SJ WorldNews - шаблон joomla Авто

ကင်ဆာကာကွယ်ပေးနိုင်သော ရွှေဖရုံ

Sunday, 23 February 2020 11:15 Written by  font size decrease font size decrease font size increase font size increase font size

ကျွန်မတို့သည် နေ့စဉ်ထမင်း၊ ဟင်းများကိုချက် ပြုတ်စားရာတွင် အသား၊ငါးနှင့် ဟင်းသီးဟင်းရွက်ကို မျှတအောင် စားသုံးပေးကြရမည်။ ယနေ့ခေတ်တွင် အလွယ်တကူရနေသော ကြက်ကင်၊ ငါးကင်များကို စားသုံးမှုများနေကြသော်လည်း အသီးအရွက်စားသုံးသူ နည်းပါးလှသည်။ ဟင်းသီးဟင်းရွက်များသည် အာဟာရ ပြည့်ဝစေသော အစာဖြစ်သည့်အတွက် စားသုံးပေးသင့်သည်။ အဖြစ်များနေသော ကင်ဆာရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါတို့မှ ကာကွယ်ပေးနိုင်သော အစားအစာများတွင်လည်း ဟင်းသီးဟင်းရွက် များသည် ထိပ်ဆုံးကပါဝင်သည်။ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်သော အစားအစာရှစ်မျိုးတို့ကို ဖော်ပြပေးရမည် ဆိုလျှင် ခရမ်းသီး၊ ဘူးခါးသီး၊ ပင်လယ်ကျောက်ပွင့်၊ ပင်လယ်ရေမှော်၊ ကန်စွန်းဥ၊ ရွှေဖရုံသီး၊ ဂျုံဖွဲနု၊ မုန်လာဥ(အဖြူ)၊ ကီဝီသီးတို့ဖြစ်သည်။ ယင်းအစားအစာများထဲမှ တစ်ပင်လုံးအသုံးဝင်သည့် ရွှေဖရုံပင် အကြောင်းတင်ပြပေးလိုသည်။ ယခုဆောင်းရာသီတွင် ဖရုံညွန့်သည် ဟင်းချက်စားရာ၌  ထမင်းမြိန်စေသော ဟင်းတစ်ခွက်ဖြစ်သည်။ ဖရုံညွန့်ကိုစားပေးခြင်းဖြင့် အူလမ်းကြောင်းမှ အညစ်အကြေးများကို ရှင်းပေးနိုင်သည်။  နေ့စဉ်စားသုံးသောအာဟာရများထဲမှ အဆိပ်အတောက်များ ကင်းအောင်ရှင်းပေးနိုင်သောအညွန့်တစ်မျိုးလည်း ဖြစ်သည်။ သွေးသားကိုလည်း သန့်ရှင်းပြီးကြည်လင်စေသည်။ ဆီးချိုသမားများအနေဖြင့်လည်း ဖရုံရွက် ကိုစားသုံးပေးနိုင်သည်။ ဖရုံပင်သည် အိမ်တိုင်းလိုလိုတွေ့နိုင်သောအပင် တစ်မျိုးဖြစ်သည်။ ဖရုံပင်သည် တစ်ပင်လုံးအသုံးဝင်သော ဆေးဖက်ဝင်အပင်လည်းဖြစ်သည်။ အပွင့်၊ အသီး၊ အရွက်၊ အရိုး၊ အစေ့စသည်ဖြင့် အသုံးဝင်သောအပင်ဖြစ်သည်။ ဖရုံသီးကို အချို့ဒေသများက ရွှေဖရုံသီးဟု ခေါ်ဝေါ်တင်စားကြသည်။ အကြောင်းမှာ ရွှေကဲ့သို့ တန်ဖိုးကြီးမားလှသောကြောင့် ဖြစ်သည်။ ရွှေဖရုံသီးတွင် ဃကခကမဘငအ  ဓာတ်တစ်မျိုးပါဝင်သည်။ ရွှေဖရုံသီးတွင်ပန်းပွင့်တို့သည် အဖို၊ အမ ဆိုပြီးရှိသည်။ ပန်းပွင့်မှတစ်ဆင့် အသီးသီးသည်။ ရွှေဖရုံပွင့်၏ အရောင်မှာ အ၀ါရောင်နှင့်လိမ္မော်ရောင်တို့ ရှိကြသည်။ ရွှေဖရုံပွင့်တွင် အာဟာရဓာတ်များ၊ ဗီတာမင်၊ သတ်္တုဓာတ်များစွာပါဝင်သည်။ ရွှေဖရုံပွင့်တွင် ပါဝင်သော ဗီတာမင်စီသည် ခန္ဓာကိုယ်အတွင်းရှိ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးသည်။ အအေးမိခြင်း၊ ချောင်းဆိုးခြင်းမှလည်း ကာကွယ်ပေးနိုင်သည်။ ရွှေဖရုံပင်၏ အစိတ်အပိုင်းအားလုံးတွင် ပါဝင်သော ဗီတာမင်အေသည် မျက်စိအမြင်ကို အားပေးသည်။ မျက်သားခြောက်ခြင်းမှ ကာကွယ်ပေးပြီး စိုစွတ်စေသည်။ထို့အတူ အလင်းအမှောင် အပြောင်းအလဲပေါ် မူတည်ပြီး မျက်စိအမြင်ကို အလျင်အမြန်ထိန်းညှိနိုင်အောင် ကူညီပေးနိုင်သည်။ အလင်းရော အမှောင်ပါကောင်းစွာ မြင်နိုင်စေရန်ကူညီပေးသည့်အတွက် ညဘက်တွင်လည်း ကောင်းစွာ မြင်စေနိုင်သည်။ ရွှေဖရုံသီးပွင့်တွင်ပါဝင်သော ဖော့စဖော့ရပ်သည် အရိုးနှင့်သွားတို့ကို သန်မာစေသည်။ အရိုးပွခြင်း၊ အရိုးကျိုးနေသူများအနေဖြင့် ရွှေဖရုံပွင့်ကိုစားသုံး ပေးသင့်သည်။ နှလုံးကိုလည်းအားကောင်း စေသည်။ ရွှေဖရုံပွင့်တွင်ပါဝင်သော ဗီတာမင်ဘီနိုင်းကြောင့် အမျိုးသားများအတွက် မျိုးဆက်ပွားကျန်းမာရေးကို အထောက်အကူပြုပေးနိုင်သည်။ ကလေးလိုချင်သူ အမျိုးသားအနေဖြင့် မကြာမကြာစားသုံးပေးသင့်သည်။ ရွှေဖရုံသီးတွင်ပါဝင်သော ဆိုဒီယမ်သည် နည်းသဖြင့် အရိုးကိုခိုင်မာစေပြီး သွေးတိုးကိုကျစေသည်။ သွေးအားနည်းသူများ အနေဖြင့် ရွှေဖရုံသီးကို စားသုံးပေးသင့်သည်။ ကိုယ်ခံအားစနစ်ကို မြင့်စေရန် ရွှေဖရုံသီး၊ ရွှေဖရုံညွန့်၊ ရွှေဖရုံပွင့်၊ ရွှေဖရုံရိုးတို့ကို စားပေးသင့်သည်။ ဖရုံသီးကို ဆိတ်သားနှင့်တွဲဖက်၍စားသုံးခြင်း မပြုရ။ အကြောင်းမှာရင်ပြည့်ရင်ကယ်ဖြစ်ပြီး ၀မ်းဖောဝမ်းရောင်ဖြစ်တတ်သောကြောင့်ဖြစ်သည်။ ရွှေဖရုံသီးကို အသားအရေ အတွက်လည်း စားသုံးပေးသင့်သည်။ အိုမင်းရင့်ရော်ခြင်း၊ လိင်အင်္ဂါရောဂါ၊ ဆီးကျိတ်ကင်ဆာများ အတွက် အထူးကောင်းမွန်သော အစားအစာလည်းဖြစ်သည်။ ဖရုံစေ့သည်လည်း အူကပ်ပါးပိုးကောင်များကို ဖယ်ရှားပေးနိုင်သည်။ အမေရိကန်လူမျိုးများသည် ရွှေဖရုံစေ့ကို အစာအိမ် အူလမ်းကြောင်း ဝေဒနာများ ကုသရန်အတွက် အသုံးပြုခဲ့ကြသည်။ ရွှေဖရုံသီးကို ဟင်းချက်စားရုံသာမက သရေစာအဖြစ်လည်း အချိုပွဲများအတွက် ယိုထိုးကာ စားသုံးကြသေးသည်။ ရွှေဖရုံသီးတွင်  ပရိုတင်း၊ သဘာဝအဆီ၊ ကစီဓာတ်၊ ဗီတာမင်အေ၊ ဘီဝမ်း၊ ဘီတူး၊ စီ၊ ကယ်လ်ဆီယမ်၊ အမျှင်ဓာတ်နှင့်သံဓာတ်တို့ပါဝင်သည်။ ၀ိတ်ထိန်းသူများ အနေဖြင့် ရွှေဖရုံသီးကိုစားသုံးပေးသင့်သည်။ မျက်စိအားနည်းသူ၊ ကြက်မျက်သင့်သူ များအနေဖြင့်လည်း စားသုံးပေးနိုင်သည်။ ရွှေဖရုံသီးကို အေးသောရာသီဥတုများထက် ပူသောရာသီဥတုများတွင် စားသုံးပေးရမည်။ ရေဓာတ်ပါဝင်မှုကြောင့် ဆီးနှင့်ပတ်သက်သော ရောဂါများကိုလည်းကောင်းမွန်စေသည်။ ရွှေဖရုံသီး ချက်သည့်အခါ အခွံများကိုမလှီးပစ်ဘဲ ရေစင်အောင်ဆေးကာ ချက်စားပေးရမည်။ အကြောင်းမှာ ရွှေဖရုံသီးခွံတွင် အန်တီအောက်ဆီးဒင့်များ ပါဝင်ပြီး ဆဲလ်များကို ရှင်သန်နိုင်စေခြင်းကြောင့် ဖြစ်သည်။ လေဖြတ်ခြင်းကိုကာကွယ်ပေးခြင်း၊ အရိုးဆိုင်ရာကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်ခြင်း၊ ကျောက်ကပ်ရောဂါ ဖြစ်စေသော ကျောက်တည်ခြင်းများကို လျှော့ချပေးနိုင်သော အသီးတစ်မျိုးလည်းဖြစ်သည်။ ပါဝင်သော ဗီတာမင်ဓာတ်များ၊ အမျှင်ဓာတ်များကြောင့်အရိုးအဆစ်ရောင်ရမ်းခြင်း၊ ပန်းနာရင်ကျပ်ဖြစ်ခြင်းများကို ကာကွယ် ပေးနိုင်သည်။  ဗီတာမင်အေ ကြွယ်ဝလိုသူများ အနေဖြင့် စားသုံးပေးသင့်သော အသီးအနှံ တစ်မျိုးလည်း ဖြစ်သည်။  ရွှေဖရုံစေ့ကိုတစ်နေ့လျှင် လက်တစ်ဆုပ်စာစား ပေးခြင်းဖြင့် ကင်ဆာမှ ကာကွယ်ပေးနိုင်သည်။ ဖရုံစေ့တွင် ဟော်မုန်းများကို ထိန်းညှိပေးနိုင်သောဓာတ်များ ပါဝင်သည်။ ဖရုံစေ့တွင်ပါဝင်သောဇင့်၊ ဗီတာမင်အီး တို့သည် ဆဲလ်များပျက်စီးမှုနှင့်ရောင်ရမ်းမှုများကို လျော့ပါးစေသည်။ သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးနိုင်သည်။ အရိုးပွမှုကိုလည်း ကာကွယ်ပေးနိုင်သည်။ ကိုယ်အလေးချိန်ကိုလည်း လျှော့ချပေးနိုင်သည်။ ပရိုတင်းဓာတ်၊ အမျှင်ဓာတ်များ ပါဝင်ခြင်းကြောင့် ဖရုံစေ့လက်တစ်ဆုပ်စာ စားလျှင် ဗိုက်ပြည့်သကဲ့သို့ ခံစားနေရမည်ဖြစ်သည်။ သွေးတွင်းမကောင်းသော ကိုလက်စထရောကို လျော့နည်း စေခြင်းကြောင့် ကောင်းသော ကိုလက်စထရောကို မြင့်စေသဖြင့် နှလုံးသွေးကြောကျဉ်းရောဂါနှင့် လေဖြတ်ခြင်းကို လျှော့ချပေးနိုင်သည်။ ဖရုံစေ့ကို ပုံမှန်စားပေးခြင်းဖြင့် သဘာဝအိပ်ဆေးအဖြစ် ဆေးဖက်ဝင်သည်။ စိတ်ဖိစီးမှုကိုလည်း လျော့ကျစေနိုင်သော အစေ့အဆန်လည်းဖြစ်သည်။ အမျိုးသမီးများ ကျန်းမာရေးအတွက် လိုအပ်သည့် ဗီတာမင်အီးကို ပေးစွမ်းနိုင်သော အစေ့အဆန်လည်း ဖြစ်သည်။ အရွယ်တင်နုပျိုစေကာ မမျိုးဥကင်ဆာကို လည်းကာကွယ်ပေးနိုင်ကြောင်းကို လေ့လာမှုများအရ သိရသည်။ ဖရုံစေ့သည်  ဆီးချို၏နောက်ဆက်တွဲ ကျောက်ကပ်ပျက်စီးခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်း၊ အဆစ်အမျက် ရောင်ရမ်းခြင်းတို့ကို သက်သာစေနိုင်သည်။ အာရုံကြောဝေဒနာများ အတွက် တန်ဖိုးရှိသော အစေ့အဆန်လည်းဖြစ်သည်။ ဖရုံစေ့တွင်ပါဝင်သော ကော့ပါး၊ ဇင့်ဓာတ်များကြောင့် ကူးစက်ရောဂါတို့မှ ကာကွယ်ပေးနိုင်သည်။ ဖရုံစေ့သည် နှလုံးသွေးခုန်ရပ်ကာ သေဆုံးခြင်းမှ ကာကွယ်ပေးနိုင်သည်။ ၀က်ခြံထွက်သူများ အနေဖြင့် ဇင့်ဓာတ်ကြွယ်ဝသော ဖရုံစေ့ကိုစားပေးခြင်းဖြင့် ၀က်ခြံများကိုလျော့ပါး သက်သာစေသည်။ မကြာခဏအအေးမိခြင်း၊ မောပန်းနွမ်းနယ်ခြင်းတို့ မှလည်းကာကွယ်ပေးနိုင်သည်။ မိခင်များအနေဖြင့် ပေါင်ချိန်မပြည့်သော ကလေးများမွေးဖွားခြင်းမှလည်းကာကွယ်ပေးနိုင်သည်။ အသားအရေ စိုပြည်ရန်အတွက် နေ့စဉ်စားသုံးပေးသင့်သော အစာတစ်မျိုးလည်းဖြစ်သည်။ အရေပြားပေါ်က သေဆုံးသွားသည့် ဆဲလ်နေရာတွင် ဆဲလ်အသစ်များ ပုံမှန်ပြန်လည်အားဖြည့်ပေးခြင်းကို အထောက်အကူပြု ပေးနိုင်သည်။ သွေးဆုံးခါနီး အမျိုးသမီးများ ခံစားရလေ့ရှိသော စိတ်ခံစားချက်များ ရုတ်ခြည်းပြောင်းလဲခြင်း၊ အဆစ်အမျက်များ နာကျင်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း စသောလက္ခဏာများလည်း သက်သာစေသည်။ ဖရုံစေ့တွင်ပါဝင်သော အမိုင်နိုအက်စစ်တစ်မျိုးကြောင့် သဘာဝစိတ်ငြိမ်ဆေး တစ်မျိုးအဖြစ်လည်း စားသုံးပေးနိုင်သည်။ သို့ဖြစ်သောကြောင့်  မကြာခဏ စိတ်လှုပ်ရှားတတ်ခြင်း၊ စိတ်ဂနာမငြိမ်ခြင်း၊ သောကရောက်ခြင်း ရှိသူများသည် ဖရုံစေ့ကို မကြာခဏ စားသုံးပေးသင့်သည်။ မက်္ကန်ဆီကန်ဟင်းလျာများတွင် ဖရုံစေ့ကိုထည့်သွင်းချက်ပြုတ်ကြသည်။ ဥရောပအလယ်ပိုင်းတွင် ဖရုံသီးစိုက်ခင်းများကို စိုက်ပျိုးကြပြီး ဖရုံစေ့ကိုကြိတ်ကာ အဆီအဖြစ် ထုတ်လုပ်ကြသည်။ ဖရုံစေ့ကိုပေါင်မုန့်၊ ကိတ်မုန့်များတွင်ထည့်ဖုတ်ပြီး စားကြသကဲ့သို့ အသီးအရွက်များတွင်လည်း ထည့်သွင်းကာ စားသုံးလေ့ရှိကြသည်။ ဖရုံစေ့များသည် အရောင်အမျိုးမျိုး ရှိသည်။ အဖြူရောင်၊ အညိုရောင်၊ အမည်းရောင် စသည်တို့ဖြစ်သည်။ သို့ပါသောကြောင့် ကလေးများကို အကျိုးမပြုသည့် အစားအစာများ ကျွေးမည့်အစား  ဖရုံစေ့လှော်ကို သရေစာအဖြစ် စားသုံးသည့်အကျင့်ကို မွေးမြူထားသင့်သည်။ တိုင်းရင်းဆေးပညာကျမ်းများအရ ဖရုံသီးသည် အေး၏။ ချို၏။ ရတ်္တပိတ်နာကိုနိုင်၏။ အကြောအခြင်ကို တောင့်တင်းလေးလံစေတတ်၏ဟု ဆိုထားသည်ကို တွေ့ရသည်။ သို့ဖြစ်ပါ၍ အလွန်အေးသော ရာသီဥတုများတွင် ဖရုံသီးကိုမစားသုံးသင့်ပါ။ ဤသို့ဖြင့်ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်သည့်အပြင် တစ်ပင်လုံး ဆေးဖက်ဝင်သော ရွှေဖရုံပင်အကြောင်း တင်ပြလိုက်ရပါသည်။

မုဒိတာ(တောင်သာ)

Read 27 times
Rate this item
(0 votes)
Last modified on Sunday, 23 February 2020 11:28

Latest from ကေတု