SJ WorldNews - шаблон joomla Авто

ကိုယ်ဝန်ဆောင်ခြင်းနှင့် ရင်သားကင်ဆာ(၁)

Tuesday, 04 February 2020 10:23 Written by  font size decrease font size decrease font size increase font size increase font size

နောက်ဆုံးနှစ်  အပိုင်း(ခ)ဆေးကျောင်းသား ဘ၀တုန်းက  ခွဲစိတ်ဆောင်မှာ ရင်သားကင်ဆာဖြစ်နေသည့် ကိုယ်ဝန်သည် တစ်ယောက်ကို စတင်မြင်ဖူးခဲ့သည်။ သမားတော်ဘ၀မှာလည်း တစ်ခါတလေ တွေ့ရသည်။

ကင်ဆာဆရာဝန်ဖြစ်လာတော့ ရင်သွေး လွယ်ထားပြီးမှ ရင်သားကင်ဆာ ဖြစ်လာသည့်လူနာတွေကို  အတော်များများ  တွေ့လာရပါသည်။

အမျိုးသမီးများ၏ ဘ၀ရည်မှန်းချက်ထဲမှာ အိမ်ထောင်သားမွေး၊ တိုးပွားစည်ပင်  စတာတွေပဲ ပါဝင်မှာပါ။  ရင်သားကင်ဆာဖြစ်ဖို့ အစီအစဉ် ဘယ်သူ့ဆီမှာမှ ရှိမှာမဟုတ်။ သို့ပေမယ့် ကံမကောင်း၊ အကြောင်းမလှသဖြင့် ကိုယ်ဝန်ဆောင်ချိန်  ရင်သားကင်ဆာဖြစ်လာတော့လည်း ရဲရဲရင်ဆိုင် ဖြတ်သန်းကြဖို့ ဖြစ်သည်။  မိမိအတွက်သာမက မိမိရင်သွေး ကလေးအတွက်ပါ သတိ္တမွေးပြီး ရင်ဆိုင်ကြရမည်။

ရင်သားကင်ဆာက  အသက် ၅၀ ကျော နောက်ပိုင်းကာလများမှာ အဖြစ်များသည်။ အိမ်ထောင်သားမွေး အရွယ် အမျိုးသမီးများမှာ ရင်သားကင်ဆာ အဖြစ်နည်းသည်။ သို့ပေမယ့် အသက် ၂၀ ကျော်၊ ၃၀ ကျော် အရွယ် မိန်းကလေးတွေလည်း  ရင်သားကင်ဆာ ဖြစ်ကြတာရှိသည်။

ကိုယ်ဝန်ဆောင်သည့် အရွယ်မှာ   ရင်သားကင်ဆာ ဖြစ်တတ်တာမို့ ရင်သားကင်ဆာနှင့် ကိုယ်ဝန်တစ်ချိန်တည်း ဖြစ်တတ်ကြတာ မထူးဆန်းဟု ဆိုရမည်။

တချို့ကလည်း အိမ်ထောင်မကျခင် အပျိုဘ၀မှာပဲ ရင်သားကင်ဆာ ဖြစ်ကြသည်။ ကုသမှုတွေ ယူရသည်။ ရင်သားကင်ဆာ ကုသအောင်မြင်ပြီးသည့်နောက် အိမ်ထောင်ပြုကြသည့်အခါ ရင်သွေးရနိုင်ဖို့ အခက်အခဲ ဖြစ်ကြရသည်။ အမျိုးသမီးများအတွက် ရင်သားကင်ဆာဖြစ်ဖို့ သင့်လျော်သည့် အရွယ်မရှိပါ။  ရှိလည်း မရှိသင့်ပါ။ သို့ပေမယ့် အိမ်ထောင်သားမွေးအရွယ်၊ ငယ်ရွယ်ချိန်မှာ ရင်သားကင်ဆာဖြစ်ခြင်းက တခြားအသက်ကြီးပိုင်းနှင့်မတူပဲ အတန်ငယ် ရှုပ်ထွေးသည့်ပြဿနာများနှင့် ပိုမိုရင်ဆိုင်ကြဖို့ရှိသည်။

ကိုယ်ဝန်ဆောင်ချိန် ရင်သားကင်ဆာ ဖြစ်ပွားခြင်း ကိုယ်လေးလက်ဝန်ရှိသည့်အချိန်မှာ ရင်သားကင်ဆာဖြစ်တာ ရှားသည်။ ကိုယ်ဝန်ဆောင် မိခင်အယောက် ၃၀၀၀ တွင်မှ ရင်သားကင်ဆာ ဖြစ်သူ တစ်ဦးရှိသည်ဟု  ဆိုသည်။ သို့ပေမယ့် ခေတ်ကာလ ပြောင်းလဲမှုအရ အိမ်ထောင်ပြုချိန် နောက်ကျသည်။ ကလေးယူချိန်လည်း နောက်ကျလာသည်။ ရင်သားကင်ဆာကလည်း အသက်ကြီးပိုင်းမှာ ပိုဖြစ်သည်။

သည်လိုနှင့် ကိုယ်ဝန်ဆောင်ချိန် ရင်သားကင်ဆာဖြစ်သူတွေ ပိုမိုများလာရတော့သည်။

““ရင်သားကင်ဆာဖြစ်နေပြီ””ဟု သိလိုက်ရသည်နှင့်  စိတ်ညစ်ညူးရသည်။ စိတ်ဓာတ်ကျရသည်။ သည်ကြားထဲ ကိုယ်ဝန်ဆောင်ချိန်မှာ သည်သတင်းကိုကြားလိုက်ရလျှင် ဘယ်လောက်များ စိတ်ထိခိုက်ကြရလေမလဲ။ မိမိအသက်ကို ရှည်အောင်ကြိုးစားဖို့ တာဝန်ရှိလာသလို တစ်ပြိုင်တည်းမှာပဲ ဗိုက်ထဲက ရင်သွေးလေးကိုပါ ကာကွယ်စောင့်ရှောက်ဖို့တာဝန်ပါတိုးလာသည်။

ရောဂါရှာဖွေခြင်း

ကိုယ်ဝန်ဆောင်ချိန် ရင်သားကင်ဆာဖြစ်လျှင် အကျိတ်ပိုကြီးတတ်သည်။ ကိုယ်ဝန်ဆောင်တော့မှ အမျိုးသမီးများ၏ သားမြတ်က အဖွံ့ဖြိုးဆုံး အချိန်ရောက်သည်။  ကိုယ်ဝန်ဆောင်ချိန်မှာ သားမြတ်တွေကြီးလာတတ်တာ သဘာဝမို့ ရင်သားကင်ဆာ အကျိတ်တွေ သတိမထားမိ ဖြစ်တတ်ကြသည်။ ရင်သားမှာ ကင်ဆာကျိတ်ရှိမှန်း အသိနောက်ကျသည့်အတွက် ချိုင်းကြားက အကျိတ်တွေဆီ ကင်ဆာက ပျံ့နှံ့သွားတတ်သည်။ သည်တော့ ကုသမှု လုပ်ငန်းစဉ်တွေလည်း ပိုလာရတော့သည်။

ကိုယ်ဝန်ရှိနေလို့  ရင်သားကင်ဆာကို ကုသလို့  မဖြစ်နိုင်တာတော့ မဟုတ်ပါ။ နည်းနည်း ပိုရှုပ်ထွေးတာက လွဲလို့  ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားကင်ဆာဖြစ်ရင်လည်း ကုသလို့ရနိုင်သည်။

ကိုယ်ဝန်ဆောင်ထားချိန် ရင်သားမှာ  အကျိတ်စမ်းမိပါက တခြားအချိန်တွေမှာလို ရင်သားဓာတ်မှန် တန်းရိုက်လို့မရ။ သံလိုက်စက်ကွင်း ဓာတ်မှန်ဖြင့် စစ်ဆေးခြင်းကိုလည်း ကိုယ်ဝန်ဆောင်ထားချိန် မပြုလုပ်ရ။

ရင်သားဓာတ်မှန်စက်က ဓာတ်ရောင်ခြည်တွေကို ကလေးဆီ မရောက်စေလို။ MRI ခေါ် သံလိုက်စက်ကွင်း ဓာတ်မှန်မ Gadolinium အမည်ရ ဆေးကိုလည်း  ကလေးများဆီ မရောက်အောင်  သတိထားဖို့လိုသည်။

သည့်အတွက်  ကိုယ်ဝန်ဆောင် ရင်သားကင်ဆာလူနာတွေ အားအကိုးရဆုံးက Ultrasound   ဟု ခေါ်ကြသည့်  တီဗီဓာတ်မှန်ဖြစ်သည်။

ရင်သားမှာ အကျိတ်ရှိနေပြီဟု သံသယရှိသည်နှင့် ရင်သား တီဗီဓာတ်မှန်ကို အမြန်ဆုံးရိုက်ကြည့်ဖို့လိုသည်။ သိပ်လိုအပ်ပြီဆိုပါက ရင်သားဓာတ်မှန်ရိုက် စစ်ဆေးခြင်းအား ကိုယ်ဝန်မထိခိုက်အောင် ၀မ်းဗိုက် အကာအကွယ်ဝတ်လျက် ပြုလုပ်လို့ရသည်။

ကုသခြင်း

အထက်က တင်ပြခဲ့သလို ကိုယ်ဝန်ဆောင်ချိန် ရင်သားကင်ဆာ ဖြစ်ပွားခြင်းကို ကုသရာမှာ    ၀မ်းဗိုက်ထဲက ရင်သွေးကို မထိခိုက်စေရအောင် ချိန်ဆပြီး ကုသဖို့လိုသည်။ သို့ပေမယ့် ကုသမှုအခက်အခဲနှင့် ကန့်သတ်ချက်တွေ ရှိသည်။  ဥပမာ ရင်သားကိုဖြတ်ထုတ်သည့် ခွဲစိတ်မှုပြုမည်ဆိုလျှင် သားပျက်သားလျှော သွားနိုင်သည်။ ကလေးစောမွေးနိုင်သည်။ ကင်ဆာဆေးများ သွင်းပြီး ကုသမည်ဆိုလျှင်လည်း  မိခင်အတွက် အသက်ကယ်နိုင်ပေမယ့် ရင်သွေးငယ်ကို ထိခိုက်မှုတွေဖြစ်နိုင်သည်။

ကိုယ်ဝန်ဆောင်ချိန်  ရင်သားကင်ဆာဖြစ်ပွားခြင်းကို ကုသရာမှာ ခွဲစိတ်ဆရာဝန်၊ ကင်ဆာအထူးကု ဆရာဝန်၊သားဖွားမီးယပ် ဆရာဝန်ကြီးနှင့်  မွေးကင်းစကလေး အထူးကုဆရာဝန်များ ပေါင်းစပ်ညှိနှိုင်းပြီး အဖွဲ့တစ်ဖွဲ့အနေဖြင့် အပေးအယူမျှစွာ ကုသဖို့ လိုအပ်သည်။ အများသိကြသည့်အတိုင်း ကိုယ်ဝန်ဆောင်ခြင်း ကာလကို ပထမသုံးလ၊ ဒုတိယသုံးလ၊ တတိယသုံးလ စသည်ဖြင့် ခွဲခြားထားသည်ဖြစ်ရာ အဘယ်သုံးလမှာ ရင်သားကင်ဆာ ဖြစ်သလဲဆိုသည်ပေါ် မူတည်လျက် ကင်ဆာကုထုံးများလည်း ပြောင်းလဲသွားရသည်။

ကိုယ်ဝန်တတိယ သုံးလမှာ ရင်သားကင်ဆာဖြစ်လျှင် တတိယသုံးလဆိုတော့ မွေးတော့မည့် အချိန်ရောက်လုပြီ။ ကိုယ်ဝန် ၃၅ ပတ်ဆိုလျှင်ကိုပဲ ကလေးငယ်၏ ကိုယ်တွင်းကလီစာ အားလုံးက ရင့်ကျက်နေပြီ။ လူ့လောကထဲ ၀င်ရောက်လာဖို့ အားလုံးအသင့်ဖြစ်နေပါပြီ။  ထိုတတိယ သုံးလမှာ  ရင်သားကင်ဆာဖြစ်လျှင်  ကင်ဆာကို ချက်ချင်းမကုသေးဘဲ ကလေးမွေးပြီးသည်အထိ စောင့်ကြသည်။ ကလေးကိုစောပြီး မွေးစေတာမျိုး ဗိုက်ခွဲပြီး မွေးလိုက်တာမျိုးလည်း ရှိသည်။ ကလေး ထွက်သွားပြီဆိုလျှင်တော့ ရင်သားကင်ဆာ ကုသမှုကို စိတ်ကြိုက် ကုသလို့ရပေပြီ။

အကယ်လို့ ရင်သားကင်ဆာက အတော်ရင့်နေပြီ။ ကုကိုကုမှဖြစ်တော့မည့် အနေအထား ဆိုလျှင်လည်း  ကိုယ်ဝန်တတိယ သုံးလမှာ  စိတ်ချလက်ချ ခွဲစိတ်လို့ ရနိုင်ပါသည်ဟူသော ခိုင်မာသည့် သုတေသန အထောက်အထားတွေ ရှိနေသည်။  ရင်သားကို ခွဲစိတ်နေစဉ် ကလေးမွေးတော့မည့် အနေအထားကြုံလာလျှင် မွေးပေးနိုင်ဖို့  သားဖွားမီးယပ် အဖွဲ့က အသင့်စောင့်နေပေးဖို့ လိုသည်။ သည်ကာလမှာ ကင်ဆာဆေး သွင်းရမည့် အနေအထား ရှိလာလည်း  စိတ်ချလက်ချ သွင်းလို့ ရသည်။ ကလေးက ဖွံ့ဖြိုးပြီး အခြေအနေဆိုတော့  ကင်ဆာဆေးများ၏ ဒဏ်ကိုလည်း သိပ်ကြောက်စရာမလိုတော့။

ကိုယ်ဝန်ဒုတိယသုံးလမှာ ရင်သားကင်ဆာဖြစ်လျှင် ကိုယ်ဝန်ဒုတိယ သုံးလကာလမှာ ကိုယ်ဝန် ၁၃ ပတ်မှ ၂၄ ပတ်ကာလအထိ အကျုံးဝင်သည်။ ထိုကာလအတွင်းမှာ ကလေးငယ်ကလည်း အပြည့်အစုံမဖွံ့ဖြိုးသေး။ သည်တော့ စောမွေးဖို့မဖြစ်နိုင်။ ကိုယ်ဝန် ၁၃ပတ်၊ ၁၄ ပတ် ဒုတိယသုံးလပတ် အစောပိုင်းကာလမှာ ရင်သားကင်ဆာကို စသိရင်တော့ ကိုယ်ဝန်ကို တရားဝင် ဖျက်ချလို့ ရချင်ရနိုင်သေးသည်။

သည့်ထက် ကိုယ်ဝန်ရင့်သွားလျှင် ဖျက်ချဖို့ မဖြစ်နိုင်တော့ပြီ။ သည့်အတွက် ကိုယ်ဝန်ဒုတိယ သုံးလကာလများမှာ  ရင်သားကင်ဆာဖြစ်သူ အများစုသည်  ကလေးကို တတ်နိုင်သမျှညှာပြီး   ကင်ဆာကုသမှုပေးဖို့ လိုအပ်သည်။

ခွဲစိတ်ကုသမှုပိုင်းက ကြည့်လျှင်  ရင်သားအကျိတ်ကို ထုတ်သည့် ခွဲစိတ်မှု၊ ရင်သားတစ်ခုလုံးကို ဖြတ်ထုတ်သည့် ကုသမှုအားလုံး ပြုလုပ်နိုင်သည်။ သို့ပေမယ့် ကလေးစောမွေးခြင်းနှင့် သားပျက်သားလျှောခြင်းကို  အထူးသတိထားပြီး ဆောင်ရွက်ဖို့တော့  လိုသည်။ တချို့လူနာများမှာတော့  ကိုယ်ဝန်သက်ရင့်လျှင်  ခွဲစိတ်ကုသမှုကို သုံး၊ လေးပတ်နောက်ဆုတ် ထားလိုက်ကြသည်။ မတော်တဆများ ကလေးစောမွေးသွားခဲ့ရင်တော့ အသက်ရှင်ဖို့ခက်ခဲသလို နာတာရှည်ရောဂါများ၊ဖွံ့ဖြိုးမှုပြဿနာများနှင့် ကလေးငယ်မှာ ရင်ဆိုင်ဖို့ရှိသည်။

ကင်ဆာဆေးသွင်း ကုသသည့်အပိုင်းမှာတော့ ကိုယ်အင်္ဂါ ဖွံ့ဖြိုးနေဆဲ ကလေးငယ်အတွက် တချို့သော ကင်ဆာဆေးများက ထိခိုက်စေနိုင်သည်။ တစ်ဖက်မှာလည်း ကလေးငယ်ကို မထိခိုက်စေနိုင်သည့် ရင်သားကင်ဆာ ကုသဆေးများ ရှိနေသည်ဖြစ်ရာ အတွေ့အကြုံရှိ ကင်ဆာဆရာဝန်နှင့် ကုသပေးလို့ရသည်။

ကိုယ်ဝန်ပထမ သုံးလမှာ ရင်သားကင်ဆာဖြစ်လျှင် ကိုယ်ဝန်ပထမ သုံးလအတွင်းဖြစ်သည့် ရင်သားကင်ဆာ  လူနာများကို ကုသဖို့ အလွန်ခက်ခဲသည်။ ရင်သားကင်ဆာဖြစ်နေမှန်းလည်း သိပြီ။

ကလေးမီးဖွားပြီးမှ ကုသမည်ဆိုလျှင် ကိုးလ၊ ဆယ်လစောင့်ဆိုင်းရမည်။

ကင်ဆာကိုမကုပါက မိခင်အတွက် အလွန်အန္တရာယ်ကြီးသည်။ ကုမည်ဆိုလျှင်လည်း ဗိုက်ထဲက ကလေးကိုထိခိုက်မည်။ တစ်ဖက်ကလည်း ကိုယ်ဝန်ဆောင်ထားခြင်းကိုက ရင်သားကင်ဆာ ဖြစ်နေသည့် မိခင်အတွက် ရောဂါပိုဆိုး လာစေနိုင်သည်။ ကိုယ်ဝန်ရင့်လာသည်နှင့် အမျှ Estrogen, Progesterone စသည့် ဟော်မုန်းတွေက သွေးထ ပိုများလာသည်။

၎င်းဟော်မုန်းများနှင့် ဆက်နွှယ်နေသည့် ရင်သားကင်ဆာမျိုး ဖြစ်နေပါက မိခင်ကိုဒုက္ခ အကြီးအကျယ်ပေးနိုင်သည်။

အထက်ပါအကြောင်းများကြောင့် ကိုယ်ဝန်ပထမ သုံးလမှာ ရင်သားကင်ဆာ ဖြစ်သူများအတွက် ကိုယ်ဝန်ဖျက်ချခြင်းက အကောင်းဆုံးသော ရွေးချယ်မှု တစ်ခုဖြစ်နေတတ်သည်။  ထိုရွေးချယ်မှုကို ရွေးချယ်ဖို့ကလည်း အတော့်ကို ခက်ခဲတတ်သည်။ ဘာသာရေးအရ၊ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာအရ၊ လူနာတစ်ဦးချင်းစီ၏ မျှော်လင့်ချက်အရ ကိုယ်ဝန်ဖျက်ချဖို့ ဆိုသည်မှာ အလွန်ခက်ခဲသည့် ဆုံးဖြတ်ချက် တစ်ခုဖြစ်နေတတ်သည်။

သားသမီးရှိပြီးသား မိခင်များအတွက်တော့ သည်တစ်ကြိမ် ကိုယ်ဝန်ကိုဖျက်ချပြီး ရှိပြီး သားသမီးများနှင့် ကျန်းကျန်းမာမာ ဆက်လက်နေထိုင်သွားဖို့ဟု ဖြေတွေးလို့ရနိုင်သည်။ သားသမီး မရှိသေးသည့် ရင်သားကင်ဆာ ကိုယ်ဝန်သည်များ အနေနှင့်လည်း သည်တစ်ကြိမ်ဖျက်ချပြီး ကင်ဆာကုသ အောင်မြင်ပြီးပါက နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်ဖို့ မျှော်မှန်းလို့ ရနိုင်ပါသေးသည်။

တချို့မိခင်များကတော့ အန္တရာယ်ကို ရင်ဆိုင်ပြီး ကိုယ်ဝန်လည်း မဖျက်၊ ကင်ဆာကိုလည်း မကုသေးဘဲ ဒုတိယကိုယ်ဝန် သုံးလကာလအထိ ဆွဲယူသွားတာမျိုးလည်း ရှိတတ်သည်။   လူနာကိုယ်တိုင် ဆုံးဖြတ်ချက်ဖြစ်သောကြောင့် အစစအရာရာ ခက်ခဲသည့် ဆုံးဖြတ်ချက်၊ အန္တရာယ်များလွန်းသည့် ဆုံးဖြတ်ချက်သာဖြစ်ပါသည်။  

ဒေါက်တာ လွှမ်းမိုးဟန်

Read 133 times
Rate this item
(0 votes)
Last modified on Tuesday, 04 February 2020 10:24