြေတွေလက် တွေဆန့်ပြီးအော်တာ ဘာဖြစ်တာလဲဆရာ။ အကြောတက်တာလား  ဘာလုပ်ပေးရမလဲ ဆရာ။ နှာခေါင်းကလည်း ပိတ်ပါတယ်။

ဖြေ   ။ လေရှိလို့ အကြောလန့်တာပါ။ အစာမကြေရင် အနှီးပတ်ပြီး ထောင်ချီပေးပါ။ ညဘက်အကြောလန့်ရင်တော့ အနှီးပိတ်စချည်ကိုထုတ် မိခင်တံတွေးနဲ့လုံးပြီး  နဖူးမှာ ကပ်ပေးထားပါ။ကလေး ခြောက်လမပြည့်မီ မိခင်နို့ရည်မှလွဲ၍ အခြားဆေးမတိုက်ပါနှင့်။

မေး။   ။ ဆရာရှင့်။ ကျွန်မလည်ချောင်းနာ ချောင်းမဆိုးဘဲ အသံဝင်နေတာ တစ်လနီးပါး ရှိပါပြီ။ ပုံမှန်လောက်သာပြောရပေမယ့် အော်ပြောခေါ်ပြောချင်ရင်မရပါ။ ကျွန်မကို ဆေး လေးလမ်းညွှန်ပေးပါဆရာ။ ကျွန်မအသံ အရင်လိုပြန်ဖြစ်ပါတော့မလားရှင့်။

ဖြေ  ။ ပြည်ပန်းညိုရွက်ထောင်း အရည်ညှစ် ဆားလှော်အနည်းငယ်ထည့် အကြမ်းပန်း ကန်တစ်လုံးသောက်ပါ။ ဆေးအိုးပုတ်ပင် အစိုရရ အခြောက်ရရ ပြုတ်သောက်ပါ။ တစ် နေ့မတ်ခွက်နှစ်လုံး သောက်နိုင်ပါတယ်။ တိုင်းရင်းဆေးအမှတ်(၁) မက်လင်ချဉ်ဆေး မှုန့်ကို လျက်ပေးရင်လည်း အသံဝင်သက်သာပါတယ်။ တိုင်းရင်းဆေးခန်းနဲ့ ပရဆေး ဆိုင်မှာ မေးဝယ်ပါ။

မေး။   ။ ဆရာ ခြေဖျားလက်ဖျားအေးပြီး ခေါင်းမူးချင်သလို မကြာခဏဖြစ်တယ်။   မနက်အိပ်ရာထရင်လည်း ခါးအောက်ပိုင်းကစပြီး ညောင်းကိုက်သလို ခံစားရတယ်။ ဆရာ ဆေးနည်းလေးညွှန်ပေးပါဦး။

ဖြေ   ။ ဆားကို ဇလားခွက်မှာ ထည့်ပုံပြီး မတ်တတ်ရပ်နင်းပေးပါ။ ပြီးရင် ဒူးအထက်မှ အောက် ရေလောင်း ခြေဆေးအိပ်ပါ။ ကွမ်းရွက်၊ ချင်း၊ ထန်းလျက်ပြုတ်ရည်သောက်ပါ။ ကောက်ညှင်းမတည့်ပါ။ အစာမကြေလျှင် ခြေဖျားလက်ဖျားများ အေးပြီး ခေါင်းမူးတတ် သည်။ အစာစားပြီး ရှောက်ရည်နဲ့ ပျားရည်စပ်သောက်ပေးပါ။ အစာကြေဆေးစားပါ။

မေး။   ။ ဆရာ ကျွန်မမျက်လုံးမျက်ခွံပေါ်မှာ အဖုလေးပေါက်နေလို့ပါ။ အခုတော့ တစ်ပတ်လောက်ရှိပါပြီရှင့်။ စပေါက်ခါစ သုံးလေးရက်လောက်ကတော့ အိပ်ရာနိုးရင် ရောင်နေပါတယ်ရှင့်။ ဆရာဝန်နဲ့ပြတော့ မျက်စဉ်းဆေးနဲ့ ပိုးသတ်ဆေးပေးထားပါတယ်။ မပျောက်ရင်ခွဲမယ်ပြောလို့ ကြောက်လို့ပါရှင့်။

ဖြေ။   ။ မျက်စိစွံတာပါ။ ကွမ်းရိုးနဲ့တို့ပေးပါ။ ရှောက်ပင် သို့မဟုတ် မိုးနှံပင်မှ ဆူးနှင့် တို့ပေးလျှင်လည်းပေါက်ပြီး ပိန်သွားတတ်ပါသည်။ မန်ကျည်းစေ့နှင့် လေးညှင်းပွင့်ရော သွေးလိမ်းလျှင်လည်း ပြည်ပေါက်နိုင်သည်။ (ရှေးနည်း) ငါးပိရိုး သို့မဟုတ်  ငါးခြောက် အမြီးမှအရိုးအပ်ချောင်း အရွယ်ကိုယူ။ အဖုပေါ်အသက်အောင့် ခုနစ်ချက်ထိုးပြီးနောက် ပြန်ပစ်ပါ။ (ယုံကြည်မှလုပ်ပါ)

မေး။   ။ ဆရာရှင့်။ ဆံပင်တွေ ဆေးထိသွားပြီး ကျွတ်နေလို့ ဆံပင်ကျွတ်ပျောက်ပြီး အုံထူစေမယ့် နည်းလေးပေးပါရှင့်။ ဆရာရေးဖူးတဲ့ ဆံပင်သန်တဲ့ ထောလပတ်ရွက်က ပတ်ဝန်းကျင်မှာ ရှာမရဘူးဆရာ။ အခြားလွယ်ကူထိရောက်တဲ့ နည်းလမ်းလေး ပြောပြ ပေးပါဆရာရှင့်။

ဖြေ။     ဆံပင်သန်နက် ထောလပတ်ရွက်တဲ့။ အုန်းဆီနှင့်ရောစပ်လိမ်းပါ။ထောလပတ် ရွက်မရလျှင် ဆန်ဆေးရည် အနှစ်ခေါင်းမှာ လိမ်းပြီး ခေါင်းကိုအ၀တ်နဲ့ ပေါင်းထားပါ။ ရှားစောင်းလက်ပပ်အနှစ်ကို ကြေအောင်ခေါက်ပြီး ဦးခေါင်းမှာ ပွတ်လိမ်းထားပြီး နာရီ ၀က်ခန့်ကြာမှ ခေါင်းလျှော်ပါ။

မေး။   ။ ဆရာ တစ်ခုလောက်မေးလို့ရပါသလားရှင့်။ ရေခဲရေမသောက်ဘဲနဲ့  ဆီးကျဉ် နေပြီး ခဏခဏသန့်စင်ခန်းသွားနေရပါတယ်ရှင့်။ အကြံဉဏ်တစ်ခုလောက် မျှဝေပါ ဆရာ။

ဖြေ။   ။ ဆီးကျဉ်-ရိုးရိုးဆီးကျဉ်တာပါ။ ပူစပ်ချဉ်အစားများ ရှောင်စားပါ။ သံပရာရည် သကြားနဲ့ ဖျော်သောက်ပါ။ မြင်းခွာရွက်ကို ကြက်သွန်ဖြူနဲ့ ဟင်းချိုချက်သောက်ပါ။ ကုန်းထိကရုံးပင် ပြုတ်ရည် မတ်ခွက်တစ်လုံးမှာ ပျားရည်ဟင်းစားဇွန်း တစ်ဇွန်းထည့် သောက်ပါ။ ညဘက်ဆီးများလျှင် ကြက်သွန်နီဥ ပါးပါးလှီး ဆီးခုံမှာ ကပ်အိပ်ပါ။

မေး။   ။ ဆရာရှင့်။ ညနေ ၄ နာရီနောက်ပိုင်းဆိုရင် ခေါင်းမှာတင်းပြီး ဗိုက်ဖောင်းကာ အသက်ရှူမ၀ဘဲ မောပါသည်။ ထိုသို့ဖြစ်လာလျှင် ခြေသလုံးမှစ၍ ခြေဖမိုးများရောင်ပြီး တင်းလာပါသည်။ ထိုင်၍ အဆင်မပြေပါ။ ဘုရားရှိခိုးလျှင်လည်း ထိုင်မရပါ။ ထိုင်လျှင် လည်း ရင်ခေါင်းထောက်နေပါသည်။ မည်သို့ပြုလျှင် ပျောက်နိုင်ပါသလဲ။ စိုးရိမ်ရပါ သလားရှင့်။

ဖြေ။   ။ ဆင်တုံးမနွယ်ပါတဲ့ မြန်မာဆေး တစ်မျိုးမျိုးကို ၀ယ်စားပါ။ သို့မဟုတ် ဆင်တုံး မနွယ်အမှုန့်ကြိတ်ပြီးသား (ပရဆေးဆိုင်မှဝယ်) ပျားရည်နဲ့ရောမွှေတေထားပါ။ ဖန်ပု လင်းတွင်ထည့် အပေါ်မှနှမ်းဆီ ထည့်ပြီး အုပ်ထားပါ။ နံနက်၊ ည ကော်ဖီဇွန်းသေးနဲ့ တစ်ဇွန်းစားပေးပါ။ ပုလင်းကို တစ်ပတ်တစ်ခါ နေရောင်ပြပေးပါ။ ဆင်တုံးမနွယ်က  အကြော လေလျှောက်ဆေး ဖြစ်ပါတယ်။

မေး။   ။ ဆရာရှင့်။ ရိုသေစွာဂါရ၀ပြုပါတယ်။ ကျွန်မ အသက်က ၂၅ နှစ်ပါ။ အိမ်ထောင် မရှိပါဘူး။ ကျွန်မအခု ခံစားနေရတဲ့ရောဂါက သုံးနှစ်နီးပါးရှိပါပြီ။ ခဏခဏရင်တုန်ပြီး    ညညဆို ထိတ်လန့်တကြား နိုးလာတယ်။ တက်စာတွေစားရင်လည်း ရင်တုန်တယ်။ အခုဆို လူကြားထဲတောင် မသွားရဲတော့ပါဘူး။ လူများရင် ခေါင်းမူးလာတယ်။ နှလုံး အထူးကုတွေနဲ့ပြတော့ နှလုံးနဲ့အဆုတ်က ဘာမှထူးထူးခြားခြား ရောဂါမရှိဘူးလို့ ပြော ပါတယ်။ ပြောတာသုံးနှစ်ရှိပါပြီ။ ရောဂါမတွေ့သေးပါ။ အသက်ရှင်ရတာ သေနေသလို ပါပဲ။ ကျေးဇူးပြုပြီး ကျွန်မရောဂါကဘာဖြစ်လဲဆိုတာ ပြောပြပေးပါနော်။ ကျွန်မအတွက် သင့်တော်တဲ့ဆေးရှိရင် ဆရာညွှန်ပေးပါနော်။ အမှားပါရင် ခွင့်လွှတ်ပါ။ ကျေးဇူးတင်ပါ တယ်။

ဖြေ။   ။ နှလုံးလေရိုက်လို့ပါ။ စိတ်ကကြောက်နေရင် ပိုးဆိုးတတ်ပါတယ်။ မေ့မေ့ပျောက် ပျောက်နေပါ။ ရောဂါကို စိတ်မရောက်ပါနဲ့။ ဖီးကြမ်းငှက်ပျောသီး မီးဖုတ်စားပါ။ ညအိပ် ရာဝင် ရှောက်ရည်နဲ့ ပျားရည်စပ်သောက်ပါ။ လေပွစာ၊ ကောက်ညှင်းမတည့်ပါ။ ဗုဒ္ဓ ဘာသာဆိုလျှင် ပဋ္ဌာန်း၂၄ ပစ္စည်းကို အိပ်ရာဝင်၊ အိပ်ရာထ ရွတ်ဖတ်ပါ။ စိတ်ငြိမ် အောင်ထားပါ။ အားမငယ်ပါနှင့်။ နှလုံးအပူငြိမ်းဆေး သောက်ပါ။ အိပ်လျှင် ဘယ် ဘက်သို့ စောင်းအိပ်လျှင်  နှလုံးသွေးရောက်မှု ပိုကောင်းပါသည်။

မေး။   ။ ဆရာဆီးက ပုံမှန်ထက်မက အရမ်းသွားနေလို့ပါဆရာ။ ကလေးက မထိန်းနိုင် ဘူးဖြစ်နေတယ်။ဘာလုပ်ပေးရမလဲ မေးကြည့်တာပါဆရာ။

ဖြေ။   ။ ကြက်သွန်နီဥထောင်း အရည်ညှစ် သံပရာသီးတစ်လုံး အရည်နဲ့ရောစပ်တိုက် ပါ။ ဆီးခုံမှာ ကြက်သွန်နီဥပါးပါးလှီး ကပ်ထားပေးပါ။  ကြက်ဥအစိမ်းကိုဖောက် အနှစ် ကိုဖယ်၊ အကာကို ပျားရည်တစ်ဇွန်းနဲ့ ခေါက်တိုက်ရင်လည်း ဆီးလွန်တာ ကောင်းပါ တယ်။

မေး။   ။ ဆရာကြီးခင်ဗျ။ ကျွန်တော့်မှာ လက်ဖ၀ါးနှစ်ဖက်လုံး ကွဲအက်နေတာကြာပါပြီ ခင်ဗျ။ ဘယ်လို ကုသရမယ်ဆိုတာ အကြံပေးပါဦးခင်ဗျ။

ဖြေ။   ။ တမာရွက်ပြုတ်ရည်နဲ့ စိမ်ပေးပြီး တမာရွက်ခြောက်ပြာချ အုန်းဆီနဲ့ရောလိမ်း ပေးပါ။ ခြေဖ၀ါးရော လက်ဖ၀ါးပါကွဲသူ ပျောက်ကင်း၍ အကြောင်းပြန်လာပါသည်။

မေး။   ။ ဆရာမင်္ဂလာပါ။ ကျွန်တော်နှာစေးနေတာ တစ်ပတ်လောက်ရှိပါပြီ။ ဘယ်လို လုပ်ရမလဲ ဆရာကြီးခင်ဗျာ။ နည်းနည်းလေး အအေးခံတာနဲ့ နှာခဏခဏပြန်ပြီးစေး တတ်ပါတယ်။

ဖြေ။   ။ နှာစေးနှာပိတ်-ခြေဖ၀ါးဆားပွတ်၊ ဒူးအထက်မှ ရေလောင်း၊ ညအိပ်ရာမ၀င်မီ  ပြုလုပ်ပေးလျှင် နှာစေးနှာပိတ် သက်သာစေသည်။ ကလေးငယ်ဖြစ်လျှင် ခြေဖ၀ါးဆား ရေဖတ်နှင့် ပွတ်ပေးပါ။ ပရုတ်ဆီ၊ ကွမ်းရွက်၊ လေးညှင်းပွင့်၊ ချင်းတက်ထုထောင်း ရေနွေးစိမ် အုပ်ထားပြီး အငွေ့ကိုရှူပေးလျှင် နှာစေးနှာပိတ်၊ ခေါင်းကိုက်ပါ သက်သာ စေသည်။ (ရှေးနည်း) ငရုတ်ကောင်းစေ့ကို အပ်ဖျားတွင်ထိုးပြီး မီးရှို့ကာ ထွက်လာ သောအငွေ့ကိုရှူပေးပါက နှာစေးနှာပိတ်၊ ထိပ်ကပ်နာများပါ သက်သာစေပါသည်။    

ကြည်လွင်မြင့်(မုဒြာ)

Read 22 times
Rate this item
(0 votes)
Last modified on Saturday, 30 November 2019 17:46

Latest from ကေတု