SJ WorldNews - шаблон joomla Авто

ပိန္နဲသီးအစွမ်း အံ့မခန်း

Monday, 16 March 2020 10:11 Written by  font size decrease font size decrease font size increase font size increase font size

အနံ့အရသာနှင့်ပြည့်စုံပြီး    အသားထူသော mulberry မျိုးနွယ်ဝင် ပိန္နဲသီးပင်တို့ကို ဘီစီ ၂ဝဝဝ ခန့် မှာစတင်တွေ့ရှိခဲ့သည်။ ပိန္နဲပင်တို့သည် ကမ္ဘာ့အကြီးဆုံး သီးနှံပင်အမျိုးအစားဖြစ်ကာ အစိမ်းရောင် နှစ်ရှည်ခံပင်များ ဖြစ်ကြသည်။ သူရှင်သန်ပေါက်ရောက်ရာ ဒေသနှင့် အမျိုးအစားပေါ် မူတည်ကာ တစ်ခါတစ်ရံတွင် ၉ဝ စင်တီမီတာအထိ မြင့်သော အပင်ကြီးများကို တွေ့ရတတ်သည်။ အပင်၏ ပင်စည်ထဲမှာသာမက အရွက်နှင့် အသီးထဲရှိ အူတိုင်များမှာလည်း စေးကပ်သော အဖြူရောင်အစေးများပါရှိကြသည်။အသီးပုံသဏ္ဌာန်ကဘဲဥ သို့မဟုတ် အလုံးပုံစံဖြစ်ပြီး အရွယ်အစားမှာ ကီလို ၁၅ မှ ၅ဝ အထိရှိတတ်သည်။ သစ်သီးများထုံးစံအတိုင်း မမှည့်ခင်မှာ အခွံစိမ်းဖြစ်ပြီး မှည့်လာသောအခါ အဝါရောင်သန်းကာ ရနံ့လည်း မွှေးလာသည်။ မမှည့်ခင် အသီးထဲရှိအသားမှာ  ဖြူဖျော့ဖျော့နှင့် အချိုပေါ့သည်။ အသီးအမြန်မှည့်စေရန် အသီး၏  အညှာရိုးတံနားကပ်ပြီး သစ်သားတုတ် တစ်ချောင်း ရိုက်ထည့်ပေးရပြီး မြန်မာအယူအဆအရ ''သပ်ရိုက်တယ်'' ဟု ခေါ်သည်။ အသီးမှည့်လာသောအခါ အခွံပျော့လာပြီး အထဲရှိအသားမှာ အဝါရောင်ဖြစ်ကာ မွှေးကြိုင်ချိုမြ၍ အလွန်အရသာ ကောင်းသည်။

ပိန္နဲသီးတို့သည် ပူနွေးသောရာသီတွင် လှိုင်လှိုင်ပေါလေ့ရှိပြီး အိမ်မာနှင့် အိမ်ပျော့ဟူ၍နှစ်မျိုးရှိသည်။

အသားထူပြီး အဆန်ထဲမှာ အချိုရည်တွေ အိုင်နေတတ်သည့် အသားကျွတ်ဆတ်ဆတ် အိမ်မာသီးကိုလူကြိုက်များလှသည်။ ပိန္နဲသီးကိုသစ်သီး အချိုပွဲအဖြစ် အဆာပြေ စားကြသကဲ့သို့ ယို၊ ဂျယ်လီ၊ ရေခဲမုန့်၊ စည်သွတ်ဘူး အဖြစ်သော် လည်းကောင်း၊ အစေ့ကိုပြုတ်၍ဆီဆား နယ်၍သော် လည်းကောင်း၊ အသီးနုနုကိုပြုတ်ကာ ပိန္နဲသီးသုပ်၊ ပိန္နဲသီးသနပ်၊ ဝက်နံရိုးပိန္နဲသီးဟင်းရည်၊ ပိန္နဲသီးထားဝယ်ချက်၊ တာလပေါ့ဟင်းရည် စသည်ဖြင့် အမျိုးမျိုး ချက်စားနိုင်သည်။

ပိန္နဲသီးနှင့် ကျန်းမာရေး

ပိန္နဲသီးသည် အနံ့အရသာရှိရုံမျှမက လူသားတို့ ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်သော အာဟာရဓာတ်များ ဖြစ်ကြသည့်  ဗီတာမင်အေ၊ ဗီတာမင်စီ၊ ကယ်စီယမ်၊  ပိုတက်စီယမ်၊ သံဓာတ်၊ သီအာမင်၊ ရီဘိုဖလာဗင်၊နီအာစင်း၊ မဂ္ဂနီစီယမ်၊ ဇင့်စသည်တို့ အမြောက်အမြား ပါရှိသည့်အပြင် ဘေးဥပဒ်ဖြစ်စေသော ကယ်လိုရီပမာဏ ပါဝင်မှုနည်းကာ ကြေညက်လွယ်သော အမျှင်ဓာတ် အလုံအလောက်ပါရှိနေသည်။

၎င်းအစွမ်းသတ္တိများက လူကိုခွန်အားဖြစ်စေသည်။အသီးသာမက၊ အစေ့နှင့်အမြစ်တို့ကလည်း ဆေးဖက်ဝင်ကြသည်။   ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့အစည်း၏ ဓာတ်ခွဲစမ်းသပ်ချက်အရ ၁ဝဝ ဂရမ် ပမာဏရှိသော ပိန္နဲသီးထဲတွင်ဆိုဒီယမ် ၃ မီလီဂရမ်၊ ကစီဓာတ် ၂၄ ဂရမ်၊ ကြေညက်လွယ်သော အမျှင်ဓာတ် ၂ ဂရမ်၊ ပရိုတင်း ၁ ဂရမ်၊ ဗီတာမင်အေ  ၂၉၇ IU၊ ဗီတာမင်စီ ၆ ဒသမ ၇ မီလီဂရမ်၊ သီအာမင် သုည ဒသမ ဝ၃ မီလီဂရမ်၊ ရီဘိုဖလာဗင် သုည ဒသမ ၁၁ မီလီဂရမ်၊ နီအာစင်း သုည ဒသမ ၄  မီလီဂရမ်၊ ဗီတာမင်ဘီ-၆ မှာ သုည ဒသမ ၁ဝ၈ မီလီဂရမ်၊ ဖောလိပ် ၁၄ မိုက်ခရိုဂရမ်၊ ကယ်စီယမ် ၃၄ မီလီဂရမ်၊ သံဓာတ် သုညဒသမ ၆ မီလီဂရမ်၊ မဂ္ဂနီစီယမ် ၃၇ မီလီဂရမ်၊ ဖော့စဖရက် ၃၆ မီလီဂရမ်၊ ပိုတက်စီယမ် ၃ဝ၃ မီလီဂရမ်၊ ဆိုဒီယမ် ၃ မီလီဂရမ်၊ ဇင့် သုည ဒသမ ၄၂ မီလီဂရမ်၊ ကော့ပါး သုည ဒသမ ၁၈၇ မီလီဂရမ်၊ မဂ္ဂနီးစ် သုည ဒသမ ၁၉၇ မီလီဂရမ်၊ စီလီနီယမ် သုည ဒသမ ၆ မိုက်ကရိုဂရမ်၊ အဆီ သုည ဒသမ ၃ မီလီဂရမ်၊ ပြည့်ဝဆီ သုည ဒသမ ဝ၆၃ မီလီဂရမ်၊ မိုနိုမပြည့်ဝဆီ သုည ဒသမ ဝ၄၄ မီလီဂရမ်၊ ပိုလီမပြည့်ဝဆီ သုည ဒသမ ဝ၈၆ မီလီဂရမ်နှင့်ကယ်လိုရီ ၉၄ စသည်တို့  အသီးသီး ပါရှိကြသည်။

-  ပိန္နဲသီးတွင်လူကို အကျိုးပြုစေသော ဗီတာမင်စီ များစွာပါဝင်သဖြင့် အအေးမိနှာစေး ချောင်းဆိုးကဲ့ သို့ဗိုင်းရပ်ရာသီဖျားများနှင့် ပြင်ပဗက်တီးရီးယားပိုး အမျိုးမျိုးတို့ မကူးစက်နိုင်အောင် ကာကွယ်ပေးသည်။ ထို့ပြင် သွေးဖြူဥဆဲလ်များကို ကောင်းကျိုးပြု၍ ကိုယ်ခံစွမ်းအားစနစ်ကို တိုးတက်ကောင်းမွန်စေသည်။ခန္ဓာကိုယ်အတွက် တစ်နေ့တာ လိုအပ်နေသော ဓာတ်တိုး ဆန့်ကျင်ပစ္စည်းပမာဏကို  ပိန္နဲသီး တစ်ခွက်စာထဲမှာ အလုံအလောက်ရရှိနိုင်ပါသည်။

-  ပိန္နဲသီးတွင် ဗီတာမင်စီနှင့် ဓာတ်တိုးဆန့်ကျင် ပစ္စည်းများအပြင် ကင်ဆာရောဂါများကို တိုက်ဖျက်ပေးနိုင်သော phytonutrients များ၊ lignans, isoflavones နှင့်  saponins ဓာတ်များ ပါရှိကြသည်။ ၎င်းဓာတ်တွေက ခန္ဓာကိုယ်ထဲမှာ ကင်ဆာဖြစ်စေလာမှုကို အားပေးသည် free radicals များကို ဖယ်ရှားသုတ်သင်ရုံမျှမက ခန္ဓာကိုယ်ထဲရှိ ကင်ဆာဖြစ်စေနိုင်သော ဆဲလ်များကို ကာကွယ်ပေးသည်။ 

-  ပိန္နဲသီးတွင် အမျှင်ဓာတ်များစွာ ပါရှိခြင်းကြောင့် အစာချေစနစ်ကို တိုးတက်ကောင်းမွန်စေသည်။ အူကို ကောင်းစွာ အလုပ်လုပ်စေသဖြင့် ဝမ်းမှန်စေသည့်အပြင်၊  အူအမြှေးပါးတွေကို ကျန်းမာစေကာအူမကြီး ကင်ဆာမဖြစ်စေနိုင်တော့ပေ။ ပိန္နဲသီးမှာ ခန္ဓာကိုယ်တွင်းရှိ ဖက်ခွက်နာ၊ ပြည်တည်နာများ မဖြစ်အောင် ကာကွယ်ပေးသည့် အာနိသင်တွေပါရှိနေ၍ အစာအိမ်နာနှင့် အူလမ်းကြောင်းရောဂါဝေဒနာတို့ မဖြစ်ပေါ်အောင်ကာကွယ် ကုသပေးနိုင်သည်။

-  ပိန္နဲသီး တစ်ခွက်စာပမာဏထဲတွင် ပါရှိသော ဗီတာမင်အေသည် မုန်လာဥနီ တစ်ခွက်စာထဲတွင် ပါရှိမှု၏ ၁/၄ ပုံဖြစ်သည်။ ထို့ကြောင့် ဗီတာမင်အေ ပေါကြွယ်ဝသော ပိန္နဲသီးကို စားပေးခြင်းဖြင့် အရွယ်မတိုင်မီ မျက်စိမှုန်ခြင်း၊  အမဲရောင် အစက်အပြောက်များပေါ်ခြင်း နှင့်ကြက်မျက်သင့်ရောဂါ    စသည့် မျက်ကြည်လွှာ အမြင်ပိုင်းဆိုင်ရာပြဿနာတို့   မဖြစ်ပေါ်အောင် ကာကွယ်ပေးနိုင်သည်။

-  ပိန္နဲသီးတွင်ဖရက်တို့စ်နှင့် ဆူးခရို့စ်ကဲ့သို့ အသီးအနှံမှရသော သဘာဝသကြားဓာတ်တွေ ပါဝင်နေသဖြင့်  ပိန္နဲသီး စားပြီးသည်နှင့် တစ်ပြိုင်နက်တည်း သိသိသာသာ ခွန်အား တိုးပွားလာစေမည်ဖြစ်သည်။

-  ကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုးဖြစ်စေသော ပြည့်ဝဆီနဲ့ ကိုလက်စထရော လုံးဝမပါရှိပေ။ ထို့ကြောင့်နှလုံးကို ကျန်းမာစေပါသည်။

-  ပိန္နဲသီးမှာ ဗီတာမင်ဘီ-၆ ပါရှိ၍ သွေးထဲရှိ honoCystein ပမာဏကို ချပေးနိုင်သည်။ ထို့ပြင်ပိုတက်စီယမ်ဓာတ် ပါဝင်သဖြင့် သွေးဖိအားကို ပုံမှန်ဖြစ်စေကာ ရုတ်တရက် သွေးပေါင်တက်ခြင်း၊ ကျခြင်းတို့ မဖြစ်စေနိုင်ပေ။ ထို့ပြင် သွေးတိုးကျစေပြီး သွေးတိုးရောဂါနှင့်ဆက်စပ်သော နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့ ဖြစ်ပေါ်မှု အလားအလာကို နည်းပါးစေသည်။

-  ပိန္နဲသီးထဲရှိ ပိုတက်စီယမ်သည် ဌက်ပျောသီးထဲမှာ ပါရှိသောပိုတက်စီယမ်၏ ထက်ဝက်မျှ ပမာဏပါရှိသဖြင့် အရိုးများကို ကျန်းမာသန်စွမ်းစေသည်။ ထို့ပြင်ပိန္နဲသီးထဲတွင် မဂ္ဂနီဆီယမ်ဓာတ် ပေါကြွယ်ဝသဖြင့်  ကယ်စီယမ်စုပ်ယူခြင်းကို အားပေးသည့်အတွက်  အရိုးများကို ကျန်းမာ သန်စွမ်းစေသည်။ ဗီတာမင်ဒီနှင့် ဟော်မုန်း ပြောင်းလဲခြင်းကြောင့်ဖြစ်တတ်သော အရိုးကြွပ်ဆတ်ရောဂါ၊ အရိုးပါးရောဂါနှင့် အရိုးအလွယ်တကူ ကျိုးခြင်းတို့မှ    ကာကွယ်ပေးသည်။ ကလေးငယ်များ အရိုးသန်စွမ်းစေရန်အတွက် ပိန္နဲသီးက အကောင်းဆုံး ဆေးတစ်ခွက်ဖြစ်သည်။

-  သံဓာတ်ပါရှိသဖြင့် သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးပြီး ခန္ဓာကိုယ်ထဲရှိ သွေးများကို ကောင်းစွာ လည်ပတ်စီးဆင်းစေသည်။

-  ပိန္နဲသီးထဲတွင် ပါရှိနေသော  ကော့ပါး သတ္တုဓာတ်များက သိုင်းရွိုက်၏ ဇီဝကမ္မ လုပ်ဆောင်ချက်များကို ကောင်းစွာ အကျိုးသက်ရောက်မှုဖြစ်စေသည်။ အထူးသဖြင့် ဟော်မုန်းထုတ်လုပ်ရေးမှာ ပါဝင်ကူညီပေးသဖြင့် သိုင်းရွိုက်ကို ကျန်းမာစေသည်။

-  ပိန္နဲသီးထဲတွင် ကယ်လိုရီနှင့် အဆီဓာတ်ပမာဏ ပါဝင်မှု လွန်စွာနည်းပါးသဖြင့် ခန္ဓာကိုယ် အလေးချိန် ပုံမှန်ထိန်းသိမ်းလိုသူများအတွက်  အထူးသင့်လျော်ကောင်းမွန်သည်။

-  သွေးမတိတ်ရောဂါ ဝေဒနာသည်များကို ကောင်းကျိုးပြုပါသည်။ ထို့ပြင် သွေးမတိတ်နာများနှင့် အနာမကျက်ဘဲ မြုံနေသော ယဉ်းနာများကို ပိန္နဲသီး အသားဖြင့် အုံပေးခြင်းဖြင့် သက်သာစေနိုင်သည်။

-  ပိန္နဲသီးထဲမှာ ဗီတာမင်စီနှင့်  ဓာတ်တိုးဆန့်ကျင် ပစ္စည်းများပါရှိနေ၍ ခန္ဓာကိုယ်ထဲရှိ ဆဲလ်တွေ တဖြည်းဖြည်း ယိုယွင်းပျက်စီးမှုမှ   ကာကွယ်ပေးသည်။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းမှလည်း ထိထိရောက်ရောက် ကာကွယ်ပေးနိုင်သည်။

-  ပိန္နဲသီးသည် စိတ်ဖိစီးခြင်းနှင့် စိတ်လှုပ်ရှားခြင်းတို့ကို ကောင်းစွာ ပျောက်ကင်းစေသည်။

-  ခံတွင်းကျန်းမာရေး အတွက် ကောင်းကျိုးပြုပါသည်။

ပိန္နဲသီးအစေ့နှင့် ကျန်းမာရေး

-  ပိန္နဲသီးအစေ့ကို ပြုတ်စားပါက သွေးလေလည်ပတ်မှုကို ကောင်းမွန်စေခြင်း၊ ဝမ်းချုပ်ခြင်းမှ သက်သာခြင်း၊ ခန္ဓာကိုယ်တွင်း အညစ်အကြေး စင်ကြယ်ခြင်း၊ အသားအရေ ကြည်လင်ခြင်း၊ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်ခြင်း စသည်ဖြင့် ကောင်းကျိုးပြုသည်။

-  ပိန္နဲသီးအစေ့တစ်စေ့ကို  နွားနို့အေးအေးထဲမှာ ခေတ္တစိမ်ထားပြီးနောက် အနှစ်ဖြစ်လာသည်အထိ ကြိတ်ခြေပါ။ မျက်နှာပေါ်ရှိ အရေးအကြောင်းများ ပေါ်သို့ ၎င်းအနှစ်ဖြင့် သုတ်လိမ်းပေးခြင်းအားဖြင့် ရက်သတ္တလေးပတ်အကြာ အသားအရေ သိသိသာသာ ထူးခြားကောင်းမွန် လာစေနိုင်သည်။

-  မျက်နှာပေါ်ရှိ  အမာရွတ်များအတွက် ပိန္နဲသီးအစေ့ကို အခြောက်ခံပြီးနောက် နွားနို့၊ ပျားရည်တို့ဖြင့် အနှစ်ရအောင် ကြိတ်ချေ၍ လိမ်းပေးပါ။

ပိန္နဲသီးပင်အမြစ်နှင့်ကျန်းမာရေး

-  ပိန္နဲသီးပင်အမြစ်မှ ထုတ်ထားသော အဆီက ဝမ်းလျှောဝမ်းကိုက်ရောဂါကို ပျောက်ကင်းစေသည်။

-  ပိန္နဲသီးပင်အမြစ်ဟာ အရေပြားပေါ်မှာ ဖြစ်တတ်သည့်ရောဂါ တော်တော်များများကို ပျောက်ကင်းစေသည်။  သနပ်ခါးဖြင့် ရောလိမ်း၍သော် လည်းကောင်း၊ သူ့ချည်း သက်သက်သွေး၍သော် လည်းကောင်း  လိမ်းကျံပေးနိုင်သည်။

-  ပန်းနာရင်ကျပ်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်းနှင့် အပူကြီး ဖျားနာခြင်းတို့အတွက် ပိန္နဲသီးပင်အမြစ်ကို ပြုတ်၍သော် လည်းကောင်း၊ သွေး၍သော် လည်းကောင်း သောက်သုံးပေးနိုင်ပါသည်။

ပိန္နဲပင်နှင့် မျက်နှာပေါင်းတင် နည်းလမ်း (၂) သွယ်

   ပိန္နဲသီး၊ အရွက်နှင့် အပင်မြစ်တို့သည် အသားအရေကို ကျန်းမာစေသဖြင့် ယခုအခါ  ၎င်းတို့ဖြင့် စီမံပြုလုပ်ထားသော ရေချိုးခရင်၊ မျက်နှာသစ်ဆပ်ပြာ၊ လိုးရှင်းနှင့် ခေါင်းလျှော်ရည် စသည်တို့ကို အလှကုန်ဈေးကွက်တွင် ရောင်းချလျက်ရှိသည်။

-  ပိန္နဲသီးအရွက် ၁ဝ ရွက်ကို ရေစင်အောင် ဆေးပြီးနောက် ရေအနည်းငယ်ဖြင့် ညှစ်ချပါ။ ရရှိလာသော  ပိန္နဲရွက်အရည် (သတ္တုရည်) ကိုမျက်နှာအနှံ့ လိမ်းကျံပြီးနောက် အခြောက်ခံထားပါ။  ၁၅ မိနစ်ခန့်အကြာ ရေခပ်နွေးနွေးဖြင့် မျက်နှာသစ်ပေးလိုက်ပါ။ အသားအရေ နူးညံ့သန့်စင် သွားစေပါလိမ့်မည်။

-  အစေ့ဖယ်ထားသော ပိန္နဲသီးမှည့် ငါးမြွှာ၏ အသားကိုကြိတ်စက်ဖြင့် ကြိတ်ချေပြီးနောက် ရရှိလာသော အနှစ်ကိုသကြား စားပွဲတင်ဇွန်း နှစ်ဇွန်းရောမွှေပြီး မျက်နှာအနှံ့လိမ်းပေးပါ။ မိနစ် ၂ဝ ခန့်အကြာ ရေအေးအေးလေးဖြင့် ဆေးကြောသန့်စင်ပေးပါ။ ထိုနည်းအတိုင်း တစ်ပတ်လျှင် တစ်ကြိမ် လုပ်ပေးရုံမျှဖြင့် မျက်နှာအရေပြားပေါ်ရှိ ဆဲလ်အသေတွေကို ဖယ်ရှားပေးပြီး မျက်နှာအသားအရေလေး ဝင်းမွတ်တောက်ပ လာပါလိမ့်မည်။

အချုပ်အားဖြင့်ဆိုသော် ပိန္နဲသီးသည် အနံ့အရသာနှင့်ပြည့်စုံသော သစ်သီးတစ်မျိုးဖြစ်ပြီး ဆေးဖက်ဝင် ဓာတ်စာ တစ်မျိုးလည်း ဖြစ်ပေသည်။ သို့သော်မည်သည့် အစားအစာကိုမဆို တန်ဆေးလွန်ဘေးဖြစ်တတ်၍ အလွန်အကျွံမစားသင့်ပေ။ ကျန်းမာရေးအတွက် အရေးကြီးသော  အာဟာရဓာတ် ပြည့်ဝ ကစီဓာတ်၊ ဗီတာမင်နှင့် သတ္တုဓာတ်တို့    အများအပြား ပါဝင်နေသော  အံ့မခန်း ပိန္နဲသီးကို သဘာဝ၏ အာဟာရအဖြစ် သင့်တင့်မျှတစွာ စားသုံးကြရန် တိုက်တွန်းလိုက်ရပါသည်။  

ပေါက်ပေါက်

Read 13 times
Rate this item
(0 votes)
Last modified on Monday, 16 March 2020 10:20

Latest from ကေတု