SJ WorldNews - шаблон joomla Авто

ခရမ်းလွန်ရောင်ခြည်နှင့်ကျန်းမာရေး

Tuesday, 02 June 2020 13:30 Written by  font size decrease font size decrease font size increase font size increase font size

ခရမ်းလွန်ရောင်ခြည်ကမ္ဘာပေါ်သို့ ကျရောက်သည့်အခါ ကမ္ဘာ့လေထုကို ဖြတ်ကျော်ပြီးမှ ကျရောက်ခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့လေထုထဲတွင် အိုဇုန်းလွှာရှိကြောင်း၊ ဒီကနေ့အချိန် အခါတွင် အိုဇုန်းလွှာပါးလွှာမှု ရှိနေကြောင်း၊ အိုဇုန်းလွှာ ပျက်စီးခြင်းသည် လူများ အသုံးပြုနေသော ဓာတုပစ္စည်း တချို့ကြောင့်ဖြစ်ကြောင်း စသည်များသိရှိနိုင်စေရန်  ဒေါက်တာခင်မောင်လွင် (FAME)နှင့် တွေ့ဆုံမေးမြန်းမှုများကို မြဝတီစာဖတ် ပရိသတ် များ သိရှိစေရန် ဖော်ပြလိုက်ရပါသည်။

မေး။   ။ ဆရာရှင့် ဒီကနေ့မှာ လူပြောများလာတဲ့ ခရမ်းလွန်ရောင်ခြည်ဆိုတာ ဘာကို ခေါ်လဲဆိုတာ အရင်ဆုံးရှင်းပြပေးပါဆရာ။

ဖြေ။    ။ ကျွန်တော်တို့ရဲ့ နေမင်းကြီးဟာ ကမ္ဘာကြီးပေါ်ကို အလင်းစွမ်းအင်နဲ့ အပူ စွမ်းအင်တွေ ပေးနေတယ်ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။ အဲဒီလိုပေးနိုင်ဖို့က Electromagnetic Wave (EMW) တွေ စဉ်ဆက်မပြတ်ထုတ်လွှတ် ပေးလျက်ရှိပါ တယ်။

အလင်းရောင်ဆိုရာမှာ မြင်နိုင်တဲ့အလင်းတန်းနဲ့ မမြင်နိုင်တဲ့ အလင်းတန်းဆိုပြီး နှစ်မျိုး ခွဲခြားနိုင်ပါတယ်။ လူတွေမြင်နိုင်တဲ့ အလင်းတန်းကတော့ EMW လှိုင်းအလျား 380 nm ကနေ 740 nm အတွင်းမှာသာဖြစ်ပြီး ဒါကိုရောင်စဉ် ခုနစ်မျိုးအနေနဲ့ တွေ့ရပါတယ်။ VIBGYOR ဆိုပြီး အတိုကောက်သင်္ကေတနဲ့ မှတ်သားလေ့ရှိပါတယ်။ ဒါ့ကြောင့် အနီ ရောင်ဟာ လှိုင်းအလျား အရှည်ဆုံးဖြစ်ပြီး သူ့ထက်ပိုရှည်ရင်တော့ မမြင်ရတော့ပါဘူး။ ဒါကို အနီအောက်ရောင်ခြည်လို့ ခေါ်ပါတယ်။ အထူးပြုလုပ်ထားတဲ့ မှန်ကိုခံပြီးကြည့်ရင် မြင်နိုင်ပါတယ်။ ညဘက်မှာကြည့်တဲ့ မှန်မျိုးဖြစ်ပါတယ်။ နောက်တစ်ခုကတော့ လှိုင်း အလျားအတိုဆုံးဖြစ်တဲ့ ခရမ်းရောင်ထက်ပိုပြီး တိုသွားတဲ့အလင်းရောင်ကိုလည်း မျက်စိ နဲ့မမြင်နိုင်တော့ပါဘူး။ ဒါကိုခရမ်းလွန် ရောင်ခြည်လို့ ခေါ်ပါတယ်။ အဲဒီခရမ်းလွန် ရောင်ခြည်ကိုမှ A B C ဆိုပြီး အုပ်စုသုံးခုထပ်ခွဲပါတယ်။ A ဟာ ခရမ်းလွန်ရောင်ခြည် ထဲမှာ လှိုင်းအလျားအရှည်ဆုံး(380-315 nm)ဖြစ်ပြီး သူ့ထက်တိုရင် B (315-280 nm) နဲ့ အတိုဆုံးကို  C (280-100 nm)ဆိုပြီး သတ်မှတ်ထားပါတယ်။

မေး။   ။ ဒါဆိုရင် ခုနကပြောခဲ့တဲ့ ခရမ်းလွန် ရောင်ခြည်သုံးမျိုးစလုံးဟာ ကမ္ဘာပေါ်ကို အမြဲကျရာက်နေတာပါလား ဆရာ။

ဖြေ။    ။ နေရောင်ခြည်ထဲမှာတော့ UV-A, UV-B နဲ့ UV-C တွေ အမြဲပါနေတာဖြစ်ပါ တယ်။ ကမ္ဘာပေါ်ကို ကျရောက်တဲ့အခါ ကမ္ဘာ့လေထုကိုဖြတ်ပြီးမှ ကမ္ဘာမြေပြင်ပေါ်ကို ရောက်ရတာဖြစ်ပါတယ်။ ကမ္ဘာ့လေထုထဲမှာ အိုဇုန်းလွှာဆိုပြီး အပေါ်မှာရှိပါတယ်။ အဲဒီ အိုဇုန်းလွှာကို UV-A က ကောင်းကောင်းဖြတ်နိုင်လို့ UV-A က ၉၅ ရာခိုင်နှုန်းဟာ ကမ္ဘာမြေပြင်ပေါ်ကိုရောက်ပြီး ၅ ရာခိုင်နှုန်းလောက်သာ ကြားမှာဆုံးရှုံးမှုရှိပါတယ်။ UV-B ကျတော့ အနည်းငယ်ဖြတ်နိုင်ပြီး ၁၀ ရာခိုင်နှုန်းလောက် ကမ္ဘာပေါ်ကိုရောက်ပါတယ်။

အထူးသဖြင့် နေ့လယ်ဘက် နေမြင့်တဲ့အချိန်မှာသာ ကျရောက်လေ့ရှိပါတယ်။ နံနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်းမှာ အဓိကကျရောက်လေ့ရှိပါတယ်။ UV-C ကျ တော့ သာမန်အားဖြင့် အိုဇုန်းလွှာက စုပ်ယူပြီးပြန်ထုတ်ပေးလို့ ကမ္ဘာပေါ်ကိုကျရောက် လေ့မရှိပါဘူး။ ဒါပေမဲ့ ဒီနေ့အချိန်မှာ အိုဇုန်းလွှာဟာ အချို့နေရာတွေမှာ ပါးလွှာမှုရှိ လာတဲ့အတွက် UV-C တွေကို အပြည့်အ၀ မကာကွယ်နိုင်တော့ဘူး ဖြစ်လာပါတယ်။ အဲ့လိုအခါမျိုးမှာ အိုဇုန်းလွှာရဲ့ကာကွယ်မှု လျော့နည်းသွားလို့ UV-C တွေဟာလည်း ကမ္ဘာပေါ်ကို ကျရောက်လာနိုင်ပါတယ်။

မေး။   ။ အိုဇုန်းလွှာကိုပါးစေတဲ့အကြောင်းအရာတွေကိုလည်း သိပါရစေဆရာ။

ဖြေ။    ။ အိုဇုန်းလွှာကို ထိခိုက်ပျက်စီးစေတာကတော့ လူတွေပြုလုပ် ဖန်တီးသုံးစွဲနေတဲ့ ဓာတုပစ္စည်း တချို့ပဲဖြစ်ပါတယ်။ အထူးသဖြင့် ကလိုရင်းနဲ့ ဘရိုမင်းပါဝင်တဲ့ ဒြပ်ပေါင်း တွေဖြစ်ပါတယ်။ ဥပမာရေခဲသေတ္တာတို့၊ လေအေးပေးစက်တို့မှာ အရင်ကသုံးခဲ့တဲ့ CFC လို ဓာတုပစ္စည်းမျိုးဖြစ်ပါတယ်။ ဒါတွေကို အိုဇုန်းလွှာပျက်စီးစေတဲ့ ဓာတ်ပစ္စည်း များ (Ozone depleting Substances) လို့ခေါ်ပါတယ်။ အဲ့ဒီပစ္စည်းတွေဟာ ပျက်စီးဖို့ အချိန် များစွာကြာတဲ့အတွက် အခုချိန်မှာ ဆက်ပြီး မသုံးတော့ရင်တောင် အိုဇုန်းလွှာပြန် ကောင်းဖို့ နောက်ထပ်အနှစ် ၃၀-၄၀ ကြာဦးမယ်လို့ ဆိုပါတယ်။

မေး။   ။ အခုတလောအပြောများနေတဲ့ ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်းဆိုတာကရော ဘာကိုဆိုလိုတယ်ဆိုတာ ရှင်းပြပေးပါဆရာ။

ဖြေ။    ။ ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်း အတိုကောက် UV-Index ဆိုတာကတော့ ကမ္ဘာပေါ်မှာရှိတဲ့ နေရာဒေသတစ်ခုကို အချိန်တစ်ခုမှာ ကျရောက်တဲ့ UV ပမာဏကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားတဲ့ နိုင်ငံတကာစံနှုန်းနဲ့ဖော်ပြထားတဲ့ ကိန်း ဂဏန်းတစ်ခုဖြစ်ပါတယ်။ ဥပမာလူတစ်ယောက် ဘယ်လောက်အဖျားရှိတယ်ဆိုတာကို သာမိုမီတာနဲ့တိုင်းပြီး မောင်ဖြူကတော့ နံနက် ၈ နာရီမှာ အဖျားဒီဂရီဘယ်လောက် ရှိတယ်။ မွန်းတည့် ၁၂ နာရီမှာတော့ ဘယ်လောက်၊ ည ၁၀ နာရီမှာ ဘယ်လောက် စသည်ဖြင့်ကိန်းဂဏန်းနဲ့ ဖော်ပြထားသလိုမျိုးဖြစ်ပါတယ်။ UV Index ကိုဖော်ပြတဲ့အခါ မှာ 0 ကနေ 11+ အထိ ဖော်ပြလေ့ရှိပါတယ်။

         0 to 2 : Low

         3 to 5 : Moderate

         6 to 7 : High

         8 to 11 : Very high

         11 or more : Extreme လို့ အဆင့်ငါးဆင့်ခွဲထား

ပါတယ်။(open-ended linear scale ဖြစ်ပါတယ်) အရင်တုန်းကတော့ အခုလိုမျိုး စနစ် တကျတိုင်းထွာခြင်းမရှိဘဲ ခရမ်းလွန်ရောင်ခြည် ပမာဏနည်းခြင်း၊ များခြင်းလို့ပဲ သုံးခဲ့ပါ တယ်။ ၁၉၉၂ ခုနှစ်မှာ ကနေဒါ လူမျိုးသိပ္ပံပညာရှင်တစ်ဦးက အခုလိုမျိုး တိတိကျကျ သုံးစွဲဖို့ စတင်အကြံပြု ခဲ့ပါတယ်။ ဒါကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ကမ္ဘာ့ မိုးလေဝသ အဖွဲ့ကြီးတို့က လက်ခံခဲ့ပြီး ၁၉၉၄ ခုနှစ်ကစလို့ တစ်ကမ္ဘာလုံး တစ်ပြေးညီ သုံးစွဲခဲ့ ကြတာ အခုဆိုရင် အနှစ် ၂၀ ကျော်ခဲ့ပါပြီ။

မေး။   UV-Index ရဲ့အဆင့်ငါးဆင့်ရဲ့ ကွာခြားပုံလေးကိုလည်း နည်းနည်း ထပ်ရှင်းပြ ပါဆရာ။

ဖြေ။   (၁)ပထမအဆင့်  UV Index 0-2 (Low)

နေရောင်ခြည် လုံးဝမရှိတော့တဲ့ အချိန် ညမှောင်သွားရင် UV-Index က "0" ဖြစ်ပါ တယ်။ နံနက်မိုးလင်းလို့ နေရောင်ခြည် စထွက်တာနဲ့ အဆင့် ၁ ကနေ ၂ အထိ တဖြည်းဖြည်း တက်လာပါတယ်။ ရန်ကုန်မြို့အတွက်ဆိုရင် ဧပြီလ နံနက် ၇ နာရီအထိ ညနေ ၄ နာရီနောက်ပိုင်း ပထမအဆင့် (Low UV-Index)ဖြစ်ပါတယ်။

(၂)ဒုတိယအဆင့် UV Index 3-5 (Moderate)

ရန်ကုန်မြို့မှာ ဧပြီလ နံနက် ၈ နာရီလောက်အချိန်နဲ့ ညနေ ၃ နာရီမှာရှိတဲ့ UV-Index ဖြစ်ပါတယ်။ စပြီးပူလာပါပြီ။ ဒီအချိန်မှာ နေရောင်နဲ့ အရေပြားတိုက်ရိုက် မထိသင့်တော့ ပါဘူး။ ထိရင် ကျန်းမာရေး ပြဿနာ စပေးပြီလို့ဆိုပါတယ်။

(၃) တတိယအဆင့် UV Index 6-7 (High)

ရန်ကုန်မှာ ဧပြီလ နံနက် ၉ နာရီအချိန်နဲ့ မွန်းလွဲ ၂ နာရီတိုင်းထွာချက်ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ နေရောင်ခြည်နဲ့ အရေပြားတိုက် ရိုက်ထိတွေ့လို့ပဲဖြစ်ဖြစ်ဖြစ်၊ မျက်စိကို UV အကာအကွယ်ပေးတဲ့ မျက်မှန်မပါဘဲကြည့်လို့ပဲဖြစ်ဖြစ် အလွန်အန္တရာယ်များလာ ပါပြီ။ UV 100 က High Risk လို့သုံးပါတယ်။ အရေပြားနဲ့ မျက်စိကိုကာကွယ်ဖို့ မဖြစ် မနေလိုအပ်ပါတယ်။

(၄) စတုတ္ထအဆင့် UV Index 8-10 (Very high)

ရန်ကုန်မှာ ဧပြီလ နံနက် ၁၀ နာရီဝန်းကျင်နဲ့ မွန်းလွဲ ၁ နာရီနဲ့ ၂ နာရီကြား ကာလ ဖြစ်ပါတယ်။ အလွန်အန္တရာယ်များ တဲ့အချိန်ဖြစ်ပါတယ်။ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိ တွေ့တာမှန်သမျှ နေလောင်ပျက်စီးမှုကို ခံရပါမယ်။

(၅) ပဉ္စမအဆင့်   UV Index 11 or more (Extreme)

ရန်ကုန်မြို့မှာ ဧပြီလအတွက်ဆိုရင် နံနက် ၁၁ နာရီကနေ မွန်းလွဲ ၁ နာရီအတွင်း ကာလဖြစ်ပါတယ်။အလွန့်အလွန် အန္တရာယ်များပါတယ်။ နေပူထဲတိုက်ရိုက်ထိတွေ့ရင် ပြင်းထန်တဲ့နေလောင်မှုကိုခံရပါမယ်။ ကျန်းမာရေး ပြဿနာတွေ မလွဲမသွေခံစားရပါ မယ်။ ဒီနေရာမှာ စိတ်ဝင်စားဖို့ ကောင်းတဲ့တစ်ချက်က မိမိရဲ့အရိပ်နဲ့ဆက်စပ်ပြီး အန္တရာယ်ရှိ၊ မရှိအကြမ်းဖျင်းသိနိုင်ပါတယ်။ ဒါကို Shadow Rule လို့ခေါ်ပါတယ်။  လူတစ်ယောက်အဆောင်းမပါဘဲ နေပူထဲထွက်ခဲ့ရင် မိမိရဲ့အရိပ် ဘယ်လောက်အထိ ထွက်သလဲဆိုတာကြည့်ရပါမယ်။ မိမိရဲ့အရိပ်ဟာ မိမိအရပ်ထက်ပိုရှည်ခဲ့ရင် UV ရဲ့ အန္တရာယ်နည်းတယ်လို့ဆိုပါတယ်။ မိမိရဲ့အရိပ်က မိမိရဲ့အရပ်ထက်ပိုပြီးတိုလေလေ UV အန္တရာယ်ပိုများလေလေဖြစ်ပါတယ်။ အဲ့ဒီအခါမှာထီးအစရှိတဲ့ အကာအကွယ်ကို  မဖြစ်မနေ အသုံးပြုသင့်ပါတယ်။

မေး။   ။ ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့ရင် ကျန်းမာရေးအတွက် ဘယ်လိုများ ထိခိုက် နိုင်တယ်ဆိုတာလည်း ပြောပြပေးပါ။

ဖြေ။    ။ ခရမ်းလွန်ရောင်ခြည်နဲ့ထိတွေ့တဲ့အခါ ကျန်းမာရေးကိုထိခိုက်တယ်၊ မထိခိုက် ဘူးဆိုတာ အောက်ပါအချက်သုံးချက်ပေါ် မူတည်ပါတယ်။

(၁)     ခရမ်းလွန်ရောင်ခြည်အမျိုးအစား- UV- A လား၊ UV- B လား၊ UV- C လားပေါ့။

(၂)      ထိတွေ့တဲ့ကာလ - ခဏတစ်ဖြုတ်လား၊ နေ့စဉ်ရက်ဆက် အချိန်ကြာကြာလား။

(၃)     ထိတွေ့ခံရတဲ့လူရဲ့ပင်ကိုအခြေအနေ- ကလေးလား၊ လူကြီးလား၊ အာဟာရ ပြည့်ဝတဲ့သူလား၊ ချို့တဲ့နေတဲ့သူလား စတဲ့အချက်သုံးချက်ပေါ်မူတည်ပြီး ကျန်းမာရေး ထိခိုက်မှုရှိတယ်၊ မရှိဘူးဖြစ်ပါတယ်။ ထိခိုက်တဲ့အခါမှာ အဓိကအားဖြင့် အရေပြား၊ မျက်စိနဲ့ ခန္ဓာကိုယ်ခုခံအား စနစ်တွေကို ထိခိုက်လေ့ရှိပါတယ်။

(က) အရေပြားကိုထိခိုက်စေခြင်း ခရမ်းလွန်ရောင်ခြည်ဟာ လူ့အရေပြားကိုထိုးဖောက် ဝင်ရောက်တဲ့အခါမှာ လှိုင်းအလျား ရှည်လေလေ ပိုပြီးဖောက် ဝင်နိုင်လေဖြစ်ပါတယ်။ ဒါ့ကြောင့် လှိုင်းအလျား အရှည်ဆုံးဖြစ်တဲ့ UV -A ဟာ အရေပြားကို အတွင်းပိုင်းအထိ ထိုးဖောက်ဝင်ရောက်ပြီး ဖျက်ဆီးပါတယ်။ ဒါကြောင့် နေပူထဲသွားရင် ချက်ချင်းအသား တွေနီလာတာဟာ UV - A ကြောင့်ဖြစ်ပါတယ်။ (Immediate tannig effect) မကြာ ခဏထိတွေ့ရင်  အရေပြားအောက်မှာရှိတဲ့ အရေပြားကို တင်းအောင်ထောက်ထားတဲ့ ကိုလာဂျင်တစ်သျှူးတွေကို ဖျက်ဆီးလိုက်တဲ့အတွက် အရေပြားတွေတွန့်လာပြီး လူက လည်း အိုမင်းလာတဲ့ လက္ခဏာတွေဖြစ်လာပါတယ်။ (Skin aging and wrinkling effect) ဒီထက်ပိုပြီး ထိတွေ့မှုများလာခဲ့ရင် အရေပြားကင်ဆာ ဖြစ်နိုင်ပါတယ်။

UV-B ကတော့ အရေပြားရဲ့ အပေါ်ယံအလွှာကိုသာ ထိုးဖောက်နိုင်ပြီး အတွင်းထိ မရောက်ပါဘူး။ မကြာခဏဆိုသလိုထိတွေ့ခဲ့ရင် နေပူလောင်တာကို ပိုခံရပါတယ်။ ရေရှည်မှာ အသားတွေညိုပြီး မည်းလာပါတယ်။ (Delayed tanning and burning) မှဲ့ခြောက်တွေ၊ တင်းတိပ်တွေလည်း ဖြစ်လာနိုင်ပါတယ်။ အရေပြားကင်ဆာဖြစ်ဖို့ UV-A ထက်ပိုပြီး ဖြစ်စေပါတယ်။ နေ့လယ်ဘက် ၁၀ နာရီကနေ ၂ နာရီ အထိကာလတွေမှာ UV-B တွေပါဝင်မှု အများဆုံးဖြစ်တော့ အဲဒီအချိန်မှာ အရေပြားနဲ့တိုက်ရိုက်ထိတွေ့မှုကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ရပါမယ်။

UV-C ကတော့ အရေပြားကို လုံးဝမထိုးဖောက်နိုင်ပါဘူး။ သာမန်အားဖြင့် ကမ္ဘာကြီးရဲ့ အိုဇုန်းလွှာကခံနေတော့ မြေပြင်ပေါ်ကိုကျရောက်လေ့မရှိပါ။ ဒါပေမဲ့ အိုဇုန်းလွှာပါးလွှာ နေတဲ့နေရာတွေမျာ UV-C ကျရောက်နိုင်ပါတယ်။ အထူးသဖြင့် နေမွန်းတည့်ချိန်မှာ ပိုဆိုးတတ်ပါတယ်။ အဲ့ဒီလိုထိတွေ့ရင် အရေပြားကို ချက်ချင်းလောင်ကျွမ်းပြီး မီး လောင်ဖုကြီးတွေလို ထွက်လာတတ်ပါတယ်။ အားလုံးထဲမှာ အပြင်းထန်ဆုံး ဖြစ်ပါ တယ်။         

ဆက်လက်ဖော်ပြပါမည်။

Read 17 times
Rate this item
(0 votes)
Last modified on Tuesday, 02 June 2020 13:33