SJ WorldNews - шаблон joomla Авто

ဆေးပညာအသုံးချ ဉာဏ်ရည်တုနည်းပညာ

Thursday, 05 December 2019 09:34 Written by  font size decrease font size decrease font size increase font size increase font size

ယနေ့ခေတ်မှာ  ဉာဏ်ရည်တု(Artificial Intelligence) နည်းပညာခေတ်စားလာသည်။ AI ဟု အတိုကောက် ခေါ်ကြသည်။ လူသားဦးနှောက်နှင့် အနီးစပ်ဆုံးတူညီသည့်    အသုံးချစနစ်တစ်ခုကို စက်ကိရိယာ(အထူးသဖြင့် ကွန်ပျူတာ)များ အသုံးပြုလျက် တီထွင်လာကြခြင်း ဖြစ်သည်။

ခေတ်မီမော်တော်ကားများတွင် ယာဉ်မောင်းသူနှင့် မော်တော်ယာဉ်ထဲမှ AI စနစ် အပြန်အလှန်စကားပြောကြတာမျိုး မြင်ဖူးကြမည်။ မောင်းသူ၏ အသံကို AI စနစ်က မှတ်သားထားပြီး တုံ့ပြန်ပေးသည့် ဉာဏ်ရည်တု စနစ်တစ်မျိုးဖြစ်သည်။ ကွန်ပျူတာနှင့်  လူသားစစ်တုရင်ထိုးခြင်းမှာလည်း ၄င်းဉာဏ်ရည်တု နည်းပညာဖြင့် တီထွင်ထားခြင်းဖြစ်သည်။ AI စနစ်ထဲမှာ ရွေ့နိုင်သည့် စစ်တုရင်အကွက်ပေါင်းများစွာကို မှတ်သားထားပြီး အလိုအလျောက် တုံ့ပြန်မှုပေးခြင်း ဖြစ်သည်။

တချို့နိုင်ငံကြီးတွေမှာ မောင်းသူမဲ့အငှားယာဉ်တွေ ပေါ်နေပြီ။ တစ်ခါတလေ ကျတော့လည်း ယာဉ်မောင်းသူက ကားပေါ်မှာပါသည်။ ဒါပေမဲ့ သူကမမောင်း။

ဉာဏ်ရည်တုစနစ်က အလိုအလျောက်  မောင်းနှင်နေတာဖြစ်သည်။ လူသားထက်ပင် ပိုပြီးစိတ်ချရသည်ဟု ဆိုကြပေမယ့် မောင်းသူမဲ့ယာဉ်က တိုက်မိသည့် မတော်တဆ ဖြစ်စဉ်တွေလည်း ရှိသည်။

AI စနစ်၏ နောက်ဆုံးပေါ်သုတေသနများမှာတော့ လူသား၏ သိမှုသဘောတရားကို ထည့်သွင်းနိုင်ဖို့ ကြိုးစားနေကြသည်။  လူ့စိတ်သဘောသဘာဝကို နားလည်ပြီး  လူကမခိုင်းခင်ကတည်းက    ကြိုတင် လုပ်ဆောင်ပေးမည့်   ဉာဏ်ရည်တုစနစ်အဆင့်ထိ တီထွင်နိုင်ဖို့ ကြိုးစားနေကြခြင်း ဖြစ်သည်။

၎င်းဉာဏ်ရည်တု နည်းပညာကို ဆေးပညာမှာလည်း အသုံးချဖို့ ရည်ရွယ်လာကြပါသည်။ အထူးသဖြင့် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများမှာ AI နည်းပညာများကို အသုံးပြုနေကြပါပြီ။ ကွန်ပျူတာစနစ်များဖြင့် ချိတ်ဆက်ပြီး ကျန်းမာရေး အချက်အလက်များ ထိန်းသိမ်းသည့်စနစ် ဖွံ့ဖြိုးလာခြင်းနှင့် ခေတ်မီဆေးရုံကြီးများမှာ   လျှပ်စစ်ကျန်းမာရေး အချက်အလက် ထိန်းသိမ်းခြင်းမှတ်တမ်း(EMR) စနစ်များ အသုံးပြုလာကြခြင်းတို့က   ဉာဏ်ရည်တု နည်းပညာများကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများမှာ အသုံးပြုမှု ပိုမိုတွင် ကျယ်လာစေပါသည်။

ဆေးဘက်ဆိုင်ရာဉာဏ်ရည်တုနည်းပညာ       

ယခုဝေါဟာရ ပေါ်ပေါက်လာသည်မှာ မကြာလှသေးပါ။ အရင်ကာလများဆီက  သုတေသနတစ်ခု ပြုလုပ်တော့မည်ဆိုရင် လူတွေအများကြီးက အချက်အလက်တွေကို ဝိုင်းဝန်းရှာဖွေကြရသည်။ အချက်အလက်တွေ ရသည့်အခါ ကောက်ချက်ချ အဖြေထုတ်ရသည်။ လက်ရှိကာလ AI  နည်းပညာဖွံ့ဖြိုးလာသည့်အခါ AI စနစ်တပ်ဆင်ထားသည့် စမတ်ဖုန်းတစ်လုံးထဲဖြင့် မိနစ်ပိုင်းအတွင်း ၄င်းသုတေသနတွေကို ပြုလုပ်လာနိုင်ပါသည်။

ဆေးသုတေသန လုပ်ငန်းများမှာ သာမကပါ။ ဆေးကုသရေး လုပ်ငန်းများမှာလည်း ဉာဏ်ရည်တုနည်း ပညာကို အသုံးချနိုင်သည်။

အရေပြားပေါ်က အနာတစ်ခုကို ဓာတ်ပုံရိုက်ပြီး စစ်ဆေးလိုက်သည်နှင့် ဘာရောဂါလဲဆိုသည်ကို AI နည်းပညာဖြင့် တစ်မုဟုတ်ချင်း အဖြေပေးနိုင်သည်။ AI စနစ်ထဲမှာ သန်းနှင့်ချီသည့် အရေပြားရောဂါ ဓာတ်ပုံတွေကို ထည့်သွင်းထားသည်။ ၄င်းဓာတ်ပုံများထဲမှ အမျိုးအစားတူညီသည့် ရောဂါများကို အလျင်အမြန်ရှာဖွေပြီး အဖြေထုတ်ပေးလိုက်တာပါ။

တချို့ အဖွဲ့အစည်းများမှာလူဦးရေ အမြောက်အမြား ကျန်းမာရေး စစ်ဆေးကြရတာမျိုးရှိသည်။ ဆေးစစ်ခံရသူ အယောက် ၁ဝဝ ရင်ဘတ်ဓာတ်မှန်ရိုက်ရမည် ဆိုပါတော့။  အားလုံးဓာတ်မှန်ရိုက်ပြီးလို့ ဉာဏ်ရည်တုနည်းပညာစနစ်ထဲ   ထည့်သွင်းလိုက်ပြီဆိုသည်နှင့် ဘယ်သူကတော့ဖြင့် ဓာတ်မှန်အဖြေကောင်းသည်၊ ဘယ်သူ့မှာက တီဘီရောဂါ ဖြစ်နေသည်၊ အဆုတ်ကင်ဆာဖြစ်နေသည် စသဖြင့်  မိနစ်ပိုင်းအတွင်း အဖြေထွက်လာမှာပါ။

အရင်ကထိန်းသိမ်းထားသည့်  EMR လူနာမှတ်တမ်းများ ပါရှိသည်ဆိုရင်တော့ လူနာတစ်ဦးချင်းစီ၏ ဓာတ်မှန် မှတ်တမ်းများကိုပင် AI စနစ်က ပြန်လည်ယှဉ်တွဲဖော်ပြ ပေးဦးမှာပါ။

ဉာဏ်ရည်တုနည်းပညာဖြင့်  ဆရာဝန်များကို အစားထိုးနိုင်မည်လား

အထက်မှာ တင်ပြခဲ့သည့် နည်းပညာများအရ အရေပြားဆရာဝန်မရှိဘဲ  AI နည်းပညာဖြင့် အရေပြားရောဂါများကို  ဓာတ်ပုံရိုက်လိုက်ရုံဖြင့် သိမည်၊ ဓာတ်မှန်ဆရာဝန် မရှိဘဲ  အဆုတ်ရောဂါတွေကို သိနိုင်မည်ဆိုတော့ နောင်တစ်ချိန်မှာ ဆရာဝန်တွေ ကွယ်ပျောက်သွားမလားဆိုသည့်  စိန်ခေါ်မှု ရှိလာနိုင်သည်။ သို့ပေမယ့်   ဉာဏ်ရည်တုနည်းပညာဖြင့် မဖန်တီးနိုင်သေးသည်က လူသားများမှာသာ ရှိသည့် သနားစာနာစိတ်နှင့် ကိုယ်ချင်းစာစိတ်ဖြစ်ပါသည်။ AI  နည်းပညာဘယ်လောက် ဖွံ့ဖြိုးသည်ဖြစ်စေ တာဝန်ယူ ဆေးကုသခြင်း လုပ်ငန်းကိုတော့ ဆရာဝန်တွေကပဲ ဆက်လက် လုပ်ဆောင်ကြရဦးမှာပါ။

ကျန်းမာရေးဝန်ထမ်းများကို ဉာဏ်ရည်တုနည်းပညာစနစ်ဖြင့် အစားမထိုးနိုင်သေးပေမယ့် ကျန်းမာရေး ဝန်ထမ်းရှားပါးသည့် ဒေသများမှာတော့ AI စနစ်က အတော်လေးအသုံးဝင်နိုင်ပါသည်။တီဘီရောဂါ ရှာဖွေရေး လုပ်ငန်းများကိုဥပမာ ကြည့်ကြမည်။ ဝေးလံခေါင်သီသည့်ဒေသများမှ ဓာတ်မှန်များကို ဗဟိုဆေးရုံကြီးဆီ အင်တာနက်ကွန်ရက်ဖြင့် လှမ်းပို့လိုက်သည်နှင့် AI  နည်းပညာက ရောဂါရှာဖွေ ပေးနိုင်သည်။ ဉာဏ်ရည်တု နည်းပညာသည် သတ်မှတ်ထားသည့် ရောဂါများ၏ ၉၅ ရာခိုင်နှုန်းအထိ မှန်ကန်စွာ ရောဂါရှာဖွေပေးနိုင်ကြောင်း သုတေသနများက ဆိုပါသည်။

ဆေးဘက်ဆိုင်ရာ အဆင့်မြင့်ကုထုံးများနှင့်  တွဲဖက်အသုံးပြုနိုင်ခြင်း

ဓာတ်ရောင်ခြည်ကင်ဆာ ကုထုံးများမှာ ဓာတ်ရောင်ခြည်ပေးလိုသည့် ဧရိယာနှင့် ဓာတ်ရောင်ခြည်ပြင်းအား   ပမာဏကို သက်ဆိုင်ရာ အထူးကုနှင့် နည်းပညာရှင်များက တွက်ချက်ပေးရသည်။ အချိန်ကာလ အတိုင်းအတာတစ်ခု ကြာမြင့်ပါသည်။  နောက်ပိုင်းမှာတော့ မှတ်ဉာဏ်တုနည်းပညာဖြင့်    ဓာတ်ရောင်ခြည်ကုထုံးကို အလိုအလျောက်   တွက်ချက်ပေးနိုင်တော့မည်။  နောက်ဆုံး အပြီးသတ်ဆုံးဖြတ်ချက်ကိုတော့  တာဝန်ခံဓာတ်ရောင်ခြည်ဆရာဝန်ကြီးကပဲ ချမှတ်ပေးရမှာပါ။ အရင်ကထက်တော့ လူအင်အားနှင့် အချိန်ကုန်သက်သာသွားမှာ သေချာပါသည်။

စက်ရုပ်ဖြင့်  ခွဲစိတ်သည့်  အဆင့်မြင့်ခွဲစိတ်မှုလုပ်ငန်းများမှာလည်း မှတ်ဉာဏ်တုနည်းပညာကို ထည့်သွင်း ပေါင်းစပ်ပေးခြင်းဖြင့် ပိုမိုတိကျ၊ အန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်လာနိုင်ပါတော့မည်။

လူတစ်ဦးချင်းစီ၏ ကျန်းမာရေး အချက်အလက်များကို  စောင့်ကြည့်စစ်ဆေးပေးမည့် AI နည်းပညာ

မကြာမီကာလများမှာ   လူသားတစ်ဦးချင်းစီ၏ ကျန်းမာရေး အချက်အလက်များအားလုံး  ကွန်ပျူတာ စနစ်ထဲ ရောက်သွားတော့မည်။

လူသားတစ်ယောက်   မွေးဖွားမလာသေးခင် မိခင်ဝမ်းဗိုက်တွင်း ကာလများဆီက    အစပြုသည့် ကျန်းမာရေး အချက်အလက်များ အားလုံး လျှပ်စစ်ဆေးပညာ အချက်အလက်မှတ်တမ်း (EMR)   အတွင်းရောက်ရှိနေတော့မည်။ ဘယ်အချိန်မှာ ကာကွယ်ဆေးထိုးရမည်၊ ဘယ်အချိန်မှာ အဘယ်သောရောဂါတွေ ဖြစ်လာနိုင်ဖို့ ဘယ်လောက် ရာခိုင်နှုန်း ရှိနေသည်၊ ရင်သားကင်ဆာ ကြိုတင်စစ်ဆေးခြင်းကိုဘယ်အချိန်မှာ ပြုလုပ်ရမည်၊ အူမကြီးကင်ဆာ ကြိုတင်ရှာဖွေရေး မှန်ပြောင်းစစ်ဆေးခြင်းကို ဘယ်အချိန်မှာ လုပ်ရမည် စသဖြင့်  များစွာသော ကျန်းမာရေး အကြံပေးမှုတွေကို မှတ်ဉာဏ်တု နည်းပညာက မိသားစုဆရာဝန်တစ်ဦးကဲ့သို့ ထက်ကြပ်မကွာ သတိပေးနေတော့မှာပါ။

ဆီးချိုလူနာတစ်ယောက်အတွက် သွေးဖောက်စစ်ဆေးခြင်း မှတ်တမ်းများ၊ အင်ဆူလင်ထိုးရမည့် ပမာဏ စသည်တို့ကို စမတ်ဖုန်းထဲမှ AI စနစ်က အမြဲသတိပေးနေမည်။ လိုအပ်လို့ ဆေးရုံတက်ရတော့မည် ဆိုရင်လည်း ဆေးရုံမှ ဆရာဝန်တွေက လူနာအခြေအနေကို AI စနစ်မှ တစ်ဆင့် ကြိုပြီးသိရှိ ပြင်ဆင်ထားနိုင်မှာပါ။ မိမိနေရပ် တိုင်းပြည်မှာမရှိဘဲ ကမ္ဘာမြေကြီး၏ မည်သည့်နေရာကို ရောက်ရောက် AI စနစ်ဖြင့်  ချိတ်ဆက်ထားသည့် ကွန်ရက်များမှတစ်ဆင့် လူသားတစ်ဦးချင်းစီ၏   ကျန်းမာရေးစောင့်ရှောက်မှုကို မှတ်ဉာဏ်တုနည်းပညာ အကူအညီဖြင့် ဆောင်ရွက်သွားကြတော့မည့် အနေအထားဖြစ်ပါသည်။

ကမ္ဘာကျော် ကျန်းမာရေး စောင့်ရှောက်မှုစနစ်များနှင့် AI နည်းပညာစနစ်

 ယူကေနိုင်ငံမှ အမျိုးသားကျန်းမာရေး စောင့်ရှောက်မှုစနစ် (NHS) အပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊  အထူးကုဌာနကြီးများသည် AI  နည်းပညာကို တီထွင်လျက်ရှိသည့်  သတင်းအချက်အလက် နည်းပညာ ကုမ္ပဏီကြီးများနှင့် စာချုပ်များ ချုပ်ဆိုလျက် ဉာဏ်ရည်တုနည်းပညာကို   တွင်တွင်ကျယ်ကျယ်  အသုံးချနိုင်ရေး ဆောင်ရွက်လျက်ရှိကြပါသည်။ နာမည်ကျော်ကွန်ပျူတာ Hardware, Software များရောင်းချသည့် IBM ကုမ္ပဏီကြီးသည် အမေရိကန်ပြည်ထောင်စုမှ   ကင်ဆာအထူးကုဌာနကြီးများ၊  နှလုံးအထူးကုဌာနကြီးများအတွက် မှတ်ဉာဏ်တုနည်းပညာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို စာချုပ်များ ချုပ်ဆိုလျက် ဆောင်ရွက်လျက်ရှိနေသည်။

နာမည်ကျော်   ဂူဂဲလ်အင်တာနက်ကုမ္ပဏီကြီးသည်လည်း ယူကေနိုင်ငံမှ အမျိုးသားကျန်းမာရေး စောင့်ရှောက်မှုဌာန၏ မှတ်ဉာဏ်တု နည်းပညာလုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိသည်။ အဓိကလုပ်ငန်းတစ်ခုကို ဖော်ပြရမည်ဆိုလျှင်   စမတ်ဖုန်းများမှတစ်ဆင့် ကျန်းမာရေး အသိပညာပေးခြင်း၊ အချက်အလက်များပေးပို့ခြင်း၊ ဓာတ်မှန်အဖြေများ ထုတ်ပေးခြင်း စသည်တို့ကို ဂူဂဲလ်အင်တာနက် ပလက်ဖောင်းမှတစ်ဆင့် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းလျက်ရှိသည်။

Microsoft, Intel အစရှိသည့် နာမည်ကျော် သတင်းအချက်အလက် နည်းပညာဆိုင်ရာ ကုမ္ပဏီကြီး များသည်လည်း သက်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဌာနများနှင့် ချိတ်ဆက်ပြီး မှတ်ဉာဏ်တုနည်းပညာ ဝန်ဆောင်မှု   ပေးနိုင်ရေးဆောင်ရွက်ကြလျက်ရှိသည်။

မှတ်Óဏ်တုနည်းပညာမှာ အလွန်နက်နဲကျယ်ဝန်းပြီး ၄င်းနည်းပညာ သက်ရောက်မှုရှိမည့် နယ်နိမိတ်အတိုင်းအဆ အဝိုင်းအဝန်းကို ပြီးပြည့်စုံအောင် မခန့်မှန်းနိုင်သေးသည့် အနေအထား ဖြစ်ပါသည်။ သိပ္ပံပညာရပ်များ ထုံးစံအတိုင်း အကျိုးရှိအောင် အသုံးချ တတ်မည်ဆိုပါက  အတိုင်းအဆမရှိ အသုံးဝင်နိုင်သလို အဖျက်သဘောဆောင်သူများ လက်ဝယ်ရောက် ရှိသွားပါကလည်း အများအကျိုးထိခိုက်သွားစေနိုင်သည့် နည်းပညာတစ်ခု ဖြစ်ပါသည်။

ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဆေးပညာရပ်ဆိုင်ရာ လုပ်ငန်းများမှာတော့ မှတ်Óဏ်တုနည်းပညာသည် အခြေခံကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းမှသည် အဆင့်မြင့်ဆေးကုသမှု လုပ်ငန်းကြီးများအထိ၊ မမွေးဖွားရသေးမီ မိခင်ဝမ်းထဲမှသည် သေဆုံးခြင်းအထိ၊ ဆေးသုတေသန လုပ်ငန်းများမှသည် ကုထုံးသစ်များ ဖော်ထုတ်နိုင်သည်အထိ များစွာ အသုံးဝင်လာမည့် နည်းပညာတစ်ခု ဖြစ်ပါကြောင်း   မိတ်ဆက် ဖော်ပြလိုက်ရပါသည်။  

ဒေါက်တာလွှမ်းမိုးဟန်

Read 43 times
Rate this item
(0 votes)
Last modified on Thursday, 05 December 2019 09:35