SJ WorldNews - шаблон joomla Авто

ကိုရိုနာဗိုင်းရပ် ကာကွယ်ရန် ပါးစပ်နှင့် နှာခေါင်းစည်း သုံးစွဲနည်း လမ်းညွှန်

Monday, 10 February 2020 10:41 Written by  font size decrease font size decrease font size increase font size increase font size

ကိုရိုနာဗိုင်းရပ်

ဗိုင်းရပ်၏ ဗဟိုချက် ဟူဘေးပြည်နယ်တွင် ဖေဖော်ဝါရီ ၃ ရက်နေ့ တစ်ရက်တည်း သေဆုံးသူ ၆၄ ဦးရှိခဲ့ကြောင်း တရုတ်အာဏာပိုင်များက သတင်းထုတ်ပြန်ထားသည်။ ကမ္ဘာတစ်ဝန်း  ကိုရိုနာဗိုင်းရပ်ကြောင့် သေဆုံးသူ ၅၆၃ ဦးရှိပြီး ကူးစက်ခံရသူ ၂၈၀၁၈ ဦး ရှိသည်။

WHO  သဘောထား

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ကမ္ဘာ့နိုင်ငံ အသီးသီးတို့၏ ကျန်းမာရေး ပြဿနာများအပေါ် အဆင့်သတ်မှတ်ရာတွင် အောက်ပါအတိုင်း အဆင့်(၆)ဆင့် အဖြစ် သတ်မှတ်ထားရှိသည်။

  -  တိရစ္တာန်များတွင်သာ ကူးစက်တတ်သော အခြေအနေကို အဆင့်(၁)နှင့် (၂)ဟု သတ်မှတ်သည်။

  -  လူအချင်းချင်း ကူးစက်တတ်သော အခြေအနေကို အဆင့်(၃)ဟု သတ်မှတ်သည်။

  -  အစုလိုက် အပြုံလိုက် ကပ်အသွင်ဖြစ်ပွားသော အခြေအနေကို အဆင့်(၄)ဟု သတ်မှတ်သည်။

  -  တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကူးစက်တတ်သော အခြေအနေကို အဆင့်(၅)ဟု သတ်မှတ်သည်။

  -  တစ်ကမ္ဘာလုံး ကူးစက်တတ်သော အခြေအနေကို အဆင့်(၆)ဟု သတ်မှတ်သည်။

ယနေ့ကမ္ဘာကို တုန်လှုပ်စေသော  နိုဗယ်ကိုရိုနာ ဗိုင်းရပ်အဆုတ်ရောင်ရောဂါ (2019 Novel Coronavirus) ဖြစ်ပွားမှုနှင့် ပတ်သက်၍ WHO က အဆင့်သတ်မှတ်ချက် မရှိသေးသော်လည်း ကမ္ဘာ့နိုင်ငံ အသီးသီးမှ ကျန်းမာရေးဌာနများက  လတ်တလော အခြေအနေအတွက် ရောဂါဖြစ်ပွားမှုကို  အဆင့်(၃)အထိ သတ်မှတ်ထားကြသည်။

ကမ္ဘာ့ဘဏ် တိုက်တွန်းချက်

ယခုဗိုင်းရပ် ကူးစက်မှုသည် ၁၉၁၈ ခုနှစ်က လူပေါင်း သန်း ၃၀ သေဆုံးခဲ့သော စပိန်တုပ်ကွေးကဲ့သို့ ပြင်းထန်လာပါက ကမ္ဘာ့စီးပွားရေးကို ၁ ရာခိုင်နှုန်းနှင့် ၁၀ ရာခိုင်နှုန်းအကြား ထိခိုက်နိုင်သည်ဟု ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ ဂျင်ယောင်ကင်က ဇန်န၀ါရီလကုန်က ပြောကြားခဲ့ပြီး ဗိုင်းရပ်တိုက်ဖျက်ရေးအတွက် တစ်ကမ္ဘာလုံး ၀ိုင်းဝန်း ကြိုးပမ်းကြရန် ကမ္ဘာ့ဘဏ်က တိုက်တွန်းထားသည်။

အသိသတိဖြင့် ဆင်ခြင်သင့်

လူအချင်းချင်း ကူးစက်တတ်သော နိုဗယ်ကိုရိုနာ ဗိုင်းရပ်အဆုတ်ရောင် ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ရာမှာ လက်ကိုသန့်ရှင်းအောင် ထားဖို့အထူးလိုအပ်သည်။ စက်လှေကားအတက်၊ အဆင်းလက်တန်းများ၊ တံခါးအဖွင့်အပိတ်နှင့်  သော့ခလောက်များ၊ ဘတ်စကား လက်ကိုင်တန်းများ၊ မြို့ပတ်ရထားများ၊ ရုပ်ရှင်ရုံများသည် ရောဂါကူးစက် လွယ်ကူသော နေရာများဖြစ်သည်။   ထို့ကြောင့် ပြင်ပမှပြန်လာပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောဖို့   လိုပါသည်။ ဆပ်ပြာနှင့်ရေတို့ဖြင့်လက်ကို အနည်းဆုံး စက္ကန့် ၂၀ ကြာသည်အထိ ဆေးကြောပေးရမည်။ ကိုယ်ခံအား ကောင်းဖို့အတွက်ကိုလည်း အာဟာရဖြစ်စေသော အစားအစာများများစားပြီး အိပ်ရေး၀၀ အိပ်ဖို့လည်း လိုအပ်သည်။

လူဦးရေ ထူထပ်မှုကိုရှောင်

လေထဲမှတစ်ဆင့် လူအချင်းချင်း ကူးစက်နိုင်သော ရောဂါဖြစ်သောကြောင့် လူဦးရေထူထပ်သော နေရာဒေသများသို့ သွားလာခြင်းမျိုးကို ရှောင်နိုင်လေ ကောင်းလေဖြစ်သည်။ ယခုအခါ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန လက်အောက်ရှိ   ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲက  ကိုရိုနာဗိုင်းရပ် ထိန်းချုပ်ရေး လုပ်ငန်းစဉ် အတွက် လူစုဝေးသည့် ပွဲလမ်းသဘင်များကို ခွင့်ပြုမိန့် မပေးရန် စီစဉ်ထားကြောင်းနှင့် မလွှဲမရှောင်သာသော ပွဲများကို အကြာကြီး မကျင်းပဖို့   စီစဉ်ထားကြောင်း သိရသည်။  လူစုလူဝေးနေရာသို့ သွားရမည်ဆိုပါက ပါးစပ်နှင့်နှာခေါင်းစည်း(Mask) တပ်ဆင်ထားကြပါရန်အကြံပြုထားသည်။

ပါးစပ်နှင့် နှာခေါင်းစည်း(Mask ) သုံးစွဲနည်း လမ်းညွှန်

ယနေ့ပြည်သူများက နိုဗယ်ကိုရိုနာ ဗိုင်းရပ်အဆုတ်ရောင်ရောဂါ (2019 Novel Coronavirus) ရောဂါပိုး  ကူးစက်မခံရအောင်  နှာခေါင်းစည်းကို တပ်ဆင်နေကြသော်လည်း လူနည်းစုလောက်သာ  Mask ကို စနစ်တကျ သုံးစွဲတတ်ပြီး ကျန်လူအများစုမှာ ဘေးအန္တရာယ်ကင်းဝေးအောင် သုံးစွဲတတ်မှု   ကျန်းမာရေးသုတ လွန်စွာအားနည်းနေကြသည်။ သို့ပါ၍ ဘေးအန္တရာယ် ကင်းရှင်းစွာ နှာခေါင်းစည်းကို သုံးစွဲနိုင်ကြပါစေကြောင်း အောက်ပါအတိုင်း အကြံပြုလိုသည်။

  (က) ရောဂါလက္ခဏာ ရှိသူများနှင့်   ကျန်းမာရေး ၀န်ထမ်းများအတွက် Mask

      - ဖျားနာခြင်း၊ နှာချေချောင်းဆိုးခြင်း၊  အသက်ရှူရ ခက်ခဲခြင်း စသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာရှိသူများသည်  ခွဲစိတ်ခန်းသုံး ပါးစပ်နှင့် နှာခေါင်းစည်း(Surgical Mask) ကိုမဖြစ်မနေ အသုံးပြုရပါမည်။

      - အထက်ပါ ရောဂါလက္ခဏာရှိသူကို အနီးကပ်ပြုစု စောင့်ရှောက်နေသူများသည်လည်း ခွဲစိတ်ခန်းသုံး ပါးစပ်နှင့် နှာခေါင်းစည်း(Surgical Mask)ကို မဖြစ်မနေ အသုံးပြုရပါမည်။

    -  အထက်ပါရောဂါ လက္ခဏာရှိသူကို ပြုစုကုသနေသော ကျန်းမာရေး ၀န်ထမ်းများ အနေဖြင့်မူ အခြေအနေပေါ် မူတည်၍ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း(Surgical Mask)  သို့မဟုတ် N95  Mask  ကိုမဖြစ်မနေ အသုံးပြုရပါမည်။

    (ခ) ကြိုတင်ကာကွယ်သူများ အတွက် Mask

      - အထက်တွင် ဖော်ပြထားသော   အပိုဒ်(က)ပါ အခြေအနေများမှ လွဲ၍    သာမန်ပြည်သူများ အနေဖြင့် ခွဲစိတ်ခန်းသုံး ပါးစပ်နှင့် နှာခေါင်းစည်း (Surgical Mask)ကို အသုံးပြုရန် မလိုအပ်ပါကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက အကြံပြုထားသည်။

    - လူစုလူဝေးရှိရာ အရပ်သို့   မဖြစ်မနေ သွားရမည် ဆိုပါက ““ကြိုတင်ကာကွယ်ခြင်းသည် ရောဂါဖြစ်လာမှ ကုသခြင်းထက် ပိုမိုကောင်းမွန်၏””ဟူသော ဆောင်ပုဒ်နှင့်အညီ နိုဗယ်ကိုရိုနာဗိုင်းရပ် အဆုတ်ရောင် ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်သည့် အနေဖြင့် ပုံမှန်သုံး Mask ကို  တပ်ဆင် ထားသင့်သည်။

    (ဂ) Mask  အသုံးပြုသူများ လိုက်နာရမည့် အချက်များ

      -  Surgical Mask ကို အသုံးပြုရာတွင် အရောင်ပိုရင့်သည့် မျက်နှာပြင်ကို အပြင်ဘက်တွင် ထားရှိပါ။

      -  ပါးစပ်နှင့် နှာခေါင်းနှစ်ခုစလုံးကို   လုံခြုံအောင် ဖုံးအုပ်ပါ။

      -  Mask ၏ ဘေးအနားစွန်းများနှင့် မိမိ၏ မျက်နှာအကြားတွင် လစ်ဟာမှု မရှိစေရ။

      -  Mask အသုံးပြုနေစဉ် Mask ကိုလက်ဖြင့် ထိတွေ့ကိုင်တွယ်ခြင်း မပြုရ။

      -  Mask ကိုဖယ်ရှားမည်ဆိုပါက Mask အနောက်ဘက်ရှိ ကြိုးကိုသာ ကိုင်တွယ်ဖယ်ရှားပါ။

      - Mask ကိုဖယ်ရှားပြီးပါက မိမိ၏လက်ကို စနစ်တကျ ပြန်လည်ဆေးကြောပါ။

      -  မိမိအသုံးပြုနေသော Mask သည် စိုစွတ်လာပါက Mask အသစ်တစ်ခုနှင့် လဲလှယ်အသုံးပြုပါ။

      -  တစ်ကြိမ်သုံးပြီးသော Mask များကိုပြန်လည်၍ အသုံးမပြုရ။

      -  ချည်ထည်၊ ပိတ်စအ၀တ်တို့ဖြင့် ပြုလုပ်ထားသည့် Mask များကို လုံးဝ အသုံးမပြုပါနှင့်။

      -  Mask အခမဲ့ ဖြန့်ဝေသူများနှင့် Mask သုံးစွဲသူများအားလုံး ရောဂါကူးစက်မှု မရှိစေရန်  လက်ကို စင်ကြယ်စွာ ဆေးကြောပြီးမှသာ Mask ကို ကိုင်တွယ်ပါ။

      -  Mask အခမဲ့ ဖြန့်ဝေသူများ အနေဖြင့် လက်အိတ်များ ၀တ်ဆင်ပြီးမှ ဖြန့်ဝေပေးနိုင်လျှင် ပိုကောင်းပါသည်။

      -  ချက်ချင်း အသုံးမပြုသေးသော Mask များကို သန့်ရှင်းသော ပလတ်စတစ်အိတ်ငယ် သို့မဟုတ် ကြွပ်ကြွပ်အိတ်ထဲတွင် လေလုံအောင်ပိတ်၍ ခေတ္တ သိမ်းထားသင့်ပါသည်။

      -  အထူးသဖြင့် Mask ၏ အတွင်းပိုင်းမျက်နှာပြင်ကို မသန့်ရှင်းသော လက်ဖြင့် တင်တွယ်ခြင်း မပြုပါနှင့်။

      -  အဲကွန်းဘတ်စ်စီးသောအခါ Mask ကိုဖြုတ်ခြင်း မပြုဘဲ ကားပေါ်ကဆင်းပြီးနောက် လူစုလူဝေးနှင့် ဝေးသောနေရာရောက်မှသာ Mask ကို ဖြုတ်လိုက ဖြုတ်ထားနိုင်ပါသည်။

      -  နောက်ဆက်တွဲ ဆိုးကျိုးများ မရှိစေဘဲ   ဘေးအန္တရာယ် ကင်းရှင်းအောင် ပြုလုပ်သင့်သောနည်းမှာ အသုံးပြုပြီးသား Mask များကို မီးရှို့ခြင်း  သို့မဟုတ် အရက်ပြန် သို့မဟုတ် ပိုးသတ်ဆေးရည် တစ်မျိုးမျိုးဖြင့်  စိမ်ပြီးမှသာ စွန့်ပစ်ခြင်းမျိုး ပြုလုပ်သင့်သော်လည်း ထိုသို့ပြုလုပ်ရန် ခက်ခဲနေသဖြင့် ၎င်းအသုံးပြုပြီးသော Mask ကို ပလတ်စတစ်အိတ် သို့မဟုတ် ကြွပ်ကြွပ်အိတ်ဖြင့် လုံခြုံစွာ ထုပ်ပြီးမှသာ အမှိုက်ပုံးထဲသို့ စနစ်တကျ စွန့်ပစ်သင့်ပါသည်။

      -  Mask ကို နည်းမှန်လမ်းမှန် မသုံးတတ်ပါက ရောဂါပြန့်ပွားမှုကို ပိုမိုအားပေးရာ ရောက်ကြောင်း သတိချပ်ပါလေ။  

ပေါက်ပေါက်

Read 115 times
Rate this item
(0 votes)
Last modified on Monday, 10 February 2020 10:42

Latest from ကေတု