SJ WorldNews - шаблон joomla Авто

ဆရာဝန်အတွက်နားခိုစရာ

Wednesday, 25 March 2020 09:21 Written by  font size decrease font size decrease font size increase font size increase font size

ပြီးခဲ့သည့်နှစ်    သည်အချိန်လောက်ကစသည်။ ကျွန်တော့်ယောက္ခမကြီးက  ချောင်းခြောက်ဆိုးပြီး မောလာသည်။ ယောက္ခမကြီးအမည်က  ဒေါ်မေရီ။

ဆန်ဖရန်စစ္စကိုမြို့မှ သူပုံမှန်လျှောက်နေကျ ဖေးမောလမ်းက ကုန်းတက်လေးကို အရင်လိုသူ မတက်နိုင်တော့။  မောတာကပိုဆိုးလာတော့ ကယ်လီဖိုးနီးယား တက္ကသိုလ်ဆေးရုံမှ     သူပြနေကျဆရာဝန်ကြီးက ကွန်ပျူတာ ဓာတ်မှန်ရိုက်ခိုင်းသည်။    အဖြေမှာက ဒေါ်မေရီ၏ လေပြွန်များ  ကျဉ်းပြီးပိတ်နေသည်။ 

သည်အတိုင်းသွားလျှင် တဖြည်းဖြည်း ဆိုးလာပြီး အဆုတ်ပျက်စီးတော့မည့် သဘော။ လက်ရှိကာလမှာ ထိုရောဂါအတွက်  ကုထုံးလည်းမရှိ။  အသက်ငယ်သူများမှာ ဖြစ်ရင်တော့ အဆုတ်အစားထိုးပြီး အသက်ဆက်ဖို့ ကြိုးစားကြသည်။ အသက်ကြီးသူများမှာတော့ ကုသမှု မည်မည်ရရ ရယ်လို့မရှိ။

မနှစ်ကတစ်နှစ်လုံး  ဒေါ်မေရီတစ်ယောက်   သူ့အဆုတ်ရောဂါကြီးနှင့်    တလှုပ်လှုပ်နေခဲ့ရသည်။

ကိုယ်ကာယကုသဌာနသို့ သွားပြီး အသက်ရှူလေ့ကျင့်ခန်းများ လုပ်ရသည်။ ဝေဒနာက သက်သာသလိုရှိလိုက်၊  ပြန်ဖြစ်လိုက်နှင့်   ပျောက်သွားတယ်ရယ်လို့ မရှိ။  ဖြည်းဖြည်းချင်း အခြေအနေ ဆိုးလာနေသည့် သဘော။

လတ်တလော ဆန်ဖရန်စစ္စကိုမှာ ကိုရိုနာဗိုင်းရပ် ပြဿနာဖြစ်လာတော့ ဇနီးဖြစ်သူက ဆရာဝန်ဖြစ်သည့် ကျွန်တော့်ကို မေးသည်။

''အမေ့အတွက်စိတ်ချရအောင် ဘယ်လိုထားရမလဲ အစ်ကို'' COVID-19 နှင့် ပတ်သက်လာလျှင် ကျွန်တော်တို့ မသိတာတွေ အများကြီး ကျန်နေသေးသည်။ ကျွန်တော်တို့ သိထားသည်က COVID-19 သည် အသက်ကြီးသူများ၊  ရောဂါ အခံရှိသူများနှင့်  ကိုယ်ခံအားကျဆင်းနေသူများကို အန္တရာယ်ပေးနိုင်သည်ဟုသာ။ အထူးသဖြင့်   ဒေါ်မေရီတို့လို   နောက်ခံအဆုတ်ရောဂါ ကြီးကြီးမားမား ရှိသူတွေမှာ     ပိုဒုက္ခပေးနိုင်သည်။

အမေရိကန် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဗဟိုဌာန(CDC) မှထုတ်ပြန်သည့် လမ်းညွှန်ချက်ကို ဇနီးဖြစ်သူအား  ရှင်းပြရသည်။  ''အမေက  အိမ်မှာ နေရမယ်၊ ချောင်းဆိုးရင် လက်နဲ့ကွယ်ဆိုး၊  လက်ကို ဆပ်ပြာနဲ့ မကြာမကြာဆေး'' စသည်ဖြင့်။

လွန်ခဲ့သည့်နှစ် အနည်းငယ် ကျွန်တော် ဆရာဝန်ဖြစ်စကတည်းက ဒေါ်မေရီတို့အိမ်မှာ ကျွန်တော်တို့ ဇနီးမောင်နှံ နေလာခဲ့သည်။

ဒုံးပျံကြီး မိုးထဲပျံတက်သွားသလို ကုန်ဈေးနှုန်းများ တက်နေသည့်ခေတ်ကြီးထဲမှာ ကျွန်တော်တို့လို ဆရာဝန်ပေါက်စ အသက်မွေးဝမ်းကျောင်း ပညာတတ်သည့် လူငယ်များအဖို့ တစ်အိုးတစ်အိမ် ထူထောင်ရန် မလွယ်ပါ။ ဒီလိုနှင့် ဆန်ဖရန်စစ္စကိုက ယောက္ခမအိမ်မှာပဲ ကျွန်တော်နေလာခဲ့တာပါ။ ဒေါ်မေရီက သမိုင်းပါမောက္ခကြီးတစ်ဦး။     ဒီရပ်ကွက်ထဲမှာပဲ ဒေါ်မေရီအပျိုဖော်ဝင်ခဲ့သည်။ မိခင်တစ်ဦးဖြစ်လာခဲ့သည်။ အဘွားအရွယ်ကို ရောက်ခဲ့သည်။ ဒီပတ်ဝန်းကျင်မှာက သူ့မိတ်ဆွေတွေအပြည့်။

အခု  ကိုရိုနာဗိုင်းရပ်က    ဆန်ဖရန်စစ္စကိုမြို့ထဲ ဝင်လာတော့ ဒေါ်မေရီတစ်ယောက် အရင်လို ရပ်ကွက်ထဲက လမ်းတွေမှာ လမ်းလျှောက်ဖို့၊ မိတ်ဆွေအပေါင်းအသင်းများနှင့်     တွေ့ဆုံနှုတ်ဆက် စကားပြောဖို့ ခက်သွားသည်။  အသက်ရှူ လေ့ကျင့်ခန်းလုပ်ဖို့ပင် အပြင်လေထွက် မရှူရဲတော့သည့်   အခြေအနေကို ကြုံရသည်။

ဒီနှစ်ထဲမှာ ဒေါ်မေရီက ဂျာမနီနိုင်ငံ ဘာလင်မြို့ကို  ခရီးထွက်ဖို့ ပြင်ဆင်ထားခဲ့သည်။   တစ်မြို့တည်းမှာ  တံတိုင်းကြီးခြားပြီး ယဉ်ကျေးမှုနှစ်ခုပြိုင်တူ ဖြစ်တည်ခဲ့သည့်  ဘာလင်မြို့ကို  သူသွားလည်ဖို့ အားခဲထားသည်မှာ   ကြာခဲ့ပြီ။   ဘာလင်မြို့က   တံတိုင်းကြီးကို  အနောက်ဘက်မှ    အရင်းရှင် စိတ်ကူးစိတ်သန်းတွေ ပျံ့နှံ့ရောက်ရှိ မလာအောင်   ကာကွယ်ဖို့   ရည်ရွယ်ဆောက်လုပ်ခဲ့တာဟု သူအမြဲ ပြောလေ့ရှိသည်။   အခုတော့     ကိုရိုနာဗိုင်းရပ်တွေ ရောက်မလာအောင် ဘာလင်သည်  ခရီးသွားဧည့်သည်များကို   ဝင်ခွင့်ပိတ်ထားလိုက်ပြီ။ ဒေါ်မေရီ တစ်ယောက်  ဘာလင်ကို သွားလို့မရတော့ပြီ။

ဘာလင်ကိုအလည် မသွားရတော့ပေမယ့် ဆန်ဖရန်စစ္စကိုက သူ့ရပ်ကွက်ထဲမှာပဲ ဒေါ်မေရီက အရင်လို လှည့်လည်သွားလာဖို့ ကြိုးစားသည်။     ဒေါ်မေရီ မသွားဝံ့တော့သည့် တစ်ခုတည်းသော နေရာက သူပုံမှန် သွားနေကျ ဆရာဝန်များရှိရာ ဆေးရုံ၊ ဆေးခန်းတွေကိုပါ။ ဆေးရုံ၊ ဆေးခန်းများ၏ ဧည့်သည်နားနေခန်းထဲမှာ ပိုးမွှားတွေပုန်းအောင်း နေတတ်တာ၊ ဆရာဝန်၏ ဂျူတီကုတ်အိတ်ကပ်တွေထဲ ရောဂါပိုးတွေ ဝင်ရောက် ခိုအောင်းနေတတ်တာ ဒေါ်မေရီကောင်းကောင်းသိပါသည်။

ကိုရိုနာဗိုင်းရပ်ပြဿနာ ပေါ်လာတော့    ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောဖူးသည်။   ''ဆေးရုံတွေထဲ    ကိုရိုနာဗိုင်းရပ်ဝင်လာတဲ့ အပေါက်က အရေးပေါ်ဌာနတံခါးပေါက်ပဲဗျ။ အခြားနေရာက ခက်ခက်ခဲခဲဝင်လာစရာမလိုဘူး။''

ဒီတော့ ဒေါ်မေရီတစ်ယောက် ရောဂါပိုးရှိနေသူများ မလွဲဧကန်လာကြမှာဖြစ်သည့်   ဆေးရုံ၊ ဆေးခန်းအပေါက်ဝကို     ယောင်လို့တောင် မလှည့်ဖြစ်တော့။  

ပြဿနာက တစ်ခုပဲရှိသည်။ ဒေါ်မေရီက အရေးပေါ်ဌာနကို မလာပေမယ့် နေ့စဉ်နေ့တိုင်း အရေးပေါ်ဌာနမှ လူတစ်ဦးက ဒေါ်မေရီတို့အိမ်ကို ပြန်လာနေသည်။

မှန်ပါသည်။   သားမက်ဖြစ်သူ  အရေးပေါ်ဌာန ဆရာဝန် ကျွန်တော်ပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်ကြီးက ပြောခဲ့သည်။   ''ကျန်းမာရေးဝန်ထမ်းများဟာ စေးကပ်တဲ့ ကော်တွေလိုပဲ၊   စုစုစည်းစည်း  သိပ်သိပ်သည်းသည်းနဲ့   ကျန်းမာရေးစနစ်ကြီးကို   ခိုင်မြဲနေအောင်၊ ဒီကိုရိုနာကပ်ရောဂါ ဆိုးကြီးကို တွန်းလှန်နိုင်အောင် ကြိုးပမ်းကြရမှာ ဖြစ်တယ်''ဟု။ တကယ်တမ်းကျတော့ COVID-19 ကိုရိုနာဗိုင်းရပ်၏ ဝူဟန်မြို့တွင်း ကူးစက်မှု ၄၁ ရာခိုင်နှုန်းက ဆေးရုံ၊ ဆေးခန်းများမှာ ဖြစ်ပွားခဲ့တာပါ။ ကျန်းမာရေးဝန်ထမ်းများမှတစ်ဆင့်     ၄င်းဗိုင်းရပ်ပိုးများကူးစက်ပျံ့နှံ့သွားဖို့ လွယ်ကူသလို သူတို့ကိုယ်တိုင်လည်း ကိုရိုနာဗိုင်းရပ် ကူးစက်ခံရပြီး ဝေဒနာခံစားရဖို့ အလားအလာများလှသည်။

ရုပ်ပိုင်း၊ စိတ်ပိုင်းပင်ပန်း နွမ်းနယ်နေအောင် အလုပ်လုပ်ကြရသည့် ဆရာဝန်၊ သူနာပြုများအဖို့  ကိုယ်ခံစွမ်းအားကျနေဖို့ အလားအလာများပြီး ရောဂါပိုးရှိနေသူများနှင့် အနီးကပ်ထိတွေ့ ဆက်ဆံနေရသဖြင့်လည်း ကူးပြီဆိုသည်နှင့်      ဗိုင်းရပ်ပိုးကောင်ရေများများ တစ်ကြိမ်တည်းနှင့် ကူးသွားနိုင်သည့် အခြေအနေရှိပါသည်။ ကိုယ်ကျိုးစွန့်ပြီး  လူနာများအတွက်  အလုပ်လုပ်နေကြပေမယ့်       မိသားစုအသိုင်းအဝိုင်းထဲ ပြန်ရောက်သည့်အခါ ရောဂါတွေ ဖြန့်ဝေမည့်သူလား ဟူသည့်အမြင်ဖြင့်   ခွဲခြားဆက်ဆံခံ ရနိုင်ခြေလည်း ရှိနေသည်။

ရောဂါကာကွယ်ရေးဝတ်စုံ(PPE)ကို ဝတ်ဆင်ရန်အဆင့် ၁၇ ဆင့်ရှိသည်။ အရေးပေါ်ဌာန တာဝန်ကျ ဆရာဝန်များအတွက်  လူနာသစ်တစ်ဦး ရောက်လာလျှင်   လုပ်ဆောင်ဖွယ်ရာ  အန္တရာယ်ကင်းရှင်းရေး လုပ်ဆောင်ချက်အဆင့်  ၁၁ ဆင့်ရှိသည်။   နိစ္စဓူဝ ထိုအဆင့်များကို   စနစ်တကျဖြတ်သန်း လုပ်ဆောင်နေရပေမယ့် တစ်ခါတလေ ကျွန်တော်တွေးမိသည်က ကျွန်တော်တို့ ကျန်းမာရေး ဝန်ထမ်းများသည် ရောဂါကုထုံး၏ တစ်စိတ်တစ်ပိုင်းလား၊ ဒါမှမဟုတ် ရောဂါ၏ တစ်စိတ်တစ်ပိုင်း ဖြစ်နေပြီလား ဟူသည့် ဒွိဟမေးခွန်းဖြစ်ပါသည်။

အများကောင်းကျိုးအတွက် ဘဝကိုနှစ်မြှုပ်ကြိုးစားနေရင်းက မိမိခင်တွယ်ရာ မိသားစုအတွက် ''ဘေးဖြစ်စေခဲ့ပြီလား'' ဆိုသည့်မေးခွန်းကို ကျွန်တော် အကြိမ်ကြိမ် မေးနေမိပါသည်။  သို့ပေမယ့်  ကျန်းမာရေး ဝန်ထမ်းတွေ၊  ဆရာဝန်၊   သူနာပြုတွေမရှိတော့ရင် အရေးပေါ်ဌာန ရောက်လာသည့် လူနာတွေကို ဘယ်သူကြည့်ပေးမှာလဲ၊    အသက်ရှူကျပ်ပြီး မောနေသည့် လူနာတွေကို ဘယ်သူက အမောပြေစေနိုင်တော့မှာလဲ၊ အထူးကြပ်မတ် ကုသဆောင်ထဲက     လူနာတွေကို  ဘယ်သူတွေက တာဝန်ယူပေးကြတော့မှာလဲ။

ကိုရိုနာဗိုင်းရပ်    ဘယ်လိုပျံ့နှံ့သလဲ ဆိုသည်ကို ဘယ်သူတွေက ဆက်လေ့လာသုတေသန ပြုကြတော့မှာလဲ၊ ဆေးဝါးသစ်တွေကို ဘယ်သူတွေက ဆက်လက်ဖော်ထုတ်နေကြမှာလဲ၊      ကိုရိုနာဗိုင်းရပ်ကြောင့် မဟုတ်ဘဲ အခြားသော ရောဂါ အမျိုးမျိုးဖြင့် ဝေဒနာခံစားနေရသူတွေကို ဘယ်သူတွေက ဆက်ပြီး ပြုစုပေးနေဦးမှာလဲ။ ဆရာဝန်၊ သူနာပြုတွေဟာ အခြားသော ဝန်ထမ်းလုပ်သားတွေလို အလုပ်ကိုမလာဘဲ အနားယူ လိုက်ကြမည် ဆိုပါလျှင် ကျန်းမာရေးစနစ်ကြီး တစ်ခုလုံး ရပ်ဆိုင်းသွားဖို့ ရှိနေပါသည်။ တကယ်ထိခိုက်နစ်နာကြရမှာက လူနာတွေသာ ဖြစ်ပါသည်။

ဘယ်လိုပဲဖြစ်ဖြစ် အိမ်ကိုပြန်ရောက်လို့ တံတောင်ဆစ်ကိုကွေးပြီး မျက်နှာကိုဖွက်လို့ ကျွန်တော်အမှတ်တမဲ့ နှာချေမိလိုက်ပြီ ဆိုလျှင် ဇနီးဖြစ်သူက သံသယမျက်လုံးဖြင့် လှမ်းကြည့်နေတတ်ပြီ။ သူ့မျက်လုံးတွေထဲက    အကြောက်တရားကိုပါ လှမ်းမြင်ရတတ်ပြီ။

ဒီဗိုင်းရပ်တွေက  အမေရိကန်မှာပေါသည့်  သေနတ်သမားတွေလို လူစည်ကားရာလှည့်လည်သွားလာပြီး ဒုက္ခပေးရုံမျှမက အိမ်ထဲမှာ ပင်ပုန်းပြီး ဒုက္ခပေးနိုင်သည့် အစွမ်းရှိနေသည်။ ကျွန်တော်နှင့်ဆေးရုံမှ ကျွန်တော့်လုပ်ဖော်ကိုင်ဖက်များသည်    မိသားစုကို  ညစာလိုက်မကျွေးနိုင်တော့သည့်၊ ထွေးထွေးပွေ့ပွေ့ မနေပေးနိုင်တော့သည့်    တာဝန်မကျေသူများဖြစ်နေပါပြီလား။

ယောက္ခမကြီး ဒေါ်မေရီနှင့်  ကျွန်တော် သူ့ဆီမှာ ကိုရိုနာဗိုင်းရပ်ကူးစက်ခံရပါက   ဘာတွေခံစားရမလဲ ဆိုတာ ဆွေးနွေးကြသည်။

ဗိုင်းရပ်အကူးခံရပြီဆိုသည်နှင့် ဧဝရတ်တောင်ပေါ်ကို အောက်ဆီဂျင်ဘူး မပါဘဲတက်ရသလို အသက်ရှူမဝဘဲ မောလာလိမ့်မည်။ မိုဟာမက်အလီနှင့် လက်ဝှေ့ကြိုးဝိုင်းထဲ ထိုးသတ်ရသူလို  ရင်အစုံက ဖားဖိုကဲ့သို့ တကြွကြွဖြစ်လာမည်။ အဲဒီလိုမောလာပြီ ဆိုရင်တော့ ဆေးရုံတက်ရမည်။ အထူးကြပ်မတ် ကုသဆောင်ထဲမှာ အသက်ရှူကူစက်တပ်ထားရတော့မည်။  ECMO ဟု   အတိုကောက် ခေါ်ကြသည့်   အသက်ရှူစက်တစ်မျိုးဖြင့် အသက်ဆက်ပေးဖို့ ကြိုးစားကြလိမ့်မည်။

အခန့်မသင့်ရင်တော့ အဏုကြည့်မှန်ပြောင်းဖြင့်သာ မြင်နိုင်သည့် ကိုရိုနာပိုးလေးကြောင့် အသက်ဆုံးရှုံးသွားနိုင်သည်။

အထက်ပါ အခြေအနေအားလုံးက    ကျွန်တော် အိမ်ပြန်လာလို့  ဖြစ်ရမည့်အခြေအနေဖြစ်ပါသည်။ ကျွန်တော်သာ အိမ်ကိုပြန်မလာရင်    ဒေါ်မေရီ့ထံ ကိုရိုနာပိုးသယ်လာပေးသူရှိမှာ မဟုတ်။ နံနက် ၆ နာရီ ဂျူတီကထွက်တော့    သူငယ်ချင်းဆရာဝန်တွေဆီ ဖုန်းဆက်ရသည်။

ကျောခင်းစရာတစ်နေရာရလိုရငြား   နေရာရှာရမှာပါ။ မနေ့ညက ကိုရိုနာပိုးကြောင့် အသက်ရှူစက် တပ်လိုက်ရသည့် လူနာတစ်ဦးနှင့် ထိတွေ့ခဲ့ရသည်။

''ငါ့အခန်းမှာအိပ်လို့ ရတယ်သူငယ်ချင်း။ ငါလည်းအရင်နေ့တွေက ကိုရိုနာလူနာ တစ်ယောက်ကို ကိုင်ခဲ့ရတာပဲ။ မင်းဆီကရောဂါကူးမှာတော့ ငါမကြောက်ပါဘူးကွာ''ဟု သူငယ်ချင်း ဆမ်ကပြောသည်။  ''ခင်ရာဆွေမျိုး၊ မြိန်ရာဟင်းကောင်း''ဟု ဆိုရိုးရှိသည် မဟုတ်ပါလား။

ကျွန်တော်သည်  ဆေးရုံမှအပြန်  ယာယီနားခိုရာ အရပ်သို့ ဦးလှည့်လိုက်ပါတော့သည်။  

ဒေါက်တာလွှမ်းမိုးဟန်

Read 11 times
Rate this item
(0 votes)
Last modified on Wednesday, 25 March 2020 09:23