SJ WorldNews - шаблон joomla Авто

နှလုံးရောဂါ မဖြစ်ရေး ခန္ဓာကိုယ်အလေးချိန်ထက် ပိုအရေးကြီးတဲ့ ဗိုက်အလေးချိန်

Wednesday, 19 February 2020 16:53 Written by  font size decrease font size decrease font size increase font size increase font size

ယေဘုယျအားဖြင့်ကြည့်ရင် အဝလွန်သူတွေဟာ သွေးတိုးရောဂါ၊ ရုတ်တရက်နှလုံးဖောက်ပြန်မှုရောဂါ၊ လေသင်တုန်းဖြတ်မှုရောဂါ စတဲ့ ရောဂါတွေကို ရရှိခံစားလွယ်ပါတယ်။

အခုနောက်ထပ်တွေ့ရှိထားတဲ့ သုတေသနရလဒ်တွေအရတော့ ခန္ဓာကိုယ်အလေးချိန် အများစုကို ဗိုက်တွင်စုထားသူများ တစ်နည်းအားဖြင့် ဗိုက်ပူသူများအနေနဲ့ နှလုံးဖောက်ပြန်မှု ရောဂါကြောင့် သေကံမရောက်ခဲ့ သည်ရှိသော် နောက်တစ်ကြိမ် နှလုံးဖောက်ပြန်မှုရောဂါကို ခံစားရဖို့ အခွင့်အလမ်းပိုများတယ်လို့ သိရပါတယ်။

ဒါကြောင့် ပေါင်ချိန်စက်ပေါ်မှာ ပေါ်တဲ့ ကိုယ်အလေးချိန်ကိန်းဂဏန်းတွေထက် ဗိုက်ရဲ့အရွယ်အစားက နှလုံးရောဂါအတွက် ပိုအရေးကြီးတယ်လို့ သုတေသီတွေက ပြောတာဖြစ်ပါတယ်။

သင့်အနေနဲ့ ခန္ဓာကိုယ်ရဲ့ဘယ်နေရာမှာမဆို ပိန်နေသည်ဖြစ်စေ ဗိုက်ပူနေပြီ ဆိုရင်တော့ နှလုံးဖောက်ပြန်မှု ရောဂါကို ခံစားရနိုင်တယ်လို့ နှလုံးရောဂါကာကွယ်ရေး ဥရောပဂျာနယ်မှာ သုတေသီတွေက ဖော်ပြထားပါတယ်။

ဒါ့အပြင် အခုတွေ့ရှိမှုဟာ ဗိုက်ပူခြင်းရဲ့ နောက်ဆက်တွဲအနေဖြင့် နှလုံးဖောက်ပြန်မှု သို့မဟုတ် လေသင်တုန်း ဖြတ်မှုရောဂါကို ခံစားရနိုင်ခြေရှိတယ်ဆိုတဲ့ ဆက်စပ်မှုကို  ပထမဆုံးအကြိမ် တွေ့ရှိတာလည်း ဖြစ်ပါတယ်။

အထူးသဖြင့်တော့ ဒီလိုဆက်စပ်မှုကို အမျိုးသားတွေမှာ ပိုမိုတွေ့ရှိရတယ်လို့ သုတေသီတွေက ပြောပါတယ်။

''ဗိုက်ပူခြင်းက နှလုံးဖောက်ပြန်မှု ဒါမှမဟုတ် လေသင်တုန်းဖြတ်မှု ရောဂါတို့ကို ပိုမိုရရှိစေရုံ သာမကဘဲ အဲဒီရောဂါ တွေကြောင့် အသက်မသေ ခဲ့ပါကလည်း အလားတူ အဖြစ်မျိုး အကြိမ်ကြိမ် ဖြစ်နိုင်ခြေများပါတယ်။

ဒါကြောင့် သွေးစစ်ဆေးမှုတွေဘယ်လောက်ပဲလုပ်လုပ်၊ ဘယ်လိုဆေးဝါးတွေကိုပဲ မှီဝဲမှီဝဲ  နှလုံးဖောက်ပြန်မှု သို့မဟုတ် လေသင်တုန်းဖြတ်မှုတွေကို ကာကွယ်ဖို့အတွက် ဗိုက်မပူအောင် ထိန်းသိမ်းခြင်းကသာ အကောင်းဆုံးဖြစ်ပါတယ်'' ဆိုပြီး  စတော့ဟုမ်းမြို့ရှိ  ကာရိုလင်စကာတက္ကသိုလ်မှ ဒေါက်တာဟာနီယာမိုဟာမာဒီက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

သုတေသီတွေဟာ ပထမဆုံးအကြိမ် နှလုံးဖောက်ပြန်မှု ရောဂါခံစားရတဲ့ ဆွီဒင်လူနာ ၂၂ဝဝဝ ကျော်ကို သုတေသန လုပ်တာဖြစ်ပြီး သူတို့ရဲ့ ခါးအရွယ်အစားနဲ့ တခြားကျန်းမာရေး အခြေအနေတွေအပေါ် ဆက်စပ်မှုကို လေ့လာကြပါတယ်။

လူနာ ၂၂ဝဝဝ ကျော်ထဲကမှ အမျိုးသား ၁၂၃၂ ဦးနဲ့ အမျိုးသမီး ၄၆၉ ဦးတို့ဟာ နှလုံးဖောက်ပြန်မှု ရောဂါကို ခံစားဖူးသူများ ဖြစ်ပါတယ်။ အဲဒီအမျိုးသား၊ အမျိုးသမီးတွေအနက် အမျိုးသား ၇၈ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၉ဝ ရာခိုင်နှုန်းတို့ဟာ ဗိုက်ပူသူများ ဖြစ်ပါတယ်။

ဗိုက်ပူတယ်ဆိုတဲ့ အနေအထားဟာ အမျိုးသားတွေ အတွက်တော့ ခါးအရွယ်အစား ၉၄ စင်တီမီတာ (၃၇ ဒသမ ၆ လက်မ)နဲ့ အမျိုးသမီးတွေအတွက် ၈ဝ စင်တီမီတာ (၃၂ လက်မ)နဲ့အထက် သတ်မှတ်ထားပါတယ်။

ဆေးလိပ်သောက်သူများ၊ ဆီးချို၊ သွေးတိုးရောဂါရှိသူများ၊  ခန္ဓာကိုယ်အလေးချိန် အညွှန်းကိန်းမြင့်သူများဟာ နှလုံးဖောက်ပြန်မှု သို့မဟုတ် လေသင်တုန်းဖြတ်မှုကို ခံရနိုင်ခြေများတယ်ဆိုတာ အားလုံးသိပြီးဖြစ်ပါတယ်။ အခုတော့ အလားတူရောဂါတွေကို ခံစားရနိုင်ခြေများလာသူတွေထဲမှာ   ဗိုက်ပူသူတွေလည်း ပါလာပါပြီ။

ဒါကြောင့် လူနာတစ်ယောက်ဟာ နှလုံးဖောက်ပြန်မှု သို့မဟုတ် လေသင်တုန်းဖြတ်မှုရောဂါ ခံစားရနိုင်ခြေရှိ၊ မရှိကို သိရှိ စေနိုင်ဖို့အတွက် သူတို့ရဲ့ခန္ဓာကိုယ် အလေးချိန်တစ်ခုတည်းကိုသာ မကြည့်ဘဲ ခါးအရွယ်အစားကိုပါ ကြည့်ပြီးဆုံးဖြတ်ဖို့ သုတေသီတွေက ဆရာဝန်တွေကို အကြံပြုထားပါတယ်။

အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ဘာကြောင့် ဒီရောဂါတွေကို ပိုရရှိစေတာလဲဆိုရင် သူတို့မှာ အူ၊ အသည်း၊ အဆုတ်စတဲ့  ကိုယ်တွင်းအင်္ဂါအဆီဖုံးမှုတွေ ပိုများလေ့ရှိပါတယ်။ အဲဒီလိုအဆီဖုံးမှုက အရေးကြီးတဲ့ ကိုယ်တွင်း အင်္ဂါတွေကို လွှမ်းမိုးသွားပါတယ်။

နောက်ပိုင်းမှာ ဒီအဆီတွေဟာ ကိုလက်စထရောတွေအဖြစ် ပြောင်းလဲသွားတဲ့အတွက် အဲဒါတွေက သွေးလွှတ်ကြောတွေကို   ပိတ်ဆို့သွားစေပါတယ်။

သွေးလွှတ်ကြောတွေ ပိတ်သွားတဲ့အတွက်   နှလုံးဖောက်ပြန်မှု သို့မဟုတ် လေသင်တုန်းဖြတ်မှု ရောဂါကို ခံစား ရနိုင်ခြေများတာ ဖြစ်ပါတယ်။

အမျိုးသမီးတွေမှာတော့ အရေပြားအောက်မှာဖြစ်တဲ့ အဆီတွေကြောင့် ဗိုက်ပူတာ အများဆုံးဖြစ်တဲ့အတွက် သူတို့ဟာ ဗိုက်ပူခြင်းကြောင့် နှလုံးဖောက်ပြန်မှု သို့မဟုတ် လေသင်တုန်းဖြတ်မှု ရောဂါကို ခံစားရနိုင်ခြေနည်းတာ ဖြစ်ပါတယ်။

ဒီလိုဗိုက်ပူခြင်း မဖြစ်စေဖို့အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုနဲ့ လေ့ကျင့်ခန်း ပုံမှန်လုပ်မှုတွေနဲ့ ထိန်းချုပ်နိုင်ပါတယ်။ ယခင်သုတေသနတွေ အရတော့ တစ်ရက်ကို အနည်းဆုံးမိနစ် ၃ဝ ခန့် လမ်းလျှောက်ပေးခြင်းက ဗိုက်ပူခြင်းကို တားဆီးနိုင်တယ်လို့ ဆိုပါတယ်။

ခန္ဓာကိုယ်ကြံ့ခိုင်မှု လေ့ကျင့်ခန်း တွေကလည်း ဗိုက်ပူခြင်းကို တားဆီးပေးနိုင်တယ်။ ဒါပေမဲ့ အိပ်ထမတင်လိုမျိုး သတ်မှတ်နေရာမှာ ရှိတဲ့ကြွက်သားတွေကိုသာ သန်မာစေတဲ့ လေ့ကျင့်ခန်းတွေဟာ ကိုယ်တွင်းအင်္ဂါအဆီဖုံးမှုကိုတော့ လျော့ပါးစေမှာ မဟုတ်ပါဘူး။

Ref: CNN

Read 135 times
Rate this item
(0 votes)
Last modified on Thursday, 20 February 2020 08:08