SJ WorldNews - шаблон joomla Авто

နွေဦးကိုကြိုနှင့်သော ကံ့ကော်ပန်း

Wednesday, 18 March 2020 10:17 Written by  font size decrease font size decrease font size increase font size increase font size

ယခုအချိန်သည် ဆောင်းဥတုမှ နွေဥတုသို့ ကူးပြောင်းလာပြီဖြစ်သည်။ ယင်းသို့ ကူးပြောင်းလာပြီ ဖြစ်သောကြောင့်   နွေဦးကိုကြိုသော သင်္ကေတ ဖြစ်သည့် ကံ့ကော်ပန်း များကိုလည်း စတင်မြင်တွေ့နေရပြီ ဖြစ်သည်။  ကံ့ကော်ပင်သည်   အရိပ်အာဝါသ ကောင်းခြင်း၊ လှပ၍ ရနံ့ကြိုင်သော ပန်းများ ပွင့်ခြင်းတို့ကြောင့် မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် စိုက်ပျိုးကြသည်။ ကံ့ကော်ပင်သည်  သစ်မာပင်အလတ် သို့မဟုတ် အပင်ကြီးမျိုးဖြစ်သည်။ အမွှေးမရှိ၊ အခေါက်သည် ချောမွေ့၍ နေသည်။ အကိုင်းအခက်များသည် တောက်ပသော အနီရောင်၊ ထိုမှပန်းရောင်၊ နောက်ဆုံးတွင် အစိမ်းရင့်ရောင်သို့ ပြောင်းလဲသွားသည်။

ကံ့ကော်ပင်၏ ရုက္ခဗေဒအမည်မှာ   Mesua ferraea L.ဖြစ်သည်။ မျိုးရင်းမှာ Calophyliaceae ဖြစ်သည်။ ကံ့ကော်ပန်းကို ပန်းကုံးလေးတွေအဖြစ် သီပြီး ဘုရားတွင် ပူဇော်ကြသကဲ့သို့ အလှအပအနေဖြင့်လည်း ပန်ဆင်လေ့ရှိကြသည်။ နွေရာသီတွင် ပေါက်လေ့ရှိသော  မိတ်ဖုလေးများကြောင့် ယားယံခြင်းဖြစ်လျှင် ကံ့ကော်ဝတ်ဆံကို သနပ်ခါးထဲ ထည့်သွေး၍ လိမ်းခြင်းဖြင့် သက်သာသည်မှာ လက်တွေ့ဖြစ်သည်။ ထို့အတူ ကံ့ကော်ဝတ်ဆံကို အုန်းဆီထဲတွင်စိမ်ပြီး ဆံပင်တွင်လိမ်းခြင်းဖြင့် ဦးရေပြားကို အေးစေပြီး ဆံသားကိုနက်မှောင် စေသည်ဟူ၍ အများစုက လက်ခံထားကြသည်။ ကံ့ကော်ဝတ်ဆံကို သနပ်ခါးတွင် ထည့်လိမ်းခြင်းဖြင့် အသားအရေကို ချောမွေ့စေပြီး     ဝက်ခြံကိုလည်း ပျောက်စေသည်။ ထို့အတူ ယင်းကံ့ကော်ဝတ်ဆံမှ ရသော မွှေးရနံ့ကြောင့် ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်းတို့ကို သက်သာစေသည်။

ကံ့ကော်ပင်တွင် ကံ့ကော်ပွင့်သာမက ဝတ်ဆံ၊ အစေ့၊အမြစ်၊ အခေါက်နှင့်အသီး၊  အရွက်တို့သည်လည်း ဆေးဖက်ဝင်သည်။ ကံ့ကော်ရွက်သည် ရွက်လွှဲထွက်လေ့ရှိသည်။ ရွက်ထိပ်ချွန်၍ ရွက်ရင်းမှာဝိုင်းသည်။ ကံ့ကော်သီးသည်    အတွင်းခွံမာသီးဖြစ်ပြီး    အနည်းငယ် ထိပ်ချွန်သော ဘဲဥပုံဖြစ်သည်။ ကံ့ကော်ပွင့်များသည် ဖေဖော်ဝါရီလမှ ဧပြီလအထိပွင့်ကာ မေလနှင့်ဇွန်လတို့တွင် အသီးသီးလေ့ ရှိသည်။

ဆေးဖက်ဝင် ကံ့ကော်ပွင့်၏ အာနိသင်များကို ဖော်ပြရမည် ဆိုလျှင် ရသအားဖြင့် အေး၊ ဆိမ့်၊ ဖန်၊ မွှေးဖြစ်၏။

ဝိပါကအားဖြင့်   အေး၊ ချိုဖြစ်၏။   ဂုဏ်အားဖြင့် သီတ၊ လူခ၊ ဂရု၊ မုဒုဖြစ်၏။  ကိစ္စအားဖြင့်ကြည့်မည်ဆိုလျှင် ဖျားနာ၊ ရေငတ်နာ၊ အိပ်မပျော်နာ၊ ထိတ်လန့်၊ ရူးသွပ်တို့ကိုနိုင်၏။ အပူငြိမ်းစေပြီး မီးယပ်သွေးကို ထိန်း၏။ ကံ့ကော်ပွင့်၏ သဘာဝမှာ ကိုယ်နံ့မကောင်းသော အနာကိုအထူးနိုင်သော တန်ခိုးထူးရှိသည်။

ကံ့ကော်ပွင့်နှင့် ပတ်သက်၍ ဆေးကျမ်း အသီးသီးမှ ဖော်ပြထားသော ဆေးဝါးဂုဏ်သတ္တိ၊    အာနိသင်နှင့် အသုံးပြုမှုဆိုင်ရာများကို တင်ပြပေးပါမည်။

(၁)  အိန္ဒိယဆေးကျမ်းများ အဖွင့်အရ ကံ့ကော်ပွင့်သည်ခါး၏။ ဖန်၏။ ကြေလွယ်၏။ အနည်းငယ်ပူ၏။ခြောက်၏။ ပေါ့၏။ သည်းခြေပိတ်ဆို့ခြင်း၊ သလိပ်၊ ခံတွင်းအရသာ ဖောက်ပြန်ခြင်း၊ လေကြောင့် ယားယံခြင်း၊ နှလုံးနာခြင်း၊ ချွေးထွက်ခြင်း၊ မကောင်းသော အနံ့နံခြင်း၊ အဆိပ်သင့်ခြင်း၊ ရေငတ်၊ နူနာ၊ မြွေဆိပ်၊ အစာအိမ်နာကျင်ခြင်းနှင့် ခေါင်းကိုက်ထိုးခြင်း တို့ကို ပျောက်ကင်းစေ၏ဟုဆိုထားသည်ကို တွေ့ရသည်။

ယင်းဆေးကျမ်းတွင် ဖော်ပြထားသော  ကံ့ကော်ပွင့်၏ အသုံးပြုပုံ အချို့ကိုလည်း တင်ပြပေးလိုသည်။ အမျိုးသမီးများ သားပျက်သော် ကံ့ကော်ဝတ်ဆံကို သကြားနှင့်ရောကြိတ်ပြီး နို့နှင့်ရက်ဆက် သောက်ပေးနိုင်၏။ ကံ့ကော်ဝတ်ဆံကို သကြားနှင့်ရောကြိတ်၍ ဆီနှင့်ရောကာ လိမ်းပေးခြင်းဖြင့် လိပ်ခေါင်းသွေး ရပ်စဲစေသည်။ ကံ့ကော်ဝတ်ဆံကို ခြေဖဝါးတွင် ပွတ်လိမ်းပေးခြင်းဖြင့် ခြေဖဝါးပူလောင်ခြင်းမှ ပျောက်ကင်းစေသည်ဟု ဆိုထားသည်ကိုလည်း တွေ့ရသည်။

(၂)  ပုံပြဆေးအဘိဓာန် စာအုပ်တွင်  ပါရှိသော ကံ့ကော်ပွင့်၏ အရသာနှင့် အကျိုးသွားကို တင်ပြပေးရမည်ဆိုလျှင် အရသာမှာဖန်၏။ သက်၏။ အနည်းငယ်ပူသော သတ္တိရှိ၏။ ကြေကျက်သောအခါ စပ်၏ဟုဆိုထားသည်ကို တွေ့ရသည်။

ဂုဏ်နှင့်စွမ်းရည်ကို တင်ပြရမည်ဆိုလျှင် အစာကို ကြေစေတတ်၏။ ခြောက်စေ၏။ ကြေကျက်လွယ်၏။ အရောင်အဆင်းကိုဖြစ်စေ၏။ ဒေါသသုံးပါးကို ပယ်၏။ သွေးဖောက်ပြန်ခြင်း၊ ယားခြင်း၊ နှလုံးနာကျင်ခြင်း၊ အနံ့မကောင်းခြင်း၊ အဆိပ်သင့်ခြင်း၊ ရေငတ်ခြင်း၊နူနာ၊ ရေယုန်၊ ဆီးအိမ်နာကျင် ကိုက်ခဲခြင်း၊ ခေါင်းကိုက်၊ ပါဒရက်တို့ကို ပျောက်ကင်းစေ၏။

အသုံးပြုပုံကိုဖော်ပြရမည်ဆိုလျှင် ကံ့ကော်ပွင့်၏ ဝတ်ဆံလေးပဲသားနှင့် သကြားခဲကို သင့်ရုံရောကြိတ်ကာ ဆီဦးထောပတ်နှင့်တေပြီး သုံးဆောင်ခဲ့သော်     မြင်းသရိုက်သွေးကျနာသည် လျင်မြန်စွာ ပျောက်ကင်း၏။ ထို့အတူ လိမ်းလည်း လိမ်းပေးနိုင်သည်။ ကံ့ကော်စေ့၏ အဆီကို လိမ်းကျံပေးခဲ့သော်  အဆစ်ရောင်ခြင်း၊ ကိုက်ခြင်းများကို လျင်မြန်စွာ ပျောက်ကင်းစေကြောင်း သိရသည်။ မီးယပ်ဖြူဆင်းခြင်း ပြင်းထန်သော် ယောနိအိုင်းနာအထိ ဖြစ်ခြင်းတို့တွင် ဆီဦးထုတ်ယူထားသည်မှ ကြွင်းသောဒိန်ချဉ်နှင့် ရောကာ ကံ့ကော်ဝတ်ဆံကို သုံးစွဲလျှင် များစွာ အကျိုးပြု၏။

(၃) ရှုတော်မူဆေး အဘိဓာန်ကျမ်းတွင် ကံ့ကော်ပွင့်သည် သလိပ်၊ သည်းခြေကြောင့်ဖြစ်သော အနာမျိုးတို့ကိုနိုင်၏။ ယင်းဝတ်ဆံသည်   အလွန်ပူသောအဖျား၊ အိပ်စက်မပျော်သောအနာ၊ သည်းခြေပူသောအနာ၊ ကိုယ်လက်မရပ်တည်နိုင်သော အနာ၊  ရှိုက်ငင်ဆာလောင် ပင်ပန်းသောအနာ၊ တွေဝေငိုက်မျဉ်းသောအနာ၊ အဘိညာဉ်သွေးဖောက်ပြန်၍ သန္နိပါတ်ဆိုက်ရောက်သောအနာ၊ မီးယပ်သွေးလျှံသော အနာတို့ကို နိုင်၏ဟု ဆိုထားသည်ကို တွေ့ရသည်။

(၄)  ဘာဝပ္ပကာသကျမ်း အလိုအရ ကံ့ကော်သည် ဖန်၏။ ပူ၏။ အဆီအစေးမရှိ၊  ခြောက်သွေ့၏။

ကြေလွယ်၏။ အစာကိုကြေစေတတ်၏။ အဖျားရောဂါ၊ယားနာ၊ ရေငတ်နာ၊ ချွေးထွက်နာ၊ ပျို့အန်နာ၊ နူနာ၊ ဝက်သက်နာ၊ သလိပ်နာ၊ သည်းခြေနာ၊ အဆိပ်နာတို့ကို ပယ်ဖျောက်၏ဟု ဆိုထားသည်ကို တွေ့ရသည်။

(၅)  ပုံပြဆေးဝါးပင်များ အဘိဓာန် ညွန့်ပေါင်းကျမ်းတွင်  ကံ့ကော်ပွင့်နှင့် ပတ်သက်၍  အသုံးပြုပုံ အချို့ကိုလည်း တင်ပြပေးလိုသည်။ အပွင့်ခြောက်သည် ခါးသည်။ မွှေးကြိုင်သည်။ ချွေးထွက်စေသည်။ အပွင့်ခြောက်များသည် ချုပ်စေသည်။ အစာကိုကြေစေသည်။ အားကြွစေသည်။ အပွင့်များကို ထောပတ်နှင့် သကြားရောစပ်၍ကြိတ်ပြီးလျှင် ဒူလာမြင်းသရိုက်နှင့် ခြေထောက်များ ပူလောင်ခြင်းတို့အတွက် အသုံးပြုနိုင်သည်။ အပွင့်များသည် မြွေဆိပ်ကိုဖြေစေသည်။အဖူးကို ဝမ်းကိုက်ရောဂါအတွက်   အသုံးပြုသည်။

အဖူးများကို ဖျော်ရည်ပြုလုပ်၍ တိုက်ပေးခြင်းဖြင့် သက်သာစေသည်ဟူ၍  ဖော်ပြထားသည်ကို တွေ့ရသည်။

အထက်ဖော်ပြပါ အချက်များသည် ကံ့ကော်ပွင့်၏ ဆေးဖက်ဝင်မှုများဖြစ်သည်။ ထိုကဲ့သို့ ဆေးဖက်ဝင်သော ကံ့ကော်ပွင့်ကို ကျွန်မတို့ တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ ထုတ်လုပ်လျက်ရှိသော ဆေးဖုံများတွင်လည်း ထည့်သွင်း ဖော်စပ်ထားသည်။ ကံ့ကော်ပွင့်ပါဝင် ဖော်စပ်ထားသော ဆေးဖုံများမှာ ဆေးအမှတ်(၄၃) အကင်းဆယ်ပါး၊ ဆေးအမှတ်(၁၇) သွေးဆေးနီကြီး၊ ဆေးအမှတ်(၈) သွေးဒူလာဆေး၊ ဆေးအမှတ်(၁၅)သည်းခြေဆေး၊ ဆေးအမှတ်(၄၄) ကတိုးလိမ်းဆေး၊ ဆေးအမှတ်(၁၆) အပူငြိမ်းသွေးဆေး၊ ဆေးအမှတ် (၃၅-က) ဇာတိလဝဂ်ဆေး၊    ဆေးအမှတ်(၃၅-ခ) ဇာတိလဝဂ်ဆေးတို့ဖြစ်သည်။

ဆေးဖက်ဝင်သော ကံ့ကော်ပွင့်ကို စုဆောင်းရာတွင် ပန်းပွင့်လျှင်ပွင့်ချင်း စုဆောင်းယူရမည်ဖြစ်သည်။ကံ့ကော်ဝတ်ဆံကို စုဆောင်းရယူမှုတွင် ပွင့်ချပ်၊ ပွင့်ဖတ်များ မပါစေရန် အသေအချာ စုဆောင်း ရယူရမည်ဖြစ်သည်။  ဤသို့ ဆေးဖက်ဝင်လှသော ကံ့ကော်ပင်သည် ကျွန်မတို့ မြန်မာနိုင်ငံတွင်သာမက  ယင်း၏မူရင်းဒေသများဖြစ်သည့် သီရိလင်္ကာ၊ ထိုင်း၊ နီပေါ၊ အင်ဒိုချိုင်းနား၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဆူမတြာတို့တွင်လည်း အမြတ်တနိုး သုံးစွဲကြသည်။

ဆရာကြီးဒေါက်တာကျော်စိုး    ရေးသားခဲ့သော ဆေးဖက်ဝင်ပင်များ စာအုပ်မှ ကံ့ကော်ပင်၏ ဆေးဖက်ဝင်သော အင်္ဂါသည် ဝတ်မှုန်အိတ်ဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။ ကံ့ကော်ဝတ်ဆံ၏ ဆေးဖက်ဝင်သော   အာနိသင်များကိုလည်း ဖော်ပြပေးလိုသည်။

ကံ့ကော်ဝတ်ဆံသည် Angina Pectoris, Metrorrhagia, Cystitis, Leprosy,Hypotension, Ar Thritis, Neuropathy, Leucorrhoea, To all Thirst, Haemorrhoide, Abortion, Headache, Deodorant,Indigestion,Antidote for Poison, Carminative, Billousness,Expectorant, Seed oil for Arthritis, Chronic Sores တို့တွင် ပျောက်ကင်းနိုင်ကြောင်း တွေ့ရသည်။

နွေဦးကိုကြိုနှင့်သော ဆေးဖက်ဝင်သော ကံ့ကော်ပန်း အကြောင်းကို မောင်စိန်ဝင်း (ပုတီးကုန်း)၏ ကံ့ကော်အိပ်မက်များကဗျာထဲမှ အပိုဒ်ကလေးနှင့် နိဂုံးချုပ်လိုက်ပါရစေ။

ကံ့ကော်ပွင့်ဝေ..

ခင့်အဆောင်ဝ နှင်းဝေ့ကျဆဲ ပို့ဆက်မြဲလေ..

ရွှေမှုံနုပါး သနပ်ခါးနံ့ 

ကံ့ကော်ဝတ်ဆံ လိမ်းကျံထုံသင်း

ရင်တွင်းဆွတ်ပျံ့  ဝေဒနာကိုဆွဲဆန့်၏။  

ငြိမ်းအိစံ (တိုင်းရင်းဆေးတက္ကသိုလ်)

Read 18 times
Rate this item
(0 votes)
Last modified on Wednesday, 18 March 2020 10:18

Latest from ကေတု