SJ WorldNews - шаблон joomla Авто

ဆီးချိုရောဂါနှင့် အနေအထိုင် အပြုအမူ

Tuesday, 21 January 2020 10:33 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

မေး။ ။ ကိုယ်ဝန်ဆောင်တဲ့အခါ မလုပ်ရတဲ့ လေ့ကျင့်ခန်း အမျိုးအစားတွေကရော ဘာတွေပါလဲဆရာ။

ဖြေ။ ။ အချို့သော လေ့ကျင့်ခန်း အမျိုးအစားတွေကတော့ မိခင် သို့မဟုတ် သန္ဓေသား သို့မဟုတ် နှစ်ဦးစလုံးကို ထိခိုက်နိုင်လို့ ရှောင်ကြဉ်ရပါမယ်။ ရှောင်ကြဉ်သင့်တဲ့ လေ့ကျင့်ခန်း အမျိုးအစားတွေကတော့...

-   အချိန်ကြာကြာရပ်နေရတဲ့   လေ့ကျင့်ခန်းဟာ ဗိုက်တွင်းမှ သန္ဓေသားက ခန္ဓာကိုယ်အောက်ပိုင်းက ပြန်လာတဲ့ သွေးပြန်ကြောမကြီးကို ဖိထားနိုင်လို့ မလုပ်ရပါဘူး။

-  ခန္ဓာကိုယ် ပက်လက်အနေအထားနဲ့ အကြာကြီးနေရတဲ့ လေ့ကျင့်ခန်းဟာလည်း ခန္ဓာကိုယ်အောက်ပိုင်းက ပြန်လာတဲ့သွေးပြန်ကြောမကြီးကို ဖိထားတဲ့အတွက် မလုပ်ရပါဘူး။ --  ခန္ဓာကိုယ် ဟန်ချက်ပျက်ပြီး  ချော်လဲစေမယ့်၊ ခန္ဓာကိုယ် ထိခိုက်နိုင်မယ့် အလားအလာများတဲ့ လေ့ကျင့်ခန်းမျိုးတွေကို  ရှောင်ရပါမယ်။ (ဥပမာ  ပြေးခြင်း၊ ကြက်တောင်ရိုက်ခြင်း၊ တင်းနစ်ရိုက်ခြင်း၊ ဘတ်စကက်ဘော ကစားခြင်း၊ ဘော်လီဘောကစားခြင်း၊ ...)

မေး။ ။ ခန္ဓာကိုယ် အလေးချိန် ထိန်းသိမ်းမှုကရော ဆီးချိုရောဂါအတွက် ဘယ်လိုမျိုး အရေးပါသလဲဆရာ။

ဖြေ။ ။ ဆီးချိုရောဂါ မဖြစ်သေးသူတွေ အနေနဲ့ ခန္ဓာကိုယ် အလေးချိန်ကို ပုံမှန်အနေအထားမှာ ထိန်းသိမ်းတာဟာ ဆီးချိုရောဂါ မဖြစ်ပွားရလေအောင် ကာကွယ်ရာမှာ များစွာအထောက်အကူပြုပါတယ်။ အနေအထိုင်၊ အစားအသောက် မှန်ကန်အောင်ပြုလုပ်တာ၊ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်တာတွေဟာ ဆီးချိုရောဂါဖြစ်ပွားမယ့် အလားအလာကို များစွာ လျော့နည်းစေပါတယ်။ ဆီးချိုရောဂါ ဖြစ်ပွားနေသူတွေ အနေနဲ့ကတော့ ခန္ဓာကိုယ် အလေးချိန်ကို ပုံမှန်အနေအထား ထိန်းသိမ်းဖို့ဟာ ပိုပြီး အရေးကြီးပါတယ်။   မိမိရဲ့အရပ်ပေါ် မူတည်ပြီး ရှိသင့်ရှိထိုက်တဲ့ အလေးချိန်ကို ဘီအမ်အိုင်(BMI) ဇယားကိုကြည့်ပြီး လုပ်ဆောင်နိုင်ပါတယ်။ ဘီအမ်အိုင် ၁၉ နဲ့ ၂၅ ကြား ရှိနေစေဖို့ လိုအပ်ပါတယ်။

ဘီအမ်အိုင်၂၅ နဲ့ ၃၀ ကြားဆိုရင် သာမန်ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုများနေတဲ့ အခြေအနေလို့ ခေါ်ပြီး ဘီအမ်အိုင် ၃၀ နဲ့အထက်ဆိုရင်  အ၀လွန်ရောဂါလို့ ခေါ်ပါတယ်။ အဲဒီအ၀လွန်အဆင့်ကို ရောက်ရင်  ခန္ဓာကိုယ်မှာ   အဆီဓာတ်တွေ များလာတာ၊ ရောင်ရမ်းစေတဲ့ဓာတ်ပစ္စည်းတွေဖြစ်တဲ့  ဆိုက်တိုကိုင်းလိုမျိုး ဓာတ်ပစ္စည်းတွေ များပြားလာတာ၊ ဟော်မုန်းတွေ ပုံမှန်မဟုတ်တော့တာတွေကြောင့်    အင်ဆူလင်ရဲ့ လုပ်ငန်းဆောင်တာတွေ ဟန့်တား နှောင့်ယှက်တာ ခံရပြီး အင်ဆူလင်ရဲ့ အာနိသင် လျော့နည်းခြင်းကို ဖြစ်စေပါတယ်။

ဒါကြောင့် အ၀လွန်လာလေလေ ဆီးချိုရောဂါဖြစ်ပွားဖို့  အလားအလာ ပိုများလာလေလေ ဖြစ်သလို ရောဂါရှိပြီးသူ ဖြစ်ပါက ဆီးချိုထိန်းချုပ်ဖို့ ပိုမိုခက်ခဲလေလေ ဖြစ်ပါတယ်။ ဆီးချိုရောဂါရှိသူတွေ အ၀လွန်နေပါက ကိုယ်အလေးချိန် ကျဆင်းစေရန် အဓိက ဦးတည် လုပ်ဆောင်ဖို့  အလွန်ပဲ အရေးကြီးလှပါတယ်။ တကယ်လို့ အ၀လွန်တာကို မထိန်းသိမ်းနိုင်ခဲ့ရင် ဆီးချိုရောဂါ ရဲ့နောက်ဆက်တွဲ ဝေဒနာတွေဖြစ်တဲ့ နှလုံးသွေးကြော

ရောဂါဖြစ်တာ၊ နှလုံးခုန်မမှန်တာ၊ နှလုံးသွေးကြောပိတ်တာနဲ့   နှလုံးတိုက်ခိုက်ခံရတာ၊ ဦးနှောက်သွေးကြောပိတ်ပြီး  လေဖြတ်တာ၊  သွေးတိုးတာ၊  ကျောက်ကပ်ထိခိုက်ပျက်စီးတာ၊ မျက်စိထိခိုက် ပျက်စီးတာတို့  ဖြစ်လာနိုင်ပါ တယ်။  ဒါကြောင့်  ဆီးချိုရောဂါရှိသူတွေ အနေနဲ့  ကိုယ်အလေးချိန်ကို  ပုံမှန်အနေအထားမှာ  ထိန်းသိမ်းကြဖို့ တိုက်တွန်းလိုပါတယ်။

မေး။ ။ စိတ်ဖိစီးမှုနဲ့ ဆီးချိုရောဂါကရော ဘယ်လိုမျိုး  ပတ်သက်ပါသလဲ ဆရာ။

ဖြေ။ ။ အင်္ဂလိပ်လို Stress လို့ တစ်လုံးတည်း ပြောပေမယ့်  မြန်မာလို အလွန်ကျယ်ပြန့်ပါတယ်။ စိုးရိမ်တာ၊ ပူပန်တာ၊ အလုပ်မှာ ဖိအားများတာ၊ ကြောက်ရွံ့တာ၊ လုပ်ငန်း အဆင်မပြေမှုဖြစ်တာ၊   အိမ်ထောင်ရေး အဆင်မပြေဖြစ်တာတို့   အားလုံး အကျုံးဝင်နေလို့ လူတိုင်း တစ်မျိုးမဟုတ်တစ်မျိုး ကြုံတွေ့ရတတ်ပါတယ်။ အဲဒီလိုအခြေအနေမျိုး ကြုံတွေ့ရရင် ခန္ဓာကိုယ်အတွင်း ကတ်တကောအေမင်း ဟော်မုန်းတွေ ထွက်လာမယ်။ ကော်တီစောဟော်မုန်းတွေ ထွက်လာမယ်။ အဲဒါတွေကြောင့်   အင်ဆူလင်ရဲ့ လုပ်ငန်း   နှောင့်ယှက်ဟန့်တားခံရပြီး  သွေးတွင်းဂလူးကို့စ်တွေ တက်လာတတ်ပါတယ်။ ဆီးချိုရောဂါရှိသူတွေ အနေနဲ့ အဲဒီလိုအဖြစ်မျိုး  မကြာခဏ ကြုံတွေ့နေရမယ်ဆိုရင်  သွေးတွင်းဂလူးကို့စ် ထိန်းချုပ်ရာမှာ  များစွာ ခက်ခဲနိုင်ပါတယ်။

စိုးရိမ်ပူပန်စိတ် ရေရှည်ဖြစ်လာရင် နောက်ဆက်တွဲ ဆိုးကျိုးတွေအနေနဲ့ အင်ဆူလင်ရဲ့ အာနိသင် လျော့နည်းလာတာတွေ ဖြစ်လာကာ ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ မလွဲမသွေ ကြုံတွေ့လာရမှာ ဖြစ်ပါတယ်။ အဲဒီဆိုးကျိုးတွေမှာ ကျောက်ကပ်ပျက်စီးတာနဲ့ မျက်စိရောဂါဖြစ်တာတို့ဟာ အဖြစ်အများဆုံး ဖြစ်ပါတယ်။  ဒါ့အပြင်  ခန္ဓာကိုယ် တစ်ခုလုံးမှာရှိတဲ့ သွေးကြောနံရံလေးတွေ တဖြည်းဖြည်း ပျက်စီးလာတာကြောင့် သွေးကြောနံရံတွေ ခိုင်ခံ့မှုမရှိတော့ဘဲ သွေးကြောနံရံရဲ့ အပြင်ဘက်ကို  ဖောင်းထွက်ခြင်းတို့ဖြစ်ကာ သွေးကြောတွေ ပေါက်ထွက်တဲ့အထိ  ဖြစ်နိုင်ပါတယ်။ ဦးနှောက်ရှိ သွေးကြောပေါက်ရင်  ချက်ချင်းသေဆုံးနိုင်သလို တကယ်လို့ မသေဆုံးရင်လည်း လေဖြတ် တဲ့ဝေဒနာကို တစ်သက်လုံး ခံစားရနိုင်ပါတယ်။ ဒါ့အပြင် ပန်ကရိယရှိ အင်ဆူလင် ထုတ်ပေးတဲ့ ဘီတာဆဲလ်တွေကိုပါ   ပျက်စီးသေဆုံးတာကြောင့်  ဆီးချိုရောဂါ ကုသရေးမှာ အင်ဆူလင်ထိုးဆေးပါ အသုံးပြုလာ ရနိုင်ပါတယ်။ ဒါ့ကြောင့်  စိတ်ပူပင်သောကတွေ အားလုံးဟာ  ဆီးချိုရောဂါရဲ့  နံပါတ်(၁)ရန်သူပဲဖြစ်ပါတယ်။

ဒါကြောင့် စိတ်ဖိစီးမှုတွေ လျော့နည်းစေဖို့ စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် လေ့ကျင့်ပေးဖို့လိုပါတယ်။ အကောင်းဆုံး နည်းလမ်းတွေကတော့ တရားထိုင်တာ၊  ယောဂကျင့်စဉ် ပြုလုပ်တာ၊  တိုက်ချိပုံမှန် ကစားတာ၊   ပိုင်လိတ်ပြုလုပ်တာတို့ဟာ    စိတ်ကိုတည်ငြိမ်အေးချမ်းစေလို့   ဆီးချိုထိန်းသိမ်းရာမှာ များစွာ အထောက်အကူ ပြုပါတယ်။

မေး။    ။ဆေးလိပ်သောက်တဲ့ လူတွေဟာ ဆီးချိုရောဂါ ဖြစ်ရင် ဆေးလိပ်ဖြတ် ရတယ်ဆိုတာနဲ့ ပတ်သက်လို့ လည်း ရှင်းပြပေးပါ။

ဖြေ။   ။ ဆီးချိုရှိသူတွေ ဆေးလိပ်သောက်ရင် သာမန် လူတွေထက်ပိုပြီး ဒုက္ခရောက်နိုင်ပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်နေသူ တစ်ဦးအနေနဲ့ ဆီးချိုရောဂါ စတင်ဖြစ်မှန်း သိတာနဲ့ ဆေးလိပ်ကို အမြန်ဆုံး ဖြတ်ပစ်ဖို့လိုပါတယ်။ အ၀လွန်ရောဂါနဲ့ သွေးတိုးရောဂါတွေပါ တွဲပြီးရှိနေရင် ပိုပြီးတော့ အရေးကြီးပါတယ်။

သုတေသန ပြုလုပ်ချက်တွေအရ ဆေးလိပ်သောက်သူတွေဟာ  ဆေးလိပ် မသောက်သူတွေထက်  ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ ပိုပြီး ဆီးချိုရောဂါ အမှတ်-၂ ဖြစ်စေဖို့ အလားအလာ ပိုများတယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆေးလိပ်မှာ ပါဝင်တဲ့ နီကိုတင်းက ကြွက်သားတွေထဲကို ဂလူးကို့စ် ၀င်ရောက်နိုင်စေဖို့ အသုံးပြုရတဲ့   အင်ဆူလင် လက်ခံခွက်ကို နှောင့်ယှက် ဟန့်တားနိုင်တာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့်   အင်ဆူလင်ရဲ့ လုပ်ငန်းတွေထိခိုက်တာ ဂလူးကို့စ်တွေ သွေးတွင်းမှာ များလာပြီး ဆီးချိုရောဂါ အမှတ်-၂ ကို ဖြစ်စေတာဖြစ်ပါတယ်။  ဒါ့အပြင် ဆေးလိပ်သောက်သုံးရင်  တစ်ကိုယ်လုံးကို သွားတဲ့ သွေးကြောတွေ ကျဉ်းသွားလို့ သွေးလှည့်ပတ်မှု မကောင်းဖြစ်ပြီး ခြေဖျားလက်ဖျားတွေ အေးစက်လာတာ၊ ပြာနှမ်းလာတာတို့ ဖြစ်တတ်ပါတယ်။ ပိုပြီးဆိုးလာရင် သွေးကြောတွေ ပိတ်သွားပြီး ခြေလက်တွေ ဖြတ်ပစ်ရတတ်ပါတယ်။ ကျောက်ကပ်ကို သွားတဲ့သွေးကြောတွေ ကျဉ်းလာလို့ သွေးတိုးရောဂါဖြစ်ပြီး ကျောက်ကပ်ပျက်စီးတာတွေ ဖြစ်လာနိုင်ပါတယ်။ နှလုံးသွေးကြောရောဂါဖြစ်တာ၊ နှလုံးသွေးကြောပိတ်ကာ ရုတ်တရက် သေဆုံးတာတို့ ဖြစ်နိုင်ပါတယ်။ ဦးနှောက်သွေးကြော ပိတ်ပြီး လေဖြတ်တာတွေလည်း ဆေးလိပ်သောက်သူတွေမှာ မကြာခဏ တွေ့ရတတ်ပါတယ်။ အာရုံကြောတွေ ထိခိုက်ပျက်စီးလို့ ခြေဖျားလက်ဖျားတွေ ထုံကျဉ်ခြင်းတို့လည်း အဖြစ်များတယ်လို့ ဆိုနိုင်ပါတယ်။

မေး။ ။ အရက်သောက်တဲ့သူတွေ အနေနဲ့ရော ဆီးချိုရောဂါဖြစ်လာခဲ့ရင် ဘယ်လို ဆက်လုပ်သင့်တယ်ဆိုတာလည်း သိပါရစေ။

ဖြေ။ ။ ဆီးချိုရောဂါရှိသူတွေ   မကြာခဏဆိုသလို အမေးများတဲ့ မေးခွန်းတွေမှာ ““အရက်သောက်လို့ ရ၊ မရ””ဆိုတာပဲဖြစ်ပါတယ်။ တစ်ခွန်းတည်းပြောရရင်““ဖြစ်နိုင်လျှင် အရက်ဖြတ်ပါ””။ မတတ်သာတဲ့ လူမှုရေးအရ သောက်လိုတဲ့အခါမှသာ သောက်ပါလို့ ဖြေလိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရက်က အနည်းငယ် သောက်ရင် သွေးတွင်းမှာ ဂလူးကို့စ် တက်စေတဲ့အပြင် ဆီးချိုရောဂါကို ပိုဆိုးစေပြီး   သတ်မှတ်ပမာဏထက် ပိုများသွားရင် သွေးတွင်းမှာ ဂလူးကို့စ်တွေ အလွန်အမင်း ကျဆင်းကာ အသက်သေဆုံးတဲ့ အထိဖြစ်နိုင်တာကြောင့် ဖြစ်ပါတယ်။

ဘီယာနဲ့ဝိုင်တွေမှာ ကာဗွန်ဟိုက်ဒြိတ် အနည်းငယ်စီ ပါဝင်နေတဲ့အတွက် ဆီးချိုတက်စေနိုင်ပါတယ်။ အရက်သောက်ရင် အစာစားချင်စိတ်ကိုပါ လှုံ့ဆော်ပေးလို့ အစာတွေ ပိုစားနိုင်ပြီး ဆီးချိုတက်နိုင်ပါတယ်။ အရက်ဟာ ကယ်လိုရီများများ ပေးတဲ့အတွက် ၀နေတဲ့သူတွေ အတွက်  မကောင်းပါဘူး။ဒါကြောင့်  သွေးတွင်းရှိ ထရိုင်ဂရစ်စရိုက်တွေကို မြင့်တက်စေပါတယ်။ အရက်က အသည်းကို တိုက်ရိုက်ထိခိုက်နိုင်တဲ့ အတွက် အသည်းရဲ့ သွေးတွင်းရှိဂလူးကို့စ် အတက်အကျကို ထိန်းသိမ်းပေးရတဲ့ လုပ်ငန်းစဉ်ကို ပျက်စီးစေပါတယ်။

ဒါကြောင့် အရက်ကို ခုံမင်သူတွေ အနေနဲ့ အရက်ကို တစ်နေ့မှာ နှစ်ကြိမ်ထက် ပိုမသောက်သင့်ပါဘူး။

တစ်ကြိမ်ကို ဘီယာဆိုရင် ၁၂ အောင်စ၊ ၀ိုင်ဆိုရင် ၅ အောင်စနဲ့ အရက်ပြင်းဆိုရင် ၁ အောင်စပဲသောက်ဖို့ ဆေးပညာရှင်တွေက အကြံပြုလေ့ရှိပါတယ်။ အဲဒီလို သောက်တဲ့အခါ အစာမရှိဘဲ လုံးဝမသောက်ရဘူး။ အစာတစ်ခုခုနဲ့သာ သောက်ရပါမယ်။ သောက်ရာမှာ ဖြည်းဖြည်းချင်းသာ သောက်ဖို့နဲ့     အလျင်အမြန် သောက်လိုက်တာမျိုးကို ရှောင်ကြဉ်ရပါမယ်။ အထူးသဖြင့် အရက်ပြင်းများသောက်ရင်  ရေ သို့မဟုတ်ဆိုဒါတို့နဲ့ ရောပြီးမှ သောက်ရပါမယ်။

အရေးအကြီးဆုံးအချက်က အရက်ကို ဆီးချိုကျဆေးတွေနဲ့ တွဲပြီး မသောက်မိစေဖို့ ဖြစ်ပါတယ်။ အဲဒီလို သောက်လိုက်ရင်  သွေးတွင်းဂလူးကို့စ်တွေ အလွန်အမင်း ကျဆင်းပြီး သတိလစ်ကာ သေဆုံးနိုင်ပါတယ်။

မေး။ ။ အိပ်ရေး၀၀ အိပ်ဖို့ကရော ဘာကြောင့် လိုအပ်ပါသလဲဆရာ။

ဖြေ။ ။ လူတစ်ယောက် ကျန်းမာဖို့အတွက် အိပ်ရေး၀၀ အိပ်ဖို့လိုပါတယ်။ ဆီးချိုရောဂါ အပါအ၀င် အခြား ဘယ်ရောဂါပဲဖြစ်ဖြစ် ပိုပြီးတော့ အိပ်ရေးဝဖို့ လိုပါတယ်။

အိပ်ရေးပျက်လာလျှင် ခန္ဓာကိုယ်မှာ ကော်တီစော ဟော်မုန်းတွေ ပိုထွက်လာပြီး အင်ဆူလင်ရဲ့ လုပ်ငန်းတွေကို ဟန့်တားနှောင့်ယှက်တဲ့အတွက် ဆီးချိုရောဂါ အမှတ်-၂ဖြစ်ဖို့  အလားအလာ ပိုများလာတယ်လို့ သုတေသန စာတမ်းတွေ အရ သိရပါတယ်။ ဒါကြောင့် အိပ်ရေးပျက်တာ ကြာသောသူတွေဟာ  ဆီးချိုရောဂါ ဖြစ်လေ့ရှိပါတယ်။

ဒါ့အပြင် အိပ်ရေးပျက်သူတွေဟာ ပိုမိုဆာလောင် မွတ်သိပ်လေ့ရှိတဲ့အတွက်   အိပ်မပျော်တိုင်း   ထပြီးအစာစားမိပြီးတော့ အဲဒီအချက်ကြောင့်လည်း ဆီးချို ပိုတက်စေပါတယ်။ လေ့လာမှုတွေအရ တစ်ညမှာ ၄ နာရီခွဲအောက် လျော့နည်းပြီး အိပ်သူတွေဟာ ၆ နာရီအိပ်သူတွေထက်  ဆီးချိုရောဂါအမှတ်-၂   ဖြစ်ဖို့ အလားအလာ ပိုများကြောင်း တွေ့ရပါတယ်။ အိပ်ရေးပျက်နေသူတွေအနေနဲ့ တစ်နေ့လုံး ရွှင်ရွှင်လန်းလန်း မရှိတော့တာ၊ လှုပ်ရှားတက်ကြွမှု လျော့နည်းသွားတာ၊ လေ့ကျင့်ခန်း မလုပ်နိုင်တော့တာတွေကလည်း ဆီးချိုဖြစ်စေဖို့ အားပေးလျက်ရှိပါတယ်။

အိပ်စက်ခြင်းဆိုတာ ခန္ဓာကိုယ်မှာ ပျက်စီးသွားတဲ့ အစိတ်အပိုင်းတွေ၊ ခန္ဓာကိုယ် ခုခံအားစနစ်နဲ့ အခြားစနစ်တွေကို ပြန်လည်ပြင်ဆင်ဖို့  လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။ တစ်နေ့မှာ ၆ နာရီအနည်းဆုံး အိပ်စက်ရင် ခန္ဓာကိုယ်ရဲ့ ပျက်စီးဆုံးရှုံးသွားတဲ့ အစိတ်အပိုင်းတွေကို ပြုပြင်ထိန်းသိမ်းဖို့ အချိန်လုံလောက်ပါတယ်။

ဒါထက်လျော့နည်းနေရင်တော့      ပြုပြင်လို့ မပြီးခင် လှုပ်ရှားမှုလုပ်ရလို့ ခန္ဓာကိုယ် ထိခိုက်မှုတွေ  တစ်နေ့ထက်တစ်နေ့    စုစည်း များပြားလာနိုင်ပါတယ်။

အရေးကြီးဆုံးဖြစ်တဲ့ ခုခံအားစနစ် လျော့နည်းကျဆင်းရင် ပြင်ပကနေ ရောဂါပိုးတွေ အလွယ်တကူ ၀င်ရောက် လာနိုင်ပါတယ်။

တစ်ခုကံကောင်းတာက အိပ်ရေး၀၀ အိပ်လိုက်တာနဲ့ ကော်တီစောတွေ အထွက်ရပ်ပြီးတော့ အင်ဆူလင်လည်း ပုံမှန်ပြန်လည် ထွက်ရှိလာနိုင်လို့ ဆီးချိုရောဂါလည်း ပြန်လည် သက်သာလာနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုရောဂါရှိသူတွေ အနေနဲ့ အိပ်ရေး၀၀ အိပ်ပါလို့ တိုက်တွန်းလိုပါတယ်။

မေး။ ။ ဆရာ့အနေနဲ့ မြ၀တီ စာဖတ်ပရိသတ်တွေကို ဘာများ ထပ်ပြောချင်ပါသလဲ ဆရာ။

ဖြေ။ ။ ဆီးချိုရောဂါကုသရာမှာ ပထမဆုံးပြောခဲ့သလို အစားအသောက်၊ အနေအထိုင်ကို ဂရုပြုပြီး လိုအပ်ရင် ဆီးချိုကျဆေးတွေ မှီဝဲရပါတယ်။ ဒီလိုမျိုး စနစ်တကျ လုပ်ဆောင်ဖို့   မိမိရဲ့မိသားစု ဆရာဝန်နဲ့ပဲဖြစ်ဖြစ်၊ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ဖြစ်ဖြစ် တိုင်ပင်ပြီး ထိထိရောက်ရောက် ကုသမယ်ဆိုရင် ဘ၀အရည်အသွေး မကျဆင်းဘဲ  လူတန်းစေ့ နေနိုင်ပါကြောင်း ပြောကြားလိုပါတယ်။    

Read 114 times
Rate this item
(0 votes)
Last modified on Tuesday, 21 January 2020 10:34

Latest from ကေတု