SJ WorldNews - шаблон joomla Авто

နေ့စဉ်လူမှုဘဝ ခပ်ခွာခွာ နေထိုင်ခြင်း

Thursday, 04 June 2020 10:49 Written by  font size decrease font size decrease font size increase font size increase font size

COVID-19 ကူးစက်မြန် အဆုတ်ရောင်ရောဂါကြောင့်   ကမ္ဘာ့နိုင်ငံ အသီးသီးမှာ   အသွားအလာ ကန့်သတ်ထိန်းချုပ်ခြင်း၊ သံသယဖြင့် ရောဂါစောင့်ကြပ် ကြည့်ရှုခံရခြင်း၊ အိမ်တွင်သာ နေထိုင်ရခြင်း (Home Stay) စသည့် ထိန်းချုပ်ကန့်သတ်မှုများဖြင့် ရင်ဆိုင်နေကြရသည်။

တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကူးလူးဆက်ဆံ သွားလာမှုများသည်လည်း မရှိသလောက် နည်းပါးကျဆင်းသွားရသည်။ သို့သော် မကြာသေးမီ ကာလများမှာ ကိုရိုနာ ဗိုင်းရပ်ကူးစက်မှု     လျော့နည်းလာခြင်းနှင့် အတူ ကန့်သတ်ထိန်းချုပ်မှုများကို ပြန်လည်ဖြေလျှော့ပေးလာကြသည်။

COVID-19 ဗိုင်းရပ်အတွက် ကုသဆေး၊ ကာကွယ်ဆေးများမှာလည်း သုတေသနပြု စမ်းသပ်ကြဆဲဖြစ်ရာ နေ့စဉ်လူမှုဘဝ လုပ်ငန်းဆောင်တာများ ပြန်လည်ဆောင်ရွက်ကြမည့်   လူသားများအတွက် ကိုရိုနာဗိုင်းရပ်ပိုး၏ ခြိမ်းခြောက်မှုက ရှိနေသေးသည်သာဖြစ်သည်။  ထို့အတွက်  လူသားများအဖို့ ပုံမှန်နေထိုင်မှုဘဝ ပုံစံသစ် (New normal)ဖြင့်  ရှင်သန်လှုပ်ရှားကြဖို့ လိုအပ်လာသည်။ ၎င်းဘဝနေထိုင်မှု ပုံစံသစ်ထဲမှာ နေ့စဉ်လူမှုဘဝ ခပ်ခွာခွာနေထိုင်ခြင်းသည်လည်း မရှိမဖြစ် အရေးပါလာသည်။ လူတစ်ဦးနဲ့တစ်ဦး ၆ ပေအကွာမှာ နေကြရမယ်၊ လူအမြောက်အမြား မစုမိအောင်နေကြမယ်၊ လူစုလူဝေးဖြစ်တဲ့ နေရာတွေကို ရှောင်ကြမယ်ဆိုတာတွေ ပါဝင်တယ်။ အဓိကရည်မှန်းချက်ကတော့   ကိုရိုနာဗိုင်းရပ်ပါလာတဲ့   အသက်ရှူ လမ်းကြောင်းက ထွက်လာသော     အရည်စက်တွေ (Respiratory droplets)ကို    ရှောင်ရှားနိုင်ဖို့ဖြစ်တယ်။

တကယ်တမ်းတော့ လူတစ်ဦး နှာစေးချောင်းဆိုးတဲ့အခါ အသက်ရှူလမ်းကြောင်းက အမှုန်အမွှားတွေဟာ ၆ ပေကျော်အထိရောက်နိုင်တယ်။ ဒီအတွက်ကြောင့် ၆   ပေခွာနေကြရမယ့်အပြင်     မျက်နှာဖုံး(Mask) တပ်ဖို့လည်း အရေးကြီးပါတယ်။ မျက်နှာဖုံးတပ်ခြင်းဟာ ကိုရိုနာဗိုင်းရပ်မကူးစက်ဖို့ တကယ်အရေးပါတဲ့ကာကွယ်နည်း တစ်ခုလည်းဖြစ်တယ်။နောက်ထပ် အရေးကြီးတဲ့ အချက်ကတော့    လေဝင်လေထွက်ကောင်းဖို့ပါ။ အလုံပိတ်အခန်းထဲမှာ ဗိုင်းရပ်ပိုး ကူးစက်ဖို့    ပိုလွယ်ကူပါတယ်။     နောက်တစ်ချက်ကတော့   လူအများအပြား ကိုင်မိတတ်တဲ့   အရာဝတ္ထုတွေကို ရှောင်ဖို့ပါ။ ဥပမာ တံခါးလက်ကိုင်၊ လှေကားလက်ရန်း   အစရှိတဲ့နေရာတွေဖြစ်တယ်။ ဒါကြောင့်မို့ လက်ခဏခဏဆေးကြောခြင်းဟာလည်း နေ့စဉ်ဘဝ ခပ်ခွာခွာနေကြ လုပ်ငန်းစဉ်မှာ ပါဝင်တဲ့    အချက်တစ်ချက်ဖြစ်တယ်။

၆ ပေခွာရမယ်ဆိုတာဟာ လုံးဝပြီးပြည့်စုံအောင် စိတ်ချရတယ်မဆိုနိုင်ပေမယ့် ရောဂါကူးစက်ခြင်းမှ ကာကွယ်ဖို့အတွက်    တကယ်အကျိုးရလဒ် ရှိမယ့် အကွာအဝေးဖြစ်တယ်။     ပေခွာကြရမယ်ဆိုတဲ့ အယူအဆဟာ တက္ကဆက်ပြည်နယ် စာသင်ကျောင်း တစ်ကျောင်းက ကလေးငယ်တွေအကြား ဦးနှောက် အမြှေးရောင်ရောဂါ ကူးစက်ခဲ့တဲ့ဖြစ်စဉ်တစ်ခု၊ တပ်မတော်ထဲမှာ နှာချေခြင်းနဲ့ ပတ်သက်တဲ့ သုတေသနများ၊

လွန်ခဲ့တဲ့နှစ် ၂ဝ တုန်းက ဟောင်ကောင်နဲ့ ဘေဂျင်းလေယာဉ်ခရီးစဉ်မှာ SARS အဆုတ်ရောင် ကူးစက်ရောဂါပိုး ကူးစက်ခဲ့တဲ့ဖြစ်စဉ် အစရှိတဲ့ဖြစ်ရပ်များကနေ အနီးစပ်ဆုံး စိတ်ချရမယ့် အကွာအဝေးကို သုတေသနပြု တွက်ချက်ခန့်မှန်း သတ်မှတ်ထားတာဖြစ်တယ်။

ဒီနေရာမှာ ကျန်းမာရေး ပညာရှင်တွေ သတ်မှတ်တဲ့   ၆ ပေအကွာအဝေး ဆိုတာဟာ   အနည်းဆုံး ရှိရမယ့် အကွာအဝေးဖြစ်တယ်။    လူတစ်ဦးနဲ့တစ်ဦး ၆ ပေထက် ပိုနီးနီးစပ်စပ်နေကြလို့  ရောဂါမကူးစက်ပါဘူးဆိုတဲ့ သက်သေ မရှိသေးပါဘူး။ အဲ...သုတေသနတွေ ရှိနေတာကတော့      လူတစ်ဦး ချောင်းဆိုး၊   နှာချေတဲ့အခါ   မျက်နှာဖုံးစွပ်မထားရင်   ပေ ၂ဝ အထိ အမှုန်အမွှားတွေရောက်နိုင်တယ် ဆိုတဲ့အချက်ဖြစ်တယ်။

ဒါကြောင့်မို့     နေ့စဉ်ဘဝ ခပ်ခွာခွာနေကြရမယ် ဆိုရာမှာ   ၆ ပေလား၊ ၈  ပေလား၊  ၁၂ ပေလား ငြင်းခုံကြရမယ့် အခြေအနေ မဟုတ်ပါဘူး။    ၆ ပေအကွာမှာ အနည်းဆုံး နေကြဖို့ဖြစ်တယ်။ အထူးသဖြင့် လေလုံနေတဲ့ အခန်းတွေထဲမှာ ပိုပြီးတော့ ခပ်ခွာခွာနေဖို့လိုပါတယ်။    နောက်ပြီး   မျက်နှာဖုံးစွပ်ကိုလည်း အချိန်ပြည့်တပ်ထားရမှာပါ။

Super-spreader ဆိုတဲ့   ရောဂါလက္ခဏာ တစ်စုံတစ်ရာမရှိဘဲ ကိုရိုနာပိုး သယ်ဆောင်ဖြန့်ဝေတဲ့ ဖြစ်ရပ်တွေ နိုင်ငံတိုင်းမှာရှိခဲ့တယ်။ လူတွေအများကြီး စုဝေးပြီး လေအေးပေးစက် တပ်ထားတဲ့ လေလုံခန်းထဲမှာ အချိန်ကြာမြင့်စွာ စကားပြောတာ၊ သီချင်းဆိုတာကနေ လူအမြောက်အမြား ကူးစက်ခဲ့တဲ့ဖြစ်စဉ်တွေ အမေရိကန် ပြည်ထောင်စုမှာလည်း    ဖြစ်ခဲ့တယ်။

ဒါကြောင့်မို့ အနည်းဆုံး ၆ ပေအကွာက မျက်နှာဖုံးတပ်ပြီး နေထိုင်ဆက်ဆံကြဖို့ လိုအပ်တယ်။ လူတစ်ဦးနဲ့တစ်ဦး အကွာအဝေးအပြင် အခန်းတစ်ခန်းတည်းမှာ လူသိပ်သည်းမှု ဘယ်လောက်များပြီး   ဘယ်လောက် အချိန်ကြာကြာ ရှိနေကြသလဲ ဆိုတာဟာလည်း ကိုရိုနာဗိုင်းရပ်ပိုး ကူးစက်ခံခြင်းမှ ကာကွယ်ဖို့အတွက် ထည့်စဉ်းစားရမယ့် အချက်တွေဖြစ်တယ်။

မျက်နှာဖုံးစွပ်တယ်ဆိုတာဟာ ကျန်းမာရေး ဝန်ထမ်းတွေ    သူတို့ရဲ့လုပ်ငန်းခွင်မှာ     လူနာတွေဆီက  ရောဂါပိုးတွေ ကူးစက်ခြင်းမခံရအောင် တပ်ကြတာပါ။

ယနေ့ COVID-19 လူနာများကို ပြုစုကုသပေးနေကြတဲ့  ကျန်းမာရေး ဝန်ထမ်းတွေမှာ  မျက်နှာဖုံးစွပ် တစ်ခုတည်းနဲ့ မလုံလောက်လို့ တစ်ကိုယ်လုံး အကာအကွယ်တွေ ဝတ်ထားကြရတာတွေ့မှာပါ။

COVID-19 ကိုရိုနာဗိုင်းရပ်ပိုးဟာ  ကမ္ဘာကြီးတစ်ခုလုံးကို ခြိမ်းခြောက်လာတဲ့ အခါမှာတော့ မျက်နှာဖုံးတွေကို တစ်ဦးချင်း ကာကွယ်ရေး ပစ္စည်းဆိုတာထက် ပြည်သူ့ကျန်းမာရေးအမြင်နဲ ရောဂါထိန်းချုပ်ရေး လက်နက်တစ်ခုအဖြစ် သုံးစွဲလာကြရတာပါ။ ယနေ့ မျက်နှာဖုံးစွပ်ပုံစံ အမျိုးမျိုး သုံးနေကြတာတွေ့ရမယ်။

အချို့ကလည်း ကျန်းမာရေး လုပ်ငန်းသုံး မဟုတ်တာတို့၊ အပေါက်တွေကျယ်ပြီး  ဗိုင်းရပ်ပိုးမလုံနိုင်ဘူးတို့၊ လက်ဖြစ်မျက်နှာဖုံးစွပ်တွေဖြစ်နေပြီတို့ ဝေဖန်တာတွေ ရှိတယ်။ ဘယ်လိုမျက်နှာဖုံးစွပ်ဖြစ်ဖြစ် ယနေ့အချိန်မှာ ပြည်သူ့ကျန်းမာရေးအမြင်နဲ့     ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက်    လူတိုင်းက အသုံးပြုကြဖို့ လိုပါတယ်။

အဓိကကတော့  ဗိုင်းရပ်ပိုးပါမယ့်  အသက်ရှူ လမ်းကြောင်း အမှုန်အမွှားတွေကို အဲဒီမျက်နှာဖုံးထဲမှာပဲ  ထိန်းချုပ်ထားလိုက်နိုင်ဖို့ပါ။   အဲဒါကြောင့် ယနေ့ကမ္ဘာမှာ မျက်နှာဖုံးစွပ်ကြပါ ဆိုတာဟာ တစ်ဦးချင်း ရောဂါကာကွယ်ဖို့ထက်  ရောဂါဖြန့်ဖြူးမှု မရှိအောင် ထိန်းချုပ်ဖို့     ရည်ရွယ်ချက်က     ပိုနေတယ်လို့ ပြောကြတာပါ။ မျက်နှာဖုံးစွပ်က လူတစ်ယောက်ကို ကိုရိုနာဗိုင်းရပ်ပိုးကနေ   မကာကွယ်ပေးနိုင်ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။

အပြင်ထွက်တာနဲ့   မျက်နှာဖုံးတပ်ထားမှာပါ။

ဟုတ်ပါတယ်။ တောထဲတောင်ထဲမှာ တစ်ယောက်တည်း ရှိနေလို့ မျက်နှာဖုံး ချွတ်ထားမယ်ဆိုရင် ရပါတယ်။

မြို့ပေါ်မှာတောင်မှ လေလုံအခန်းမဟုတ်တဲ့ လေဝင်လေထွက် ကောင်းတဲ့နေရာမျိုးမှာ၊     အနီးအနား လူတစ်ယောက်မှမရှိတဲ့ အခြေအနေမျိုးမှာ  မျက်နှာဖုံး မတပ်ထားလို့ရပါတယ်။

ဒါပေမဲ့ လူများတဲ့ကမ်းခြေလို နေရာတွေမှာ၊ ပန်းခြံထဲမှာ ဆိုရင်တော့ တပ်ရမယ်။ ကိုယ်နဲ့ ၆ ပေအကွာမှာ ရှိနေကြတယ်ဆိုပေမယ့် သူတို့တွေက စကားပြောနေကြမယ်၊ အသံကျယ်ကျယ်နဲ့ ရယ်နေကြမယ်၊ ချောင်းဆိုးမယ်၊ နှာချေမယ်ဆိုရင် လေထဲမှာ ဗိုင်းရပ်တွေပါလာမှာပဲ။ ဒီလိုဆိုရင်တော့ မျက်နှာဖုံး တပ်ထားရမှာပေါ့။

ဆံပင်ညှပ်ဆိုင်တွေ ဖွင့်လို့ရမလားဆိုတဲ့ အခြေအနေပေါ့လေ။ အဲလိုမျိုးကျတော့ ကိုယ်နေထိုင်တဲ့ရပ်ကွက်၊ ကျေးရွာ၊  မြို့တွေရဲ့  COVID-19 ကူးစက်မှု အခြေအနေကို  ပြန်ကြည့်ရတော့မယ်။  မိမိနေထိုင်တဲ့ မြို့အတွင်းမှာ ကိုရိုနာပိုးကူးစက်မှု မရှိတော့ဘူးဆိုရင်တော့   မျက်နှာဖုံးစွပ်၊    အရက်ပြန်နဲ့ ဆေးကြောပြီး ဆံပင်ညှပ်လို့ရပါတယ်။

အဲ...ကိုယ့်မြို့နယ်ထဲမှာ COVID-19 ကူးစက်မှုက မြင့်နေဦးမယ်။ ရောဂါရှာဖွေ စစ်ဆေးနိုင်မှုကလည်း နည်းနေမယ်။ ဆေးရုံတွေမှာလည်း  COVID-19 သံသယလူနာတွေ များနေဦးမယ်ဆိုရင်တော့  ဆံပင်ညှပ်ဆိုင်သွားတာ  စဉ်းစားသင့်တာပေါ့။  မျက်နှာဖုံးစွပ်ထားတယ် ဆိုပေမယ့် အခြားသူတစ်ယောက်နဲ့ ၂ ပေ၊ ၃ ပေအကွာအတွင်းမှာပဲ အချိန်ကြာကြာ နီးစပ်မှုရှိနေတဲ့ အနေအထားပါ။

အားလုံးသိကြတဲ့အတိုင်း  ကိုရိုနာဗိုင်းရပ်ပိုးကို မစင်ထဲမှာရော၊ ဆီးထဲမှာရော တွေ့နိုင်ပါတယ်။ ရေဆိုးစွန့်ထုတ်တဲ့ စနစ်တွေကနေ ကိုရိုနာဗိုင်းရပ် ကူးစက်ခြင်း ရှိ၊ မရှိ သုတေသနပြုလေ့လာနေဆဲပါ။  သီအိုရီအရတော့ အဲဒီအညစ်အကြေးတွေက တစ်ဆင့်လည်း ရောဂါ ကူးစက်နိုင်တယ် ဆိုရမှာပါ။ ဒီနေရာမှာ အမျိုးသားသုံး သန့်စင်ခန်းက   ဆီးပေါက်ကန်တွေနဲ့ ပတ်သက်ပြီး ပြောလိုပါတယ်။ အမျိုးသား အိမ်သာတွေထဲက ဆီးပေါက်ကန်တွေမှာ အကာအကွယ် မရှိပါဘူး။ အချို့ဆို ကျင်ငယ်စွန့်မြောင်းတွေကနေ ဒီအတိုင်း စွန့်ပစ်နေတာရှိပါတယ်။    ဒါတွေကို   အကာအကွယ် လုပ်ပေးဖို့လိုပါတယ်။

အများသုံးအိမ်သာတွေထဲက နောက်ထပ်ပြဿနာ တစ်ခုက     လက်အခြောက်ခံ စက်တွေဖြစ်ပါတယ်။

အခြောက်ခံစက်တွေက အရှိန်ပြင်းပြင်းနဲ့ လေတွေကို မှုတ်ထုတ်တာဖြစ်တဲ့အတွက် ဗိုင်းရပ်တွေ လွင့်လာမလား စိုးရိမ်မှုတွေ ရှိနေပါတယ်။ ဒီတော့ အများသုံး သန့်စင်ခန်းတွေမှာ တစ်ရှူးစက္ကူကိုပဲ ပြန်သုံးဖို့ စဉ်းစားနေကြပါတယ်။

 အများသုံး သန့်စင်ခန်းဆိုတဲ့အတိုင်း အနံ့အသက်လုံအောင် တည်ဆောက်ထားကြတာပါ။ လေဆိုးထုတ်စက်တွေ တပ်ထားတာတော့ မှန်ပါတယ်။ သန့်စင်ခန်းထဲကို လူအမြောက်အမြား ဝင်နေလို့ မသင့်လျော်သလို လက်အခြောက်ခံစက်တွေကိုလည်း သုံးဖို့  ဒီအချိန်မှာ မသင့်လျော်သေးဘူးလို့ ဆိုရမှာပါ။

စားသောက်ဆိုင်တွေနဲ့ ပတ်သက်လို့လည်း ကူးစက်မှုရှိနေသေးတဲ့ ဒေသတွေမှာဆိုရင်တော့ Outdoor လို့ခေါ်တဲ့   ဟင်းလင်းပြင် စားသောက်ဆိုင်တွေမှာပဲစားသောက်သင့်ပါတယ်။ လေအေးပေးစက် တပ်ထားတဲ့ စားသောက်ဆိုင်တွေထဲ စားသောက်ဖို့ မသင့်သေးဘူးလို့ ဆိုချင်ပါတယ်။

နေ့စဉ်ဘဝခပ်ခွာခွာ နေထိုင်ကြဖို့ဆိုတာ ခက်ခဲပါတယ်။ မျက်နှာဖုံးကို အချိန်ပြည့် တပ်ထားဖို့ဆိုတာဟာလည်း မလွယ်ပါဘူး။  ဒီနေရာမှာ  ယုံကြည်မှုနဲ့ ပတ်သက်ပြီး ပြောလိုပါတယ်။ စီးပွားရေး လုပ်ငန်းကြီးတွေ ပြန်လည်လည်ပတ်နိုင်ဖို့ ယုံကြည်မှုရှိဖို့ လိုအပ်ပါတယ်။

လူမှုအဖွဲ့အစည်းထဲက လူသားအားလုံးဟာ ဗိုင်းရပ်ပိုးကို ထိန်းချုပ်ကန့်သတ်တဲ့ အပြုအမူ အလေ့အထတွေကို အချိန်ပြည့် ကျင့်သုံးနေကြတာမို့ COVID-19 ဗိုင်းရပ်ပိုးကူးစက်မှုကို ကာကွယ်နိုင်တော့မယ် ဆိုတဲ့ ယုံကြည်ချက်နဲ့ ကျန်းမာရေးဌာန အသီးသီးက ပြဋ္ဌာန်းချက်၊  စည်းကမ်းတွေကို   လိုက်နာ ကျင့်သုံးနေကြဖို့ လိုအပ်ကြောင်း တင်ပြလိုပါတယ်။  

 

ဒေါက်တာလွှမ်းမိုးဟန်

 

Read 21 times
Rate this item
(0 votes)
Last modified on Thursday, 04 June 2020 10:53

Latest from ေကတု