SJ WorldNews - шаблон joomla Авто

ထိတ်လန့်ဖွယ် ၂၀၂၀ နှစ်ဦး ရောဂါပိုး

Monday, 27 January 2020 10:46 Written by  font size decrease font size decrease font size increase font size increase font size

မှတ်မှတ်ရရ ပြောရမယ်ဆိုရင်တော့ ပြီးခဲ့တဲ့နှစ်ကုန်တဲ့နေ့  ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ပေါ့။

နောက်နေ့ဆိုရင် ၂၀၂၀ နှစ်ဦးရဲ့နှစ်ဆန်း ၁ ရက်နေ့ဖြစ်တော့မှာပါ။ အဲဒီနေ့မှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ၀ူဟန်မြို့မှာရှိနေတဲ့ လူအတော်များများဟာ နေမကောင်းဖြစ်ကြပါတယ်။ လူတွေရာနဲ့ချီပြီးတစ်ချိန်ထဲမှာ ဖြစ်ကြတာ။ နှာစေး၊ ချောင်းဆိုးပြီး ဖျားကြတာလေ။ အလွယ်ပြောရင်တော့ တုပ်ကွေးဆန်ဆန်ဖြစ်တာပေါ့။ အားလုံး ထိတ်လန့်ဖွယ်ပေါ့။ အဲဒီဖြစ်ရပ်ကိုသူတို့နိုင်ငံက ကျန်းမာရေး ပညာရှင်များ သုံးသပ်တာက ဒီလိုဖြစ်တာဟာ အသား၊ ငါး၊ ပုစွန်အစရှိတဲ့ အစားအသောက်တွေနဲ့ ပတ်သက်မယ်။ အဲဒီအသားငါးတွေမှာ ဒီပိုးပါမယ်ပေါ့။ ၂၀၂၀ နှစ်ဦးရောဂါပိုးပေါ့။ အမဲသားမှာ ပါတာလား။ ၀က်သားမှာပါတာလား။ ကြက်သားမှာ ပါတာလား။ ဘဲသားမှာ ပါတာလား မပြောနိုင်သေးပါ။ ငါးကလား၊ ပုစွန်ကလား၊ ရေခူကလား၊ ပြည်ကြီးငါးကလားဆိုတာလည်း မသိသေးပါ။ အဲဒီအသား၊ ငါးမျိုးစုံထဲက တစ်ခုခုမှာပါကြောင်း အတည်ပြုနိုင်ရင်တော့ အဲဒါကိုမကိုင်ရင်၊ မစားရင် ဒီ ၂၀၂၀ နှစ်ဦးရောဂါပိုး မဖြစ်နိုင်တော့ဘူးပေါ့။

ဒီ ၂၀၂၀ နှစ်ဦးရောဂါပိုးကို ဘယ်လို အမျိုးအစားလဲလို့ လေ့လာကြည့်တဲ့အခါ ကိုရိုနာဗိုင်းရပ်တစ်မျိုး ဖြစ်ကြောင်း သိရှိရပါတယ်။ ဒီဗိုင်းရပ်က ယခင်နှစ်များတုန်းက  ကျွန်မတို့အားလုံး စိတ်ပူခဲ့ရတဲ့  မား(MARS) တို့၊ ဆား(SARS)တို့ဖြစ်စေတဲ့ ဗိုင်းရပ်နဲ့ ဆွေမျိုးတော်စပ်ပါတယ်။ အဲဒီတော့ ကြောက်စရာကောင်းတဲ့ နာမည်ကြီးဗိုင်းရပ်ပဲပေါ့။

နေရာတစ်နေရာတည်းမှာ လူတွေရာချီပြီး တစ်ချိန်တည်းဖြစ်ကြတာလည်း  စိတ်ပူစရာပေါ့။ သူတို့တိုင်းပြည်မှာလည်း စပြီးဖြစ်တဲ့ ၀ူဟန်မြို့မှာတင်မကဘူး။ အခြားမြို့ရွာတွေကိုလည်း  ပျံ့နှံ့ကုန်ပြီလို့ဆိုပါတယ်။

ဒါတောင် သူတို့တိုင်းပြည်မှာ လေဆိပ်တွေ၊ ကားဂိတ်တွေ၊ သင်္ဘောဆိပ်တွေမှာ ဒီရောဂါလက္ခဏာ ခံစားနေရတဲ့သူတွေကို  ခရီးသွားခွင့်မပေးဘဲ စောင့်ကြည့်ပြီး လုပ်နေတာလေ။ ဒါတင်မကသေးပါဘူး။ ခုဆိုရင် ထိုင်းနိုင်ငံမှာ ဒီ ၂၀၂၀ နှစ်ဦးရောဂါပိုးရှိသူ နှစ်ဦး၊ ဂျပန်နိုင်ငံမှာ တစ်ဦး၊ ကိုရီးယားနိုင်ငံမှာ တစ်ဦး၊ ထိုင်ဝမ်နိုင်ငံမှာ တစ်ဦးဖြစ်နေပြီလို့ တရားဝင်ကြေညာထားပါတယ်။

ဒီလိုဆိုရင်   အခုရောဂါဖြစ်နေတဲ့ တိုင်းပြည်နဲ့ လေယာဉ်ပျံနဲ့ အဆက်အသွယ်လုပ်နေတဲ့    ကျွန်မတို့ တိုင်းပြည်ကလူတွေရော ကူးနိုင်တာပေါ့။ ကားလမ်းနဲ့လည်း ဆက်သွယ်နေတာလေ။ ဘယ်လိုလုပ်ကြမလဲ။

သူတို့တိုင်းပြည်ရဲ့ကျန်းမာရေး ဌာနက တရားဝင် ထုတ်ပြန်ချက်အရ ဒီ ၂၀၂၀ နှစ်ဦးဗိုင်းရပ်ပိုးဟာ လူမှာဖြစ်တာ ဒါဟာ ပထမဆုံး အကြိမ်ပဲလို့ ဆိုပါတယ်။

ဒါကြောင့်မို့လို့လည်း   ဒီဗိုင်းရပ်ကို ကာကွယ်ဆေး၊ ကုသဆေး မဖော်ဆောင်နိုင်သေးပါ။ ဒီရောဂါဖြစ်နေတဲ့ လူတွေကို    အနီးကပ်စောင့်ကြည့် ကုသပေးနေတဲ့ ကျန်းမာရေး ၀န်ထမ်းတွေလည်း ဒီရောဂါကူးစက်ခံရပြီလို့ ဆိုပါတယ်။ ဒီရောဂါပိုးရဲ့အစဟာ အသား၊ ငါးက

ကူးစက်တယ်လို့ပြောပေမယ့် လူလူချင်း ကူးစက်ကုန်တာတော့ ထိတ်လန့်ဖွယ် ကောင်းတာပေါ့။ ဒါ့အပြင် ဒီရောဂါကြောင့် သေဆုံးသူတွေ ရှိတယ်ဆိုတာကိုလည်း အတိအလင်း ကြေညာထားပါတယ်။ အသက်အရွယ်ကြီးတဲ့ အဘိုးအဘွားတို့၊ ကိုယ်ခံအားနည်းသူတို့၊  ကျောက်ကပ်၊  နှလုံး၊ အသည်းရောဂါရှိသူတို့ အားနည်းတဲ့ အခံရှိသူတွေပဲပေါ့။ အထူးဂရုပြုရမှာပေါ့။

ဒီရောဂါပိုးပါတဲ့ အသား၊ ငါးတွေကိုင်ပြီး လက်မဆေးဘဲ စားရင် အန္တရာယ်ရှိပါတယ်။ ဥပမာ-ကျွန်မက ဈေးထဲမှာ ငါးကိုလတ်၊ မလတ် ပါးဟက်ကိုဖြဲကြည့်မယ်။  ပြီးရင်ဈေးထဲမှာ  ဗယာကြော် ၀ယ်စားမယ်။

လက်မဆေးဘူးဆိုရင် အဲဒီငါးမှာ ၂၀၂၀  နှစ်ဦးရောဂါပိုးပါရင်  ကျွန်မဒီရောဂါဖြစ်မှာပေါ့။  ဒီအချက်ဟာ အိမ်ရှင်မတွေအတွက် သတိပြုစရာပါ။

ဒီ ၂၀၂၀ နှစ်ဦးရောဂါပိုးဟာ ရောဂါပိုးရှိသူတွေ နှာချေတဲ့အခါ၊ ချောင်းဆိုးတဲ့အခါ သူ့အနားမှာရှိတဲ့ လေထဲကိုရောက်သွားပါတယ်။ ရောဂါပိုးတွေရှိနေတဲ့ လေကို ဘယ်သူပဲရှူမိရှူမိ ဒီရောဂါ ကူးစက်နိုင်ပါတယ်။

ဒါ့အပြင် နှာချေ၊ ချောင်းဆိုးလို့ အပြင်ကိုထွက်လာတဲ့ ဗိုင်းရပ်ပိုးဟာ   လှေကားလက်ရန်း၊  တံခါးပေါင်၊ စားပွဲ၊ ထိုင်ခုံတွေပေါ်မှာလည်း  ကပ်နေနိုင်ပါတယ်။

ကိုယ်က အဲဒီလှေကား လက်ရန်းကိုကိုင်ပြီး   မိမိရဲ့နှာခေါင်းကို အမှတ်တမဲ့ပွတ်မိတဲ့အခါ သို့မဟုတ် မျက်စိကိုပွတ်မိတဲ့အခါ သို့မဟုတ် ပါးစပ်ကို ကိုင်မိတဲ့အခါ သို့မဟုတ် မုန့်စားတဲ့အခါ ဒီရောဂါပိုးဟာကျွန်မတို့ရဲ့ ခန္ဓာကိုယ်ထဲကို ပျော်ပျော်ကြီး ၀င်လာမှာပါ။

ဒါကြောင့် နှာချေတဲ့အခါ၊ ချောင်းဆိုးတဲ့အခါ၊ လက်ကိုင်ပ၀ါဖြင့်အုပ်ပြီး နှာချေခြင်း၊ ချောင်းဆိုးခြင်းပြုသင့်ပါတယ်။ ကိုယ့်ဆီကပိုးကို အများပြည်သူကို ကူးစက်မှုမှ ကာကွယ်ပေးနိုင်တဲ့ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။ ဒါဟာ လုပ်ကိုလုပ်ရမယ့် စည်းကမ်းလို့ပဲ ပြောချင်ပါတယ်။ ကုသိုလ်စိတ်နဲ့လုပ်ရင် ကန့်လန့်ကာ နောက်ကွယ်ကလုပ်တဲ့ အလှူပဲမဟုတ်ပါလား။ ဒါ့အပြင် နှာရည်ကို တွေ့တဲ့နေရာမှာ ညှစ်ပြီးသုတ်တာတို့၊ သလိပ်ကိုတွေ့တဲ့ နေရာမှာထွေးတာတို့ဟာ ဒီ ၂၀၂၀ နှစ်ဦး ဗိုင်းရပ်ပိုးပြန့်ပွားအောင် အားပေးနေသလိုဖြစ်ပါတယ်။ဆင်ခြင်ကြပါ။

တစ်ခါတလေကျရင် ကျွန်မတို့လူမျိုးက ပါးစပ်က ပြောရုံနဲ့ လိုက်နာမှု အားနည်းတယ်လို့ ထင်ပါတယ်။

စောင့်ကြည့်ပြီး ပြစ်ဒဏ်ပေးတာ သို့မဟုတ် ဒဏ်ကြေးတပ်တာတွေ လုပ်ရင်များ ပိုကောင်းမလားလို့ တွေးမိပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က မွန်းလွဲ ၂ နာရီလောက်ပဲ ရှိသေးတယ်။ ကျွန်မတို့ဆေးရုံရဲ့ မျက်နှာစာထောင့်ဘက်မှာ အသက် ၃၀ နှစ်လောက်ရှိတဲ့ လူတစ်ယောက်

မတ်တတ်ရပ်ပြီး   အပေါ့သွားနေတာ တွေ့ပါတယ်။ ကျွန်မက မိန်းမသားဆိုတော့ ဘယ်လိုလုပ်ပြီး ““ဟဲ့ ရပ် ဒီမှာဆီးမသွားနဲ့”” လို့ပြောမလဲ အနားမှာရှိတဲ့ ဆရာဝန်တစ်ဦးကို သွားမေးစမ်း၊ ဒီလိုမလုပ်ရဘူးလို့ ပြောခိုင်းရတယ်။ သူဟာ စိတ်ရောဂါလူနာလည်း မဟုတ်ပါ။ မျက်စိဌာန ပြင်ပလူနာဖြစ်တယ်လို့ ပြောပါတယ်။ စဉ်းစားကြည့်ပါ။ နှာချေတဲ့အခါ၊ ချောင်းဆိုးတဲ့အခါ၊ သလိပ်ထွေးတဲ့အခါ လိုက်နာရမယ့် စည်းကမ်းကို ဘယ်လောက် လိုက်နာမလဲဆိုတာ။

နောက်တစ်ခုကတော့ ကျွန်မတို့ နေမကောင်းဖြစ်ပြီ ဆိုရင်၊ နှာချေ၊ ချောင်းဆိုးဖြစ်ပြီဆိုရင် နှာခေါင်းစည်းတပ်သင့်ပါတယ်။ မိမိအသက်ရှူထုတ်တဲ့ လေမှာပါတဲ့ ရောဂါပိုး ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားတာကို အတတ်နိုင်ဆုံး ကာကွယ်တာဖြစ်ပါတယ်။ ဖြစ်နိုင်ရင် တုပ်ကွေးလို ရောဂါဖြစ်ပြီဆိုရင် လူထူထပ်တဲ့နေရာ မသွားသင့်ပါဘူး။ အဲယားကွန်း တပ်ထားတဲ့ဘတ်စကား၊ ရှော့ပင်းစင်တာတွေ၊ ဓာတ်လှေကားတွေဟာ အလုံပိတ်အခန်းတွေ ဖြစ်တော့   ရောဂါပိုးပျံ့နိုင်ခြေ အများဆုံးဖြစ်တဲ့ နေရာတွေပဲဖြစ်ပါတယ်။

စောစောကပြောသလိုပဲ     ရောဂါပိုးရှိတဲ့လူ ချောင်းဆိုးတဲ့အခါ ထွက်လာတဲ့ပိုး၊ နှာချေတဲ့အခါ ထွက်လာတဲ့ပိုးတွေဟာ တံခါးပေါင်၊ လှေကားလက်ရန်း၊ ဘတ်စကားလက်တန်းတို့မှာ ကပ်နေမှာပါ။ ဒါကို ကိုင်မိပြီး ကိုယ်ရဲ့နှာခေါင်းပွတ်တဲ့အခါ၊ မျက်စိကို ပွတ်တဲ့အခါ၊ မုန့်ကိုကိုင်စားတဲ့အခါ၊ ကျွန်မတို့ ခန္ဓာကိုယ်ထဲ ဒီပိုးက ၀င်သွားမှာပါ။ ဒါကြောင့် လက်ကို ဆပ်ပြာနဲ့ သေသေချာချာ ဆေးကြောမယ်ဆိုရင် ဒီလိုကူးစက်တာ ကာကွယ်နိုင်ပြီပေါ့။ အခု ဒီရောဂါစပြီး ဖြစ်တဲ့ နိုင်ငံမှာတောင် ရောဂါကာကွယ်ရေး လုပ်ငန်းတွေထဲမှာ လက်ကိုဆပ်ပြာနဲ့ စင်ကြယ်စွာ ဆေးကြောခြင်းဟာ အကောင်းဆုံးဆိုပြီး ပြောနေပါတယ်။

ဒါ့အပြင် ကျွန်မတို့ဟာ ဒီ ၂၀၂၀ နှစ်ဦး ရောဂါပိုးရဲ့  လက္ခဏာတွေ ခံစားနေရပြီဆိုရင်  နီးစပ်ရာ ကျန်းမာရေး ဌာနတွေကို အမြန်ပြသပါ။ ဒီရောဂါ လက္ခဏာတွေကတော့ ဖျားမယ်၊ နှာစေးမယ်၊ ချောင်းဆိုးမယ်၊ မောကျပ် သလိုဖြစ်မယ်ပေါ့။  ပြောရရင် ခါတိုင်းဖြစ်နေကျ  ““တုပ်ကွေးရောဂါ”” လက္ခဏာတွေပဲပေါ့။ ဒီ ၂၀၂၀ နှစ်ဦး ဗိုင်းရပ်ရဲ့ထူးခြားချက်က သူက အဆုတ်ကို ရောင်စေရုံတင်မကဘူး ကျွန်မတို့ရဲ့ အရေးကြီးတဲ့ ဌာနချုပ်တွေဖြစ်တဲ့  ကျောက်ကပ် ၊ အသည်း၊ နှလုံး၊ ဦးနှောက် အစရှိသည်တို့ကိုလည်း တိုက်ခိုက်တယ်လေ။  ဌာနချုပ်တွေ ကျဆုံးရင်တော့ အသက်အန္တရာယ် ဆုံးပါးသွားနိုင်တာပေါ့။

ကျွန်မက ဒီဆောင်းပါးရဲ့ ခေါင်းစဉ်က ““ထိတ်လန့်ဖွယ် ၂၀၂၀ နှစ်ဦးရောဂါပိုး””လို့ပေးထားပြီး စိတ်ပူစရာတွေပဲ ပြောနေလို့ ဒါကိုဖတ်ပြီး စိတ်ဓာတ်မကျသွားပါနဲ့ဦး။ ကျွန်မတို့ခန္ဒာကိုယ်ထဲမှာ  ကိုယ်ပိုင်စစ်တပ် ရှိတယ်လေ။  ကိုယ်ပိုင်စစ်တပ်ဆိုတာ ကိုယ်ခံစွမ်းအားကို ဖြစ်စေတယ်လေ။ ရန်သူအနားကပ်လာပြီဆိုတာနဲ့  အဲဒီကိုယ်ပိုင်စစ်တပ်က စစ်သည်တွေက   ရန်သူကိုပြန်လည် တွန်းလှန်ကြမှာ။  အဲတော့ ကိုယ်ပိုင်စစ်တပ် အားပြည့်အောင် အိပ်ရေး၀၀အိပ်၊ ကျန်းမာရေး သင့်တော်တဲ့ အစားအစာကို ရွေးပြီးစားပါ။ ကိုယ်လက်လှုပ်ရှားမှု   အသင့်အတင့်လုပ်ပါ။

စိတ်ရောကိုယ်ပါ အနားယူတဲ့ အချိန်လည်းပေးပါ။ သန့်ရှင်းတဲ့ရေကို   များများသောက်ပါ။ ဒါတွေဟာ ကိုယ်လုပ်မှ ကိုယ်ရတာ။

အဲဒီလို ကိုယ်ခံစွမ်းအားလည်း ကောင်းမယ်။ လူအများရှိတဲ့ နေရာသွားမယ်ဆိုရင် နှာခေါင်းစည်းတပ်မယ်။ လက်ကိုဆပ်ပြာနဲ့ စင်ကြယ်စွာ ဆေးမယ်။ အသားငါးကိုင်ပြီး လက်ဆေးမယ်ဆိုရင် ““၂၀၂၀ နှစ်ဦး ရောဂါပိုး””လိုမျိုး ကာကွယ်ဆေးမရှိ၊ ကုသဆေးမရှိတဲ့ ရောဂါကို ကျော်လွှားနိုင်မှာပါ။ ကျွန်မတို့ တစ်ဦးချင်းစီရဲ့ လုပ်ဆောင်ချက်တွေ အရေးကြီးသလို စုပေါင်းအားလည်း လိုပါတယ်။    

ပါမောက္ခ ဒေါက်တာ ခင်ဖြူပြာ

Read 21 times
Rate this item
(0 votes)
Last modified on Monday, 27 January 2020 10:48