SJ WorldNews - шаблон joomla Авто

ကလေးများ ကျန်းမာရေးအတွက် ဂရုစိုက်ရမည့် သွေးလွန်တုပ်ကွေး ရောဂါ

Thursday, 18 June 2020 11:29 Written by  font size decrease font size decrease font size increase font size increase font size

ကလေးများသွေးလွန်တုပ်ကွေးရောဂါ သံသယရှိလျှင် ဂရုစိုက်ရမည့်အချက်များ

မြန်မာနိုင်ငံ၌ မိုးရာသီကာလတွင် သွေးလွန်တုပ်ကွေးရောဂါ  အဖြစ်များ လာခဲ့တာနှစ်ပေါင်း တော်တော်ကြာခဲ့ပြီဖြစ်ပါတယ်။ ဒီရောဂါဟာ လေးနှစ်ခြား တစ်ခါလောက် အရေအတွက်များများ ပိုပြီးဖြစ်တတ်တဲ့ သဘာဝရှိပါတယ်။ သွေးလွန်တုပ်ကွေး ဗိုင်းရပ်ရောဂါပိုး  သယ်ဆောင်ပေးတဲ့ အေးဒီးစ်ခြင်ဟာ ကလေးတွေကို ကိုက်မိသွားပြီး ကလေးကိုယ်ထဲ ရောဂါရောက်ရှိတာဖြစ်ပါတယ်။ ဒါကြောင့် ခြင်တွေ ပတ်ဝန်းကျင်မှာ နည်းအောင် ပေါက်ပွားခွင့်မရအောင်၊ ကလေးခြင်ကိုက်မခံရအောင် မိဘတွေက ဂရုတစိုက် ဆောင်ရွက်ပေးကြတဲ့အခါ သွေးလွန်တုပ်ကွေးဖြစ်လာတဲ့ ကလေးတွေ ပိုပြီးနည်းသွားနိုင်မှာ ဖြစ်ပါတယ်။ ၂ဝ၂ဝ ပြည့်နှစ် မေလလယ်ထိ ၁၂ဝ၈ ဦး ဖြစ်ပွားခဲ့ပြီး ရန်ကုန်တွင် လေးပုံ တစ်ပုံ၊ မန္တလေးနှင့် စစ်ကိုင်းတို့တွင် လေးပုံ တစ်ပုံနှင့် ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် လေးပုံနှစ်ပုံဖြစ်ပွားခဲ့ပါတယ်။ အသေအပျောက် အနေဖြင့် ရှစ်ဦးရှိခဲ့ပါတယ်။

မိုးရာသီမှာ  ကလေးတွေ အဖျားဝင်နိုင်တဲ့ အကြောင်းတွေ များစွာရှိပါတယ်။ မိုးမိလျှင် အအေးဓာတ်များများ မိသွားလျှင် ကလေးတွေ ဖျားတတ်ကြပါတယ်။ စဖျား ကတည်းက နှာရည်တော်တော်ကျမယ်။ ချောင်းခဏခဏ ဆိုးချင်မယ်။ ကိုယ်လက်တွေ ကိုက်ခဲမယ်။ တစ်ရက်မှ နှစ်ရက်အပြင်းဖျားပြီး ဖျားလာတဲ့အခါ ချမ်းတယ်ပြောတတ်ပြီး အိပ်ရာထဲ ခွေနေချင်တာဟာ ရိုးရိုးတုပ်ကွေးဖြစ်ပါတယ်။ ရိုးရိုးတုပ်ကွေးဟာ နှစ်ရက်မှ သုံးရက်အတွင်း တစ်အိမ်နေ မိသားစုဝင်များကို လျင်မြန်စွာကူးပါတယ်။

ခြင်မှကူးတာမဟုတ်ဘဲ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ရိုးရိုးတုပ်ကွေးဟာ ပျံ့နှံ့ ကူးစက်တာဖြစ်ပါတယ်။ တုပ်ကွေးအဖျားမှာ ကလေးဟာငြိမ်နေပြီး အဖျားကျသွားတာနဲ့ ပုံမှန်ဆော့ကစားနေမှာ ဖြစ်ပါတယ်။ မိုးတွင်းမှာ ချောင်းတော်တော်လေးဆိုးပြီး ကလေးများမှာ အဆုတ်အအေးမိ ရောဂါလည်း ဖြစ်နိုင်ပါတယ်။ အာခေါင်ထဲက အာသီးရောင်ရမ်းပြီးလည်း ဖျားတတ်ပါတယ်။ မိုးရာသီမှာ မသန့်ရှင်းတဲ့ရေ၊ အစားအစာတွေစားမိပြီး အန်တာ၊ ဝမ်းလျှောတာနဲ့အတူ အဖျားဝင်တာလည်း ရှိနိုင်ပါတယ်။ ဒီလိုအဖြစ်များတဲ့ အဆုတ်အအေးမိ၊ ဝမ်းပျက်ရောဂါ လက္ခဏာတွေ မတွေ့ရဘဲ ပထမသုံးရက်မှာ အဖျားဟာ ၁ဝ၁ ဒီဂရီဖာရင်ဟိုက်မှ ၁ဝ၄ ဒီဂရီဖာရင်ဟိုက်ထိ မကျဘဲဆက်တိုက်ဖျားနေရင်တော့  ဂရုစိုက်ပြီး သွေးလွန်တုပ်ကွေး   ဟုတ်၊  မဟုတ် စောင့်ကြည့်နေဖို့ လိုအပ်ပါတယ်။ တတိယရက်လောက်မှာ ကလေးတွေဟာ အဖျားနည်းနည်းကျပေမယ့် လန်းဆန်းမှုမရှိဘဲ နုံးခွေကျသွားပါတယ်။ ကလေးကို စမ်းသပ်ကြည့်ရင်  အသည်းနည်းနည်းစပြီး ကြီးလာတာ တွေ့ရပါတယ်။ ဗိုက်နာကြောင်းလည်း ကလေးကပြောပါတယ်။ အရေပြားအောက်မှာ သွေးထွက်တဲ့ အစက်အချို့လည်း တွေ့နိုင်ပါတယ်။ သွေးဥမွှားလို့ ခေါ်တဲ့ Platelets တွေ နည်းသွားတဲ့ အတွက် သွေးထွက်လွယ်တာ၊ အန်ရင်သွေးစပါတာတွေ တွေ့နိုင်ပါတယ်။ ဆေးခန်းတွေမှာ လက်မောင်းမှာ သွေးတိုင်းကိရိယာပတ်ပြီး သွေးချိန်တဲ့အခါ သွေးပေါင်ချိန် ကျတာ၊ အပေါ်သွေးနဲ့  အောက်သွေး ဖိအားကွာခြားချက် ၂ဝ မီလီမီတာထက် နည်းတာတွေ တွေ့ရရင် စိတ်ပူဖို့ရှိပါတယ်။ သွေးလန့်ခြင်းလို့ ခေါ်တဲ့ SHOCKု ဖြစ်ခါနီးမှာ တွေ့ရပါတယ်။ ကလေးက သိသိသာသာ ပျော့ခွေပြီး မှိန်းနေတတ်ပါတယ်။ အစာမစား အရည်မသောက်ဖြစ်ပြီး ဆီးသွားနည်းရင်လည်း   ဂရုစိုက်ရမှာဖြစ်ပါတယ်။ ပထမတစ်ပတ်မှာ   သွေးစစ်ကြည့်လျှင် Ns1 Ag နှင့် IgM ကို တွေ့နိုင်ပါတယ်။ IgGကတော့ သွေးထဲမှာ နောက်ပိုင်း ၁ဝ ရက်- ၁၄ ရက်မှ ပေါ်တတ်ပါတယ်။

ဓာတ်ဆားရည်ကို ခပ်များများ ညွှန်ကြားသလောက်ကုန်အောင် အထူးဂရုစိုက်ပြီး တိုက်ထားခြင်းဟာ   သွေးလန့်ခြင်းကို ဆိုးဆိုးရွားရွား မဖြစ်သွားအောင် ကာကွယ် ပေးနိုင်ပါတယ်။ ကလေးတစ်ဦးနဲ့တစ်ဦး ရောဂါပုံစံ  တုံ့ပြန်ပုံကွဲပြားလို့ ရောဂါရဲ့ ဆိုးရွားမှု အနေအထား ကွာခြားနိုင်ပါတယ်။

ဒါပေမဲ့ ရပ်ကွက်တစ်ခု၊ နီးစပ်ရာ အိမ်တစ်စု ကျောင်းတက်တဲ့ ပတ်ဝန်းကျင်မှာ တူညီတဲ့ရောဂါပိုးတစ်ခုထဲ ဝင်တာဖြစ်လို့ ပတ်ဝန်းကျင်မှာ သွေးလွန်တုပ်ကွေးနဲ့ ဖျားလို့ဆေးခန်းပြရတဲ့ကလေး၊   ဆေးရုံတင်လိုက်ရတဲ့ ကလေး၊ ဆိုးဆိုးရွားရွားဖြစ်ပြီး အသည်းအသန်လူနာအဖြစ်  သတ်မှတ်ကုသခံရတဲ့ ကလေး၊ သွေးရည်ကြည်သွင်း ကုသခံရတဲ့ကလေး ရှိ၊ မရှိ သတင်းအခြေအနေ နားစွင့်ထားဖို့လိုပါတယ်။ သွေးလွန်တုပ်ကွေး ဟုတ်၊  မဟုတ် သွေးဖောက် စစ်ဆေးလို့ ရသလို သွေးဖြူဥနဲ့ သွေးဥမွှား ဘယ်လောက် ကျဆင်းသွားသလဲ၊ သွေးယိုစိမ့်မှုနဲ့ သွေးလန့်ခြင်းဖြစ်တဲ့ ကလေးတွေမှာ သွေးအပျစ်အကျဲ ဘယ်လိုပြောင်းသလဲသိနိုင်ဖို့ သွေးဖောက်စစ်ဆေးတာ ကောင်းတဲ့အတွက် ကလေးကို ခဏခဏသွေးဖောက်ရတဲ့အခါ မိဘများက နားလည်မှုရှိစွာကူညီပြီး ကလေးကိုလည်း ရှင်းပြပေးထားဖို့လိုပါတယ်။ သွေးအဖြေပေါ်မူတည်ပြီး အကြောတွင်းသွင်း ဓာတ်ဆားရည် များဖြင့် တိကျစွာကုသရပါတယ်။ နီးစပ်ရာ ကျန်းမာရေးဌာနကိုလည်း  ချက်ချင်း အကြောင်းကြားပြီး ခြင်ဆေးဖျန်း ပေးခြင်းဟာလည်း  ကောင်းပါတယ်။  ဒါပေမဲ့ ခြင်ပေါက်ပွားမှု နည်းအောင် ခြင်ကိုက်တတ်တဲ့ ရေကြည်ရေသန့်တွေမှာ ခြင်ခိုအောင်းမှု မရှိအောင် ဆက်လုပ်ဆောင်စရာတွေ ရှိပါတယ်။ ဒါတွေကိုလည်း ကျန်းမာရေး ဝန်ထမ်းများထံမှ နည်းလမ်းခံယူပြီး ကိုယ့်ပတ်ဝန်းကျင်ကောင်းဖို့ ကိုယ်တိုင်တာဝန်ယူ ဆောင်ရွက်ရပါမယ်။

သွေးလန့်ခြင်း၊ သွေးယိုစမ့်ခြင်း၊ ကော်ဖီနှစ်ရောင်  အရည်များအန်ထွက်ခြင်း၊ မှိန်းခြင်း၊ သတိလစ်ခြင်း၊ ဆီးနည်းခြင်း၊ တစ်ကိုယ်လုံး အေးစက်သွားခြင်း၊ အစာနှင့် ရေမဝင်တဲ့ ကလေးတွေကို   ဆေးရုံမှာ ကုသတာ အကောင်းဆုံးဖြစ်ပါတယ်။ ကလေးဟာ သွေးလန့်ခြင်း ရှိ၊ မရှိ မကြာခဏ စမ်းသပ်မှု ခံယူနေရမှာဖြစ်ပါတယ်။ သွေးလန့်ခြင်းအတွက်  သွေးရည်ကြည်အစားထိုး ကုသမှုလိုပါတယ်။ အဲဒီအခါ ပိုးကင်းစင်တဲ့ သွေးရည်ကြည်၊ ချက်ချင်းထုတ်တဲ့ သွေးရည်ကြည်တွေကို သွေးလှူဘဏ်များမှ ပံ့ပိုးကြပါတယ်။ တစ်ခါတစ်ရံ အဖြစ်များချိန်မှာ သွေးရနိုင်ဖို့ အခက်အခဲရှိခဲ့ရင် ဆွေမျိုးမိတ်သင်္ဂဟတွေထဲမှ သွေးကို အချိန်မီရရှိဖို့ မိဘများ  ဝိုင်းဝန်းကူညီကြဖို့လိုပါတယ်။ ကုသမှုဟာ  အချိန်နဲ့တစ်ပြေးညီဖြစ်မှ အောင်မြင်မှုရတဲ့ အခြေအနေဖြစ်ပါတယ်။ သွေးဝမ်းမည်းမည်း  ကတ္တရာစေးကဲ့သို့ သွားခြင်း၊ အခြားသွေးယိုထွက်ခြင်းများ ပြင်းထန်တဲ့အခါ သွေးအစားသွင်းကုသဖို့လို၊ မလို၊ သွေးလွန်တုပ်ကွေး အထူးကြပ်မတ် ကုသတဲ့ဆေးရုံတွေမှာ ဆုံးဖြတ်ပေးကြတဲ့အခါ အချိန်မီကုသမှု ခံယူနိုင်ဖို့လိုပါတယ်။

မိဘများ စိုးရမ်ပူပန်တဲ့ရောဂါဖြစ်လို့ ဆေးရုံတက်ကုသတဲ့ ကလေးတွေ တော်တော်များပြီး ဆေးရုံမှာ  နေရာထိုင်ခင်း အခက်အခဲ ဖြစ်နိုင်ပါတယ်။ ဒါကိုသည်းခံပြီး ကိုယ့်ကလေးဟာ စိုးရိမ်ဖွယ်ရာအခြေအနေ ရှိနေသေးသရွေ့   ဆေးရုံမှာပဲနေတာ အကောင်းဆုံးဖြစ်ပါတယ်။

ကလေးများကို ဒီအချိန်မှာ အစားကို တတ်နိုင်သလောက် များများဝင်ဖို့ ဂရုတစိုက် ကျွေးပေးသင့်ပါတယ်။ သွေးထဲမှာ သကြားဓာတ်လျော့နည်းရင်လည်း ကလေးဟာ မှိန်းနေခြင်း၊ မလှုပ်မယှက် ပျော့ခွေခြင်း၊ တစ်ကိုယ်လုံးအေးစက်ခြင်းတွေ ဖြစ်ချိန်မှာ သွေးလန့်ခြင်းနဲ့ မှားနိုင်တဲ့အခြေအနေ ဖြစ်ပါတယ်။ အကြောဆေးထိုးပြီး သကြားဓာတ် ခေတ္တပြန်ပြည့်အောင် လုပ်လို့ရပေမယ့် ကလေးကိုဆက်ပြီး အစာဝင်အောင် ဂရုစိုက်ပေးရမှာဖြစ်ပါတယ်။

ခုနစ်ရက်မြောက်နေ့မှာ ခြေသလုံး၊ လက်ဖျံ၊ လက်ဖဝါးတွေမှာ အနီအဆုပ် အဆုပ်လိုက် အစက်အပျောက်များစွာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ အဲဒီလိုထွက်ပြီးရင် သွေးလန့်ခြင်းဖြစ်ဖို့ အခွင့်အလမ်း တော်တော်နည်းသွားပြီဖြစ်ပါတယ်။ တစ်ခါတစ်ရံ ယားယံမှု နည်းနည်းရှိပါတယ်။

မိုးရာသီတွင် ဂရုစိုက်ရမည့်ကလေးများ နေထိုင်မကောင်းဖြစ်၍   မှိန်းနေသော အခြေအနေများ ကလေးတွေရဲ့သဘာဝဟာ အမြဲပျော်ရွှင် ဆော့ကစား  နေကြသူများဖြစ်ပါတယ်။ အဲ့ဒီအခြေအနေကနေ သွေဖည်ပြီး မှိန်းလွန်းတာ၊ ငြိမ်ကျသွားတာတွေ ဖြစ်နေမယ် ဆိုရင် မိဘတွေဟာ စိုးရိမ်တတ်ကြပါတယ်။ ကြားဖူးတဲ့စကားများ၊ တွေ့ဖူးတဲ့ အတွေ့အကြုံတွေကြောင့် မှိန်းလွန်းတာ သဘာဝမကျတာ မိဘတွေသိကြပါတယ်။ မှိန်းနေတဲ့ကလေးကို ဆရာဝန်တွေဆီ ခေါ်ပြလေ့ ရှိကြပါတယ်။ ဆရာဝန်များစွာ ရှိကြတဲ့နေရာမှာ  တစ်ယောက်နဲ့တစ်ယောက်နားလည်မှု၊ ကျွမ်းကျင်မှုတွေ ကွာခြားနိုင်ကြပါတယ်။ ဒါကြောင့် တချို့က  စမ်းသပ်ပြီး ကောင်းနေတာပဲ ဘာမှမဖြစ်ဘဲနဲ့ စိတ်ပူရန်ကောလို့ပြောပြီး    တချို့ကတော့ဒီအခြေအနေကို စောင့်ကြည့်သင့်တယ်။ ဆေးရုံမှာတက်နေတာကောင်းတယ် ပြောတတ်ပါတယ်။ ဆေးရုံမှာလည်း တချို့က လူနာတွေ များလွန်းတယ်၊ မနေနိုင်ဘူးဆိုပြီး  ဆေးခန်းပြန်လာပြကြတာလည်း ရှိတတ်သလို တချို့ကဆရာဝန်ကြီးက ဆေးရုံတက်ရမယ် ပြောပြီးကာမှ ဆရာဝန် အသစ်ကလေးက ပြင်ပလူနာဌာနကနေပြီး မတက်နဲ့ဦး ဒီထက်မှိန်းမှပြန်လာပြလို့ ပြောလို့ ဆေးခန်းပြန်ရောက်လာတာလည်း ရှိပါတယ်။ တချို့ကတော့ ဆေးရုံပေါ် ရောက်နေလို့တော်သေးတယ်။ မှိန်းနေရာက ကုသမှုရပြီး နှစ်ရက်ကြာမှ ထူထူထောင် ထောင်ဖြစ်သွားတာလို့  ပြောတာလည်း ရှိပါတယ်။ တချို့ကတော့ အစကတည်းက စိုးရိမ်ရလို့ ဆေးရုံခေါ်တင်ထားတာ၊ ကုသမှုရပေမယ့် နောက်နေ့ ရုတ်တရက် ထဖောက်ပြီး ဆုံးပါးသွားတာပဲလို့ နှမြောတသစွာ ပြောနေတာလည်း ကြားရပါတယ်။ တချို့ကျတော့ နောက်ကျမှ ဆေးရုံတင်မိလို့ အသက်အန္တရာယ် ဖြစ်သွားရတယ်ဆိုတာမျိုးကို တွေ့ကြုံကြရပါတယ်။

 

ဆက်လက်ဖော်ပြပါမည်။

 

Read 17 times
Rate this item
(0 votes)
Last modified on Thursday, 18 June 2020 11:31

Latest from ေကတု