SJ WorldNews - шаблон joomla Авто

ကလေးများ ကျန်းမာရေးအတွက် ဂရုစိုက်ရမည့် သွေးလွန်တုပ်ကွေး ရောဂါ

Friday, 19 June 2020 10:53 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

ကလေးတွေမှိန်းနေတာ  အရေးကြီးသလားဆိုရင် အလွန် အရေးကြီးတယ်လို့ပဲ ပြောချင်ပါတယ်။    မှိန်းတာ အများဆုံး အခြေအနေ နှစ်ခုကတော့ အဖျားကြီးခြင်းနဲ့ အစာနဲ့ရေမဝင်၍ သကြားဓာတ်၊ အရည်ဓာတ် ခန်းခြောက်ခြင်းတို့   ဖြစ်ပါတယ်။

အဖျားကြီးတဲ့ ကလေးကို ရေဖတ်တစ်ကိုယ်လုံး တိုက်ခြင်းနဲ့ ပါရာစီတမော လုံလောက်စွာ တိုက်ခြင်းတို့ ပြုလုပ်ရပါမယ်။ အဖျားကျရင် လန်းဆန်းသွားဖို့ လိုပါတယ်။ ကလေးများ နေမကောင်းစဉ် အရည်ဓာတ်များများ တိုက်ပေးကြဖို့လိုပါတယ်။အစားမဝင်တာ တစ်နေ့လုံးထိုင်ကြည့်ပြီး ညနေဆေးခန်း ခေါ်လာရုံနဲ့ ဘာမှထူးလာမှာ မဟုတ်ပါဘူး။အရည်၊အချိုရည် မကြာခဏ တိုက်ကျွေးထားရမှာ ဖြစ်ပါတယ်။

မိုးရာသီမှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ရင် သွေးလန့်ခြင်း Shock ဝင်ခါနီးမှာ ဗိုက်နာပြီး ဆက်တိုက်အန်ခြင်း၊ မှိန်းခြင်း၊ အေးစက်ခြင်းတို့ အဖြစ်များပါတယ်။

အခြားရောဂါများအနေနဲ့  ဦးနှောက်ထဲ ပိုးဝင်ခြင်း၊ ဦးနှောက် သို့မဟုတ် အမြှေးပါးရောင်ခြင်း၊ သွေးဆိပ်ပြန့်ခြင်း၊ ဦးနှောက်ထဲ ငှက်ဖျားပိုးရောက်ခြင်း၊ဦးနှောက်နှင့် ခေါင်းဒဏ်ရာရခြင်း၊ အသည်းလုပ်ငန်း တာဝန်များ ပျက်စီးသွားခြင်း၊ ကျောက်ကပ်မှ လုပ်ငန်း ရပ်ဆိုင်းခြင်းတို့နဲ့အတူ ကလေးဟာ သတိလစ်ခြင်း၊ မှိန်းနေခြင်းတို့ ရှိတတ်ပါတယ်။ နှလုံးတာဝန် ချို့ယွင်းခြင်း၊ ဆိုးရွားသော အသက်ရှူလမ်းကြောင်း ရောဂါနဲ့ ရင်ကျပ်ခြင်းတွေမှာ အောက်ဆီဂျင်ချို့တဲ့၍ ဦးနှောက် တာဝန်များ မူမမှန်ခြင်းကြောင့်လည်း ကလေးဟာ မှိန်းသွားနိုင်ပါတယ်။

ဒါကြောင့် ကလေးတွေ မှိန်းနေတယ်ထင်ရင် ဆရာဝန်နဲ့ မတွေ့ခင်မှာ ကိုယ်ပူ ကြီးတာကို အမြန်ကျအောင် ဘာတွေနဲ့ ကုရမယ်ဆိုတာ ကြိုတင်မှတ်သားထားဖို့ အရေးကြီးပါတယ်။ အစာစားချင်စိတ် မရှိသော်လည်း ကြိုးစားပြီး   အစားဝင်အောင် အချိုဓာတ်ပါတဲ့ ဖျော်ရည်များ၊ ဓာတ်ဆားရည်များ ကြိုတင်တိုက်ထားပေးရပါမယ်။

(ပါရာစီတမော မဟုတ်သော ဗမာဆေးအပါ အဝင် အခြားအပူကျဆေးများ မတိုက်ရ၊ မထိုးရ၊ စအိုထဲ မထည့်ရ၊ မက်ကလောင် မဖောက်ရ။)

ဒါတွေ ပုံမှန်လုပ်ပေးထားရက်နဲ့ မှိန်းနေသေးတယ်ဆိုရင် ဆေးခန်းကို ခေါ်လာ သင့်ပါတယ်။ အဖျားကြီးလွန်းခြင်း၊ တက်နေခြင်း၊ သတိလစ်ခြင်း၊ ဆက်တိုက် အန်နေခြင်း၊ ဆီးမထွက်ခြင်း၊ သွေးပေါင်ချိန်ကျခြင်း၊ အေးစက် ပျော့ခွေနေခြင်း၊   ငှက်ဖျားပိုးတွေ့ခြင်း၊ သွေးဆိပ်ပြန့်မည့် လက္ခဏာရှိသည်ဟု ဆရာဝန်ကပြောခြင်း၊ အသည်း၊ ကျောက်ကပ်၊ နှလုံးပျက်စီးနေသည့် လက္ခဏာ တွေ့သည်ဟု ပြောခြင်း၊   အဆုတ်နဲ့ အသက်ရှူလမ်းကြောင်း လုပ်ငန်းပုံမှန်မဟုတ်ဟု သံသယဖြစ်ခြင်းတို့ရှိလျှင် ဆေးရုံမှာပဲ ကုသမှုရသင့်ပါတယ်။

သွေးလွန်တုပ်ကွေးရာသီမှာ အလားတူရောဂါဖြစ်တဲ့ ချီကန်ဂန်ညာ လက္ခဏာများမှာ-

အဖျားကြီးခြင်း၊   ခေါင်းကိုက်ခြင်း၊ ကိုယ်လက်အဆစ်အမျက် ကိုက်ခဲ ရောင်ရမ်းခြင်း (လချီ၍ကြာတတ်သည်)၊ အနီပိမ့် အနီကွက်ထွက်ခြင်း၊ အကျိတ်ထွက်ခြင်း  ရှိနိုင် ပါတယ်။ ဆင်တုပ်ကွေး၊  ဂျပန်တုပ်ကွေးဟု သိကြပြီး အိမ်လုံးကျွတ်၊  ရွာလုံးကျွတ် ဖြစ်တတ်ပါတယ်။ ကာကွယ်ဆေး၊ ပျောက်ကင်းအောင် ကုသဆေးမရှိသေးပါ။ ရောဂါလက္ခဏာ သက်သာအောင်သာ ကုသပေးနိုင်ပါတယ်။

 သွေးလွန်တုပ်ကွေး ကူးစက်ခံရခြင်း

ကလေးများအတွက် သွေးလွန်တုပ်ကွေး ဗိုင်းရပ်ရောဂါပိုး သယ်ဆောင်တဲ့ အေးဒီးခြင်ဟာ ရေကြည်ရေသန့်မှာ ခိုအောင်း ပေါက်ပွားပြီး အိမ်ပတ်ဝန်းကျင်မှ မိုးရေစိုတဲ့ ခွက်အဟောင်း၊  တာယာတွေကြားထဲ၊ ဘုရားပန်းအိုးထဲမှရေ၊ ချုံပုတ်အောက်များရှိ ရေဝပ်တဲ့ နေရာတွေမှာ ခြင်တွေ မရှိအောင် အမြဲဂရုတစိုက်   ရှင်းလင်းသင့်ပါတယ်။ နေ့လယ်အိပ်ချိန်မှာ ခြင်ထောင်နဲ့ သိပ်ရပါမယ်။ ခြင်မကိုက်ခံရတဲ့ လိမ်းဆေးတွေ လိမ်းထားပေးတာလည်း ကောင်းပါတယ်။ ကလေးဆိုတာ လုံးဝ  ခြင်မကိုက်ခံရဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပေမယ့် ခြင်ကိုက်ခံရချိန် နည်းတာဟာ    ရောဂါဖြစ်နိုင်ဖို့ အခွင့်အလမ်း ပိုနည်းစေတာတော့ သေချာတာဖြစ်လို့   ဂရုစိုက်ကြဖို့လိုပါတယ်။ တစ်ဦးတစ်ယောက် ဖြစ်ရင် ပတ်ဝန်းကျင်က ဝိုင်းပြီး ဂရုစိုက်ကူညီကြမယ်ဆိုရင် ရောဂါပျံ့နှံ့ဖို့နည်း သွားမှာဖြစ်ပါတယ်။

အေးဒီးခြင်ကျားသည် သွေးလွန်တုပ်ကွေး၊ ဇီကာနှင့် ချီကန်ဂန်ညာရောဂါ ဖြစ်စေနိုင်သော ဗိုင်းရပ်ရောဂါပိုးများကို သယ်ဆောင် ကူးစက်စေပါတယ်။

အေးဒီးခြင် လောက်လမ်းတစ်ကောင်မှ ခြင်ကောင်ရေ သန်းချီ၍ ပေါက်ပွားနိုင်ပါတယ်။ အေးဒီးခြင်သည် ငြိမ်နေသော ရေကြည်၊ ရေသန့်တွင်ပေါက်ပါတယ်။ ခြင်၏ သက်တမ်း တစ်လခွဲခန့်ရှိပြီး နှစ်ရက် သုံးရက် တစ်ကြိမ် ဥဥလျှင် ၅ဝ-၃ဝဝ ထိ ဥနိုင် ပါတယ်။ ခြင်ဥမှ ခြင်ဖြစ်လျှင် ခုနစ်ရက်ခန့် ကြာတတ်ပါတယ်။ တစ်ကြိမ်ကိုက်လျှင် လူ ၅ - ၂ဝ ခန့်ထိ ဆက်တိုက် ကိုက်တတ်ပြီး မှောင်သောနေရာများတွင် ပုန်းအောင်း လေ့ရှိကာ နေထွက်ချိန်မှ နေဝင်ချိန်ထိ ကိုက်လေ့ရှိပါတယ်။

ခြင်အကိုက်မခံရရေးအတွက်

ဘယ်နေရာအိပ်အိပ်၊ ဘယ်အချိန်အိပ်အိပ် ဆေးစိမ်ခြင်ထောင်နှင့် အိပ်ပါ။ ခြင်ရိုက်ဘက်တံ သုံးပါ။ ခြင်နိုင်ဆေး လူးပါ။ ခြင်လုံဆန်ခါတပ်ပါ။ အဝတ်အစား လုံလုံခြုံခြုံ ဝတ်ပါ။

သွေးလွန်တုပ်ကွေး၊ ဇီကာနှင့် ချီကန်ဂန်ညာ ရောဂါကင်းဝေးရေး   ခြင်ကျားလောက်လမ်း တစ်ကောင်မကျန် နှိမ်နင်းပေး။

 ဖုံး-   ရေစည် ရေအိုး၊ ရေလှောင်ကန်ငယ်များကို ခြင်မဝင်နိုင်အောင် လုံခြုံစွာ ဖုံးအုပ်ပါ။

လဲ-   ညောင်ရေအိုး၊ ပန်းကန်၊ အိုးများကို နေ့စဉ် ဆေးကြော၍ ရေလဲပါ။

သွန်-   ရေစည်၊ ရေအိုးအားလုံး၏ အတွင်းပိုင်းကို ၃-၄ ရက်တစ်ကြိမ် တိုက်ချွတ် ဆေးကြော၍ သွန်ပစ်ပါ။

ဖွင့်-   အလင်းရောင်ရ၍ ခြင်မခိုအောင်းနိုင်ရန် နေ့ပိုင်းတွင် ပြတင်းပေါက်များ ဖွင့်ထားပါ။

စစ်- အိမ်တွင်းအိမ်ပြင် ခြင်ကျားပေါက်နိုင်သော နေရာများကို နေ့စဉ်စစ်ဆေး ရှင်းလင်းပါ။ ခြင်လောက်လမ်း တွေ့သော ရေကိုသွန်ပစ်ပါ။ရေရှားပါက နောက်တစ်အိုးထဲသို့ ရေစစ်ဖြင့် ပြန်ပြောင်းထည့်ပါ။

 မြှုပ်-  မိုးရေတင်နေနိုင်သော ခွက်၊ တာယာစုတ်၊ အိုးခြမ်းပဲ့၊ အုန်းမှုတ်ခွက် စသည်တို့ကို မြေမြှုပ်ပစ်ပါ  သို့မဟုတ် စနစ်တကျ စွန့်ပစ်ပါ။

လောင်း-  ကြောင်အိမ် အောက်ခံခွက်များထဲသို့ ဆား၊ စက်ဆီဟောင်း လောင်းထည့်ပါ။

ရှင်း- အိမ်တွင်း၊ အိမ်ပြင် သန့်ရှင်းစွာထားပါ။ ခြင်မခိုအောင်းစေရန် သတိထားပါ။

ထောင်- ဘယ်အချိန် အိပ်အိပ်၊ ဘယ်နေရာ အိပ်အိပ်   ခြင်ထောင်ထောင်အိပ်ပါ။ (ခြင်ထောင်ကို    ခြောက်လတစ်ကြိမ် ဆေးစိမ်ပါ။)

ထည့်-  ရေမသွန်နိုင်သည့်   အုတ်ကန်၊ ရေစည်၊   ရေကန်များတွင် ပိုးလောက်လမ်း စား ငါး   သို့မဟုတ်  ပိုးလောက်လမ်းသေဆေး Temephos 1%SG (Temeguard), (Abate) ထည့်ပါ။

 ရေ ၁ဝ ဂါလန်ကို abate လက်ဖက်ရည် ဇွန်းတစ်ဇွန်းခတ်ပါ။ ကလေးဆေးပုလင်းများ တွင်ပါသည့် (5ml) ဇွန်း = ၅ ဂရမ်။

Abate ခတ်မည့် အိုး၊ ပီပါ၊ စည်အတွင်းရှိ ရေကို ဂါလန်နှင့်တွက်ပါ။

လေးထောင့်ရေကန် = အလျား x အနံ x အမြင့် x ၆.၂၅ ဂါလန်

ကျောက်စည်အဝိုင်း = ၅ x (ရေစည်အချင်း)၂x ရေစည်အမြင့်

သတိထားရမည့် အိမ်တွင်း၌ ခြင်ကျားပေါက်လေ့ရှိသော နေရာများ

-  သုံးရေ၊ သောက်ရေထည့်သော မြေအိုး၊ စဉ့်အိုး၊ တိုင်ကီ၊ သစ်သားစည်၊ ပလတ်စတစ်ပုံး။

ကြောင်အိမ်အောက်ခံခွက်၊ ရေခဲသေတ္တာနှင့် Air-condition အောက်တွင် ခံထားသော လင်ပန်းများ၊ ရေကန်ငယ်များ။

- အိမ်သာ၊ ရေချိုးခန်း၊ အိမ်ခြံဝင်းအတွင်း စသည့်နေရာများရှိ အုတ်ကန်များ၊ အိမ်ပေါ်တွင်တင်ထားသော   အဖုံးပွင့်နေသည့် ရေစည် ရေကန်များ။

ဘုရားပန်းအိုး၊ အလှပန်းအိုး၊ နတ်ပန်းအိုးများ၊ အလှစိုက်ထားသော ပန်းအိုးကြီးများအောက်တွင် ရေခံရန်ထားသော မြေလင်ပန်းကြီးများ။

အချိုရည်ဘူးများ၊   ဘီယာဘူးခွံများ ပလတ်စတစ်ဘူးခွံ၊  ခွက်ခွံများစသည့် ရေတင်ကျန်နိုင်သော  စွန့်ပစ်ပစ္စည်းအားလုံး။

ခုနစ်ရက်ထက်ပို၍ ရေထည့် သိုလှောင်ထားသော အဖုံးမလုံသည့် အရာများ။

သတိပြုရမည့် အိမ်ပြင်ပတွင် ခြင်ကျားပေါက်လေ့ရှိသော နေရာများ

ရေထည့်သော မြေအိုး၊ စဉ့်အိုးကြီးများ၊ သံရေတိုင်ကီများ၊ ကွန်ကရစ်စည်များ။

စွန့်ပစ်ထားသော ပုလင်းခွံ၊ ဘူးခွံများ၊ ဘက်ထရီအိုးဟောင်းများ၊  တာယာ အဟောင်းများ၊ အုန်းမှုတ်ခွက်၊ ရော်ဘာခြံတွင် ရော်ဘာအစေးခံသောခွက်များ။

အမှိုက်များဖြင့် ပိတ်နေသော ရေတံလျှောက်များ၊ အသုံးမပြုတော့သော နွားစာခွက်များ၊အသုံးမပြုတော့သော လှေများ။

ရေထည့်နိုင်၊ ရေတင်ကျန်နိုင်၍ခြင်ပေါက်နိုင်သည့် ကလေးကစားစရာ အပါအဝင်လူတို့ ပြုလုပ်ထားသော အရာအားလုံး။

သစ်ပင်အခေါင်းပေါက်၊ ဝါးဆစ်၊ ဝါးပင်အငုတ်၊ အုန်းပင်၊ ငှက်ပျောပင် အလက်များကြား။

 အိမ်တွင်း၊ အိမ်ပြင် ခြင် ခိုအောင်းခြင်း၊ နားနေခြင်း မပြုနိုင်ရန်ခြင်ကျားများသည် တွဲလောင်းကျနေသော အဝတ်များ၊ မှောင်ရိပ်ကျနေသော ပရိဘောဂများနှင့် ဖျာလိပ်များအတွင်း ခိုအောင်းနားနေ၍ ကိုက်လေ့ရှိသဖြင့် အိမ်ကို သန့်ရှင်းသပ်ရပ်စွာနှင့် လေဝင်လေထွက် ကောင်းအောင်၊ အလင်းရောင်ကောင်းကောင်း ရအောင် ထားရှိရမည်။

ချုံပုတ်၊ မြက်ပင်၊ ပေါင်းပင်များကို ရှင်းလင်းရမည်။ ခြင်ကျားများ ခိုအောင်းသည့်နေရာများအတွက် ခြင်သေဆေးကို ထိရောက်စွာဖျန်းပါက ခြင်ပမာဏလည်း လျော့နည်းသွားနိုင်ပါတယ်။ 

 သွေးလွန်တုပ်ကွေး လက္ခဏာများမှာ-

နှစ်ရက်မှ ခုနစ်ရက်ခန့် အပြင်းဖျားခြင်း၊

ပျို့အန်ခြင်း၊ ဗိုက်နာခြင်း။

ကိုယ်ပေါ်တွင် အနီစက်များထွက်ခြင်း။

ဖျားနေစဉ်သုံးရက်မှ ငါးရက်အတွင်း သွေးလန့်သည့် လက္ခဏာများဖြစ်ပေါ်ပြီး အသက်အန္တရာယ် ရှိနိုင်ပါတယ်။

အောက်ပါ သွေးလန့်သည့် လက္ခဏာ တစ်ခုခုတွေ့လျှင် ဆေးရုံသို့ အမြန်ဆုံးပို့ပါ။

ဖျားရာမှ ရုတ်တရက် အဖျားကျကာ ခြေလက်များ အေးစက်လာခြင်း။

အဖျားကျသော်လည်း မှိန်းခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း။

ဗိုက်နာခြင်း၊   အသည်းကြီးခြင်း  မကြာခဏအော့အန်ခြင်း။

အန်သည့်အခါ အညိုရောင်အဖတ်အမျှင်လေးများ ပါလာခြင်း၊ နှာခေါင်းသွေး ယိုခြင်း။

ကတ္တရာစေးရောင် ဝမ်းမဲမဲသွားခြင်း။

ဒါကြောင့် မိုးရာသီမှာ ကလေးတွေဖျားတဲ့အခါ သွေးလွန်တုပ်ကွေးများ ဖြစ်လေ မလားဆိုတဲ့ သံသယရှိခဲ့ရင် ဂရုစိုက်သင့်တဲ့ အချက်များနဲ့ ခြင်အန္တရာယ် ကင်းဝေးစေရန် အလေးထားနေထိုင် ပြုစုကြမယ်ဆိုရင် ကလေးများ စိုးရိမ်ဖွယ်ရာ အခြေအနေမှ ကင်းဝေးသွားနိုင်မှာ ဖြစ်ပါတယ်။ 

 

ပါမောက္ခဒေါက်တာကေသီထွန်း

 

Read 24 times
Rate this item
(0 votes)
Last modified on Friday, 19 June 2020 10:58

Latest from ေကတု