Print this page

ဟေမန်ဒေသံ ၀ူဟန်ဗိုင်းရပ် မပြတ်သတိ အစဉ်ရှိ

Thursday, 06 February 2020 12:08 Written by  font size decrease font size decrease font size increase font size increase font size

တရုတ်ပြည်သူ့သမ္မတနိုင်ငံ   ဟူပေပြည်နယ် ၀ူဟန်မြို့မှ စတင်ဖြစ်ပွားသော ကိုရိုနာဗိုင်းရပ်ကြောင့် တရုတ်ပြည်၌ ၃၆၁ ဦး သေဆုံးပြီး ရောဂါကူးစက်ခံရသူ ၁၇၂၀၀ ကျော်ရှိကြောင်း  The Straits  Times သတင်းစာကို ကိုးကား၍ မြ၀တီရောင်စုံနေ့စဉ် သတင်းစာက  ဖေဖော်ဝါရီ ၄ ရက်တွင် ဖော်ပြထားကြောင်း တွေ့ရသည်။ ကိုရိုနာဗိုင်းရပ်သည် အခြားနိုင်ငံများသို့ပါ ကူးစက်ပျံ့နှံ့လျက်ရှိရာ အာရှ-ပစိဖိတ်ဒေသ အတွင်းမှ သြစတြေးလျနိုင်ငံ၊  က္ဘောဒီးယားနိုင်ငံ၊  ဂျပန်နိုင်ငံ၊ မလေးရှားနိုင်ငံ၊  ဖိလစ်ပိုင်နိုင်ငံ၊   စင်ကာပူနိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊  ထိုင်းနိုင်ငံ၊  ဗီယက်နမ်နိုင်ငံ၊ အိနိ္ဒယနှင့် သီရိလင်္ကာနိုင်ငံသားတို့ ပါဝင်ကြသည်။ ရောဂါကူးစက် ပျံ့နှံ့မှုကို နိုင်ငံတကာ အရေးပေါ်ကျန်းမာရေး အခြေအနေအဖြစ် ကြေညာလိုက်ပြီး ရောဂါအမည်ကို 2019-nCoVဟု သတ်မှတ်ထားလိုက်သည်။ ထို့ပြင် မြောက်အမေရိကတိုက်မှ ကနေဒါနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စု၊ ဥရောပတိုက်မှ ဗြိတိန်နိုင်ငံ၊ ဖင်လန်နိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ ဂျာမနီနိုင်ငံ၊ အီတလီနိုင်ငံ၊ ရုရှားနိုင်ငံ၊  ဆွီဒင်နိုင်ငံ၊  စပိန်နိုင်ငံ၊  အရှေ့အလယ်ပိုင်းဒေသမှ အာရပ်စော်ဘွားများ ပြည်ထောင်စုတို့တွင်လည်း ကိုရိုနာဗိုင်းရပ် ကူးစက်ခံနေရသည်။

နေရာဒေသအသီးသီးသို့ ကိုရိုနာဗိုင်းရပ် ကူးစက်ပျံ့နှံ့သွားသည့် အခြေအနေများမှာ ၀ူဟန်တက္ကသိုလ်သို့   တက်ရောက်နေကြသူများနှင့်   တရုတ်နိုင်ငံမှ လာရောက်လည်ပတ်သော ကမ္ဘာလှည့် ခရီးသွားများကြောင့်ဖြစ်ကြောင်း တာဝန်ရှိသူများ၏ အတည်ပြု ပြောကြားချက်များအရ သိရပြီး တရုတ်နိုင်ငံပြင်ပတွင် ရောဂါကူးစက်ခံရသူ ၁၀၀ ကျော် ရှိကြောင်း သိရသည်။

ယခုအချိန်တွင်  ရောဂါကူးစက် ပျံ့နှံ့မှုကို နိုင်ငံတကာ အရေးပေါ်ကျန်းမာရေး အခြေအနေတစ်ရပ်အဖြစ် ကြေညာထားပြီး ရောဂါအမည်ကို 2019-nCoVအဖြစ် သတ်မှတ်ထားကာ နိုင်ငံတကာက အာရုံစိုက်နေကြရသော အခြေအနေ ရှိသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ် ဖြစ်ပွားနေသည့် ၀ူဟန်မြို့၌ ပိတ်မိနေသော မြန်မာကျောင်းသား၊ ကျောင်းသူများအား  ပြန်လည်ခေါ်ယူရန် မြန်မာအမျိုးသား လေကြောင်းလိုင်းမှ အထူးလေယာဉ်ဖြင့် ဖေဖော်ဝါရီ ၁ ရက် ညနေပိုင်းက သွားရောက်ခေါ်ယူကြရာ လေယာဉ်ပေါ်တွင် လေယာဉ်မှူးကြီး Capt. Khup Khan Maung ဦးဆောင် လေယာဉ်မှူးများနှင့် အတူ အင်ဂျင်နီယာ၊  ဆရာဝန်နှင့် လေယာဉ်မောင်များ  လိုက်ပါသွားကြသည်။  ၀ူဟန်တက္ကသိုလ် တက်ရောက်နေကြသော မြန်မာကျောင်းသား များအား ပြန်လည်ခေါ်ယူရာတွင်  ၀ူဟန်လေဆိပ်မှ မထွက်ခွာမီ တစ်ဦးချင်းအတွက် ကျန်းမာရေး စစ်ဆေးခြင်းနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အချက်အလက်များကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ဌာနဆိုင်ရာများက စစ်ဆေးကြသည်။ ထိုသို့စစ်ဆေးစဉ် မြန်မာကျောင်းသားတစ်ဦးနှင့် ကျောင်းသူတစ်ဦးတို့သည် စိတ်လှုပ်ရှားမှု၊ ရာသီဥတု အခြေအနေနှင့်  ကိုယ်အပူချိန် အနည်းငယ် မြင့်တက်နေခြင်းကြောင့် ၀ူဟန်မြို့မှ ကျန်းမာရေး

အာဏာပိုင်များက  တားမြစ်သဖြင့်    မြန်မာနိုင်ငံသို့ ပြန်လည်လိုက်ပါနိုင်ခြင်း မရှိဘဲ    မူလနေထိုင်သည့် ကျောင်းဆောင်များတွင် ပြန်လည်နေထိုင်ကြရသည်။ ဤသို့ တားမြစ်ရသည်မှာ ရောဂါမပြန့်ပွားရေးအတွက် လိုက်နာဆောင်ရွက် ရမည့် ကမ္ဘာလုံးဆိုင်ရာ စည်းမျဉ်းစည်းကမ်းအရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဘေဂျင်းမြို့ရှိ မြန်မာနိုင်ငံ သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် တရုတ်နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးနှင့် သက်ဆိုင်သော စည်းမျဉ်းစည်းကမ်းနှင့် မညီညွတ်သော မြန်မာကျောင်းသား တစ်ဦးနှင့် ဟူပေပြည်နယ် ၀ူဟန်မြို့ ပြင်ပ၌ ရောက်ရှိနေသော မြန်မာကျောင်းသား တစ်ဦးတို့ ပြန်လည်လိုက်ပါနိုင်ခြင်း မရှိသဖြင့်   ၀ူဟန်မြို့တွင် မြန်မာကျောင်းသားလေးဦး ကျန်ရစ်ခဲ့ပြီး လေယာဉ်ပေါ်တွင် ၅၉ ဦးသာ လိုက်ပါလာကြသည်။

ဝူဟန်တက်္ကသိုလ်မှ  ကျောင်းသား၊  ကျောင်းသူများအား  ခေါ်ဆောင်လာသော  မြန်မာအမျိုးသား လေကြောင်းလိုင်းမှ ဘိုးရင်းလေယာဉ်သည် ဖေဖော်ဝါရီ ၂ ရက်နံနက် ၄ နာရီတွင် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်လာကြသည်။ ၀ူဟန်မြို့မှပြန်လည်ရောက်ရှိလာကြသော ကျောင်းသား၊ ကျောင်းသူ ၅၉ ဦးနှင့် သွားရောက် ခေါ်ဆောင်ကြသော ဆရာဝန် သုံးဦးတို့ကို မန္တလေးရှိ ကန်တော်နဒီဆေးရုံသို့ ပို့ဆောင်၍ သီးသန့်အခန်းဖြင့် ထားကာ ၁၄ ရက်ကြာ စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။ ၀ူဟန်လေဆိပ်သို့ သွားရောက်ခေါ်ယူရာတွင် ပါဝင်ကြသော လေယာဉ်မှူး သုံးဦးနှင့် အင်ဂျင်နီယာတစ်ဦးတို့မှာ  လေယာဉ်မောင်းခန်း အတွင်းမှာသာနေပြီး လေယာဉ်နောက်ပိုင်းသို့ မသွားသဖြင့် အိမ်မှာစောင့်ကြည့် ၁၄ ရက်နေရမည်ဖြစ်သည်။

မန္တလေး ကန်တော်နဒီဆေးရုံ၌ ၁၄ ရက်ကြာ စောင့်ကြည့်စစ်ဆေး ခံကြရမည့်သူများ၏ အခြေအနေကို တစ်နေ့နှစ်ကြိမ် စစ်ဆေးပြီး တွေ့ရှိချက်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ သတင်းပို့ခြင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြခြင်းကို နေ့စဉ်ဆောင်ရွက်သွားမည်ဖြစ်ပြီး  ထူးခြားမှုရှိပါက  အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး   ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးမှူး   ဒေါက်တာသန်းသန်းမြင့်ထံမှ    ကြားသိရသည်မှာ အိမ်ပြန်လမ်းတွင် စိတ်ချမ်းသာဖွယ် ဖြစ်ရပါသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် 2019 Novel Coronavirus ရောဂါကြိုတင် ကာကွယ်ရေး ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊    ဆေးရုံများတွင် လူနာသီးသန့်ထားရှိပြီး   ထိရောက်သော ကုသမှုများ ဆောင်ရွက်ပေးနိုင်ရေး ပြည်သူလူထုအား ကျန်းမာရေး သတင်းအချက်အလက်များ    အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ခြင်း၊ ဓာတ်ခွဲစမ်းသပ်မှုများ အတည်ပြု သတ်မှတ်နိုင်ရေးတို့အတွက်   တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် ရောဂါစတင်ဖြစ်ပွားကြောင်း အတည်ပြုချက် ရရှိခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဇန်န၀ါရီ ၅ ရက်မှစတင်၍ သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် ပူးပေါင်းကာ    အရှိန်အဟုန်ဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ဖေဖော်ဝါရီ ၂ ရက် မွန်းလွဲပိုင်းက သတင်းထုတ်ပြန်ထားသည်။ အဆိုပါ သတင်းထုတ်ပြန်ချက်အရ    တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကျယ်ခေါင်မြို့မှ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်သို့   ဇန်န၀ါရီ ၂၀ ရက်တွင်  ရောက်ရှိလာသည့် အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးအား သံသယ လူနာအဖြစ် သတ်မှတ်၍ ကုသပေးပြီး စောင့်ကြပ်ကြည့်ရှုလျက် ရှိကြောင်း သိရသည်။ အလားတူ ဇန်န၀ါရီ ၁၉ ရက်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ စီချွမ်ပြည်နယ်မှ မြန်မာနိုင်ငံသို့  လာရောက်လည်ပတ်သည့် မိသားစုမှ အသက် ၁ နှစ် ၂ လအရွယ်ရှိ ကလေးငယ် တစ်ဦးတွင် ဖျားခြင်း၊    ချောင်းဆိုးခြင်း ရောဂါလက္ခဏာများဖြင့် ကျိုင်းတုံမြို့ရှိ ပုဂ္ဂလိကဆေးခန်းသို့ လာရောက်ပြသခဲ့ရာ အဆိုပါ ကလေးငယ်ကို သံသယလူနာအဖြစ် သတ်မှတ်၍ ဖေဖော်ဝါရီ ၁ ရက်တွင် ကျိုင်းတုံပြည်သူ့ဆေးရုံရှိ သီးခြားအခန်း၌ ထားရှိကုသလျက်ရှိပြီး လူနာအခြေအနေမှာ သက်သာ ကောင်းမွန်လျက်ရှိပါသည်။ လူနာနှင့် ထိစပ်လျက်ရှိသည့် မိသားစုဝင်ငါးဦးတို့မှာ ရောဂါလက္ခဏာ တစ်စုံတစ်ရာမရှိသော်လည်း   စောင့်ကြပ်ကြည့်ရှုလျက်ရှိသည်။    ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် 2019-nCoV ရောဂါပိုးကြောင့် ဖြစ်ပွားသည့်    အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါကာကွယ် နှိမ်နင်းရေး လုပ်ငန်းများကိုအရှိန်အဟုန်ဖြင့် ဆက်လက် ဆောင်ရွက်လျက်ရှိသည်။   ဤသို့ဆောင်ရွက်ရာတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို အပြည်ပြည်ဆိုင်ရာ   ၀င်/ထွက်ဂိတ်များတွင် လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ် လည်းကောင်း၊   ပြည်သူလူထုအခြေပြုစောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်းများကို လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် လည်းကောင်းပူးပေါင်း၍ အသေးစိတ်စစ်ဆေး ဆောင်ရွက်လျက်ရှိပါသည်။

အသေးစိတ် စစ်ဆေးရာတွင် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာ မတွေ့သူများသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားသော 2019 Novel  CoroNavirus ရောဂါအဓိပ္ပာယ်သတ်မှတ်ချက်နှင့် မကိုက်ညီသော်လည်း ပိုမိုသေချာစေရေးအတွက် စောင့်ကြည့်လူနာ (person under investigation) အဖြစ် သတ်မှတ်၍ သီးခြားအခန်းတွင် ထားရှိကုသပေးလျက် ရှိပြီး ရောဂါသံသယရှိ လူနာများ တွေ့ရှိပါက   ဆက်လက်သတင်း ထုတ်ပြန်ပေးမည်ဖြစ်သည်။ ၂၀၀၂-၂၀၀၃ ခုနှစ်က တရုတ်နိုင်ငံ၌ ဖြစ်ပွားသော SARS(Severe Acute Respiratory Syndrome) ရောဂါကြောင့် တရုတ်ပြည်မကြီး၌ သေဆုံးသူ ဦးရေထက် ယခု ၀ူဟန်ဗိုင်းရပ်ပိုးကြောင့် ဖြစ်သော ရောဂါဖြင့်  သေဆုံးသူ ပိုများလာကြောင်း AFPသတင်းအရ သိရသည်။

နိုင်ငံဧရိယာ ကျယ်ဝန်းသော     တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့်   ကုန်းမြေနယ်နိမိတ် ထိစပ်နေသော ၁၄ နိုင်ငံနှင့် ပင်လယ်ရေပြင် ဆက်စပ်နေသော ခြောက်နိုင်ငံ ရှိကြသည့်အနက်    မြန်မာနိုင်ငံ ပါဝင်လျက်ရှိရာ စီးပွားရေး၊ လူမှုရေး ဆက်သွယ် ဆောင်ရွက်မှုများမှာ 2019-nCoV ရောဂါဖြစ်ပွားမှုကြောင့် နှောင့်နှေးမှုများ ဖြစ်ရပါသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ  ဟူပေပြည်နယ်  ၀ူဟန်တက္ကသိုလ်သို့ တက်ရောက်ပညာ သင်ကြားနေကြသော မြန်မာကျောင်းသား ၅၉ ဦးတို့အား မြန်မာနိုင်ငံသို့ပြန်လည်ခေါ်ဆောင်ခဲ့ကြောင်း သိရပြီး ကျန်းမာရေး အခြေအနေနှင့် အခြားအကြောင်းများကြောင့် ၀ူဟန်တွင် ကျန်ရစ်ခဲ့သော ကျောင်းသားလေးဦး ရှိကြောင်း သိရပါသည်။

မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကြသော ကျောင်းသားများအား  မန္တလေး ကန်တော်နဒီဆေးရုံ၌ ခေတ္တနေထိုင်ရန် စီစဉ်ပေးပြီး  စောင့်ကြည့်စစ်ဆေးလျက်ရှိရာ မိဘဆွေမျိုး မိတ်သင်္ဂဟတို့ စိတ်သက်သာရာရကြသည်။  ၀ူဟန်မှာ ကျန်ရစ်သော ကျောင်းသားများအတွက်လည်း အလွန်အမင်း စိုးရိမ်ဖွယ် မရှိနိုင်ကြောင်း ခန့်မှန်းရပါသည်။

မြန်မာနိုင်ငံနှင့် အိမ်နီးချင်း တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့သည် ဖွံ့ဖြိုးရေး စီမံကိန်း ပူးပေါင်းဆောင်ရွက်မှု များပြားသည်။ 2019-nCoV ရောဂါဖြစ်ပွားမှုကြောင့် ခေတ်္တဆိုင်းငံ့ထားရသော စီးပွားရေး လုပ်ငန်းများမှ စိုက်ပျိုးရေး ထွက်ကုန်များ တင်ပို့နိုင်ရန် ခက်ခဲနေခြင်းက မြန်မာနိုင်ငံသားများ ဆုံးရှုံးသော သတင်းများ ကြားသိရပါသည်။  မူဆယ် ၁၀၅ မိုင်  နယ်စပ်ကုန်သွယ်ရေးမှ တစ်ဆင့်  တင်ပို့သော ပဲမျိုးစုံသည်   ယခင်က နေ့စဉ် မော်တော်ယာဉ်အစီး   ၇၀-၈၀ တင်ပို့နေသော်လည်း ယခုရက်ပိုင်းတွင်   ၂၅-၃၀ ခန့်သာ   တင်ပို့နေကြရကြောင်း မန္တလေးကုန်စည်ဒိုင်များမှ သိရသည်။ ဖရဲသီးနှင့် သခွားမွှေးများမှာ   ဆွတ်ခူးချိန် ရောက်နေကြပြီး တရုတ်နှစ်သစ်ကူးရက်များတွင် အရောင်းသွက်မည် ခန့်မှန်းထားကြသော်လည်း ယခင်နှစ်က ယခုအချိန် ပေါက်ဈေး၏ တစ်ဝက်ဖြင့်သာ ရောင်းနေရသော တောင်သူများမှာ  တွက်ရေးက စက်သူဌေး၊  တွက်ကြည့်တော့ စက်မရှိဖြစ်နေကြရသည်။  လူတို့အတွက် အများအားဖြင့် ကူးစက်တတ်သည့် ရောဂါများမှာ ခုခံအားကျဆင်းမှု၊ ကာလ၀မ်း၊  ဆုံဆို့နာ၊   အသည်းရောင်အသားဝါ၊ မျက်စိနာ၊ အဆုတ်ရောင်နာ၊ ကာလသားရောဂါ၊ မေးခိုင်၊ မျက်ခမ်းစပ်၊ တီဘီ၊ အူရောင်ငန်းဖျား၊ ကြက်ညှာ၊ ချောင်းဆိုး စသည်ဖြင့် ရောဂါအမျိုးပေါင်း ၂၀ ကျော်ခန့်ရှိသည်။ ဆေးပညာရှင်များ၏ ပြောပြချက်အရ ယခု ဖြစ်ပွားသော   2019-nCoV သည်   အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ကြောင်း သိရပါသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ သုတေသီများ၏ လေ့လာတွေ့ရှိမှုအရ  2019 - nCoV သည်  SARS ရောဂါနှင့် မျိုးဗီဇအားဖြင့် ၇၉ ဒသမ ၅ ရာခိုင်နှုန်း တူညီပြီး လင်းနို့တွင် တွေ့ရသော ဗိုင်းရပ်မျိုးဗီဇနှင့်လည်း ၉၆ ရာခိုင်နှုန်း တူညီသည်ဟု ထုတ်ဖော်ပြောကြား ကြသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့်   ကမ္ဘာ့နိုင်ငံအချို့တွင်   ကူးစက်ပျံ့နှံ့လျက်ရှိသည့်   2019   Novel Coronavirus ရောဂါပိုးကြောင့်ဖြစ်ပွားသည့် အဆုတ်ရောင်ရောဂါသည် ကလေးအရွယ်မှ စ၍ လူလတ်ပိုင်း၊ လူကြီးပိုင်းများအထိ ကူးစက်တတ်ပြီး လူမှုရေး၊ စီးပွားရေးတို့ကိုပါ   ထိခိုက်ဆုံးရှုံးလျက် ရှိသည်။ထို့ကြောင့် ၂၀၂၀ ပြည့်နှစ် ဟေမန္တဆောင်းဥတု နှောင်းပိုင်းကာလ အာရှဒေသနိုင်ငံကြီးမှ     စသည့် ကမ္ဘာ့ကျန်းမာရေး ပြဿနာကို စုပေါင်းတားဆီး ကာကွယ်ကြရေး အစဉ်သတိရှိကြရမည် ဟူ၍ တိုက်တွန်းရေးသား လိုက်ရပါသည်။ 

ခိုင်ကျော်ညို

Read 136 times
Rate this item
(0 votes)
Last modified on Thursday, 06 February 2020 12:10
ကေတု

Latest from ကေတု