SJ WorldNews - шаблон joomla Авто

သတိပြုစရာဦးနှောက်ဖောက်ပြန် အယ်လ်ဇိုင်းမားရောဂါ

Saturday, 20 June 2020 17:10 Written by  font size decrease font size decrease font size increase font size increase font size

အယ်လ်ဇိုင်းမားရောဂါသည်  ဦးနှောက်ထိခိုက် စိတ်ဖောက်ပြန်မှုရောဂါဖြစ်ပြီး နေ့စဉ်လူမှုဘဝကို ခက်ခဲပင်ပန်း နှိပ်စက်တတ်သောရောဂါဖြစ်သည်။ သက်ကြီးပိုင်းရောဂါတစ်မျိုးဖြစ်၍ ပျမ်းမျှအသက် ၇၅ နှစ်အထက် ကျား၊ မ အားလုံးဖြစ်နိုင်ခြေရှိသည်။

ထို့ကြောင့် အယ်လ်ဇိုင်းမားရောဂါ စောင့်ကြည့်စစ်ဆေးရေး အဖွဲ့အစည်း(Alzheimer's Association)က ထိုရောဂါနှင့်ပတ်သက်၍ လူအများ ကျန်းမာသုတရှိကြစေရန် ရည်ရွယ်ကာ နှစ်စဉ် ဇွန်လကို သတိပြုစရာ ဦးနှောက်ဖောက်ပြန်အယ်လ်ဇိုင်းမားရောဂါ @Alzheimer's & Brain Awareness Month လတစ်လ အဖြစ်သတ်မှတ်ထားကာ၊ ခရမ်းရောင်ဖဲကြိုးလေးများဖြင့် ဖော်ညွှန်းထားသည်။ 

အယ်လ်ဇိုင်းမားရောဂါ

တစ်နည်းဆိုသော် အယ်လ်ဇိုင်းမားရောဂါသည် ဦးနှောက်ဇရာအကြိုခေါ် အရွယ်မတိုင်မီ သတိမေ့ရောဂါ အမျိုး အစားဖြစ်ပြီး ၎င်းရောဂါဖြစ်ပွားပါက မှတ်ဉာဏ်၊ အတွေးအခေါ်နှင့်အပြုအမူများ အားလုံးကိုမေ့လျော့သွား သည်။ အသက်ကြီးလာလေ ရောဂါဖြစ်နိုင်ခြေပိုများလာလေဖြစ်သည်။ သို့သော် ယင်းအချက်မှာ ၂၁ ရာစုတွင် ရာနှုန်းပြည့် မမှန်တော့ပေ။ ယနေ့ကမ္ဘာတွင် ငယ်ရွယ်သူတွေမှာလည်း အယ်လ်ဇိုင်းမား ရောဂါဖြစ်ပွားလာ သည်ကို တွေ့ရသည်။ ဦးစွာ ပထမအနေဖြင့် မှတ်ဉာဏ်အားနည်းလာပြီး မကြာခဏ သတိမေ့လျော့ခြင်း၊ ကျိုးကြောင်းလျော်ညီစွာ ပိုင်းခြားဝေဖန်နိုင်စွမ်းအား ကျဆင်းသွားခြင်းဖြစ်လာသည်။ ရောဂါပိုဆိုးလာချိန်မှာ ဘာသာစကားပြောဆိုနိုင်စွမ်း မရှိတော့ခြင်း၊ မှတ်ဉာဏ်ဆုံးရှုံးမှု ပိုမိုဆိုးရွားလာခြင်း၊ ချစ်ခင်ရသော မိသားစု ဝင်များ သို့မဟုတ် သူငယ်ချင်းများကို မေ့လျော့သွားခြင်း၊ လတ်တလောအဖြစ်အပျက်များကိုပင် မှတ်သားနိုင် စွမ်းမရှိတော့ဘဲ အဆုံးသတ်မှာ မှတ်ဉာဏ်လုံးဝဆုံးရှုံးသွားသည်အထိ ဖြစ်လာနိုင်သည်။ နေ့ချင်းညချင်း ရုတ် တရက်ဖြစ်ပေါ်လာသော ရောဂါမျိုးမဟုတ်သည့်အတွက် အယ်လ်ဇိုင်းမားရောဂါကို သူငယ်ပြန်နေသည်ဟု  မှားယွင်း ယူဆတတ်ကြသည်။

ဘာကြောင့်ဖြစ်

အောက်ဖော်ပြပါ အကြောင်းများကြောင့် အယ်လ်ဇိုင်းမားရောဂါ ဖြစ်လာနိုင်သည်။

·        ကနေဒါနိုင်ငံ မွန်ထရီယယ်မြို့မှ ဆရာဝန်များ၏ လေ့လာတွေ့ရှိမှုတစ်ရပ်အရ ဦးနှောက်အတွင်း အဆီပို များစုပုံနေခြင်းက အယ်လ်ဇိုင်းမား အမေ့လွန်ရောဂါဖြစ်ပွားနှုန်းကို ပိုမိုမြင့်တက်လာစေနိုင်ကြောင်း၊ ဦးနှောက်တွင်း အဆီများစုပုံနေခြင်းက ဦးနှောက်ထိခိုက်မှုများကို သဘာဝအလျောက် ပြုပြင်ထိန်းသိမ်း ပေးနေသော Stem Cell များကို အနှောင့်အယှက်ဖြစ်စေနိုင်ကြောင်း၊ ၎င်း Stem Cell များက မှတ် ဉာဏ်၊ သင်ယူမှုနှင့် ဦးနှောက်ဆင့်ကဲ တိုးတက်မှုဖြစ်စဉ်များတွင် အရေးပါသော ကဏ္ဍမှာရှိနေကြောင်း သိရသည်။

·        နေ့ဆိုင်း၊ ညဆိုင်းပြောင်း၍ အလုပ်ဆင်းရသူများနှင့် မကြာခဏခရီးသွားရသူတွေမှာ အိပ်ချိန်မမှန်ခြင်း ကြောင့် မှတ်ဉာဏ်ကိုပျက်စီးသည်။ ထို့ပြင် အယ်လ်ဇိုင်းမားရောဂါ ဖြစ်စေနိုင်သည့် ဦးနှောက်အတွင်း ဘီတာမင်အလွိုက် ခေါ် အသားဓာတ်တစ်မျိုး ဖြစ်ပေါ်လာစေသည်။

·        အချိန်မမှန် စားသောက်နေထိုင်မှုပုံစံအပြောင်းအလဲဖြစ်ပါက မှတ်ဉာဏ်ချို့ယွင်းနိုင်ပြီး စိတ်ဖောက်ပြန် သည့် ရောဂါလက္ခဏာများလည်း ဖြစ်ပေါ်စေနိုင်ကြောင်း ကယ်လီဖိုးနီးယားရှိ သိပ္ပံပညာရှင်များက တွေ့ ရှိခဲ့ကြသည်။

·        အကယ်၍ မိသားစုထဲမှာ ထိုရောဂါဖြစ်ဖူးတဲ့ ရာဇဝင်ရှိပါက မိမိမှာလည်း အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင် ခြေအဆမတန်ပိုများ လေဖြစ်သည်။

·        အချစ်ရေး သို့မဟုတ် အိမ်ထောင်ရေး အဆင်မပြေခြင်း၊ အလုပ်ထဲမှာ အထက်လူကြီး သို့မဟုတ် လုပ် ဖော်ကိုင်ဖက် သို့မဟုတ် အောက်လက်ငယ်သားများနှင့် အဆင်မပြေခြင်း၊ မိမိခံနိုင်ရည်စွမ်းအားထက် ကျော်လွန်၍ ဦးနှောက်ကို အလုပ်လုပ်စေခြင်း၊ အထီးကျန် စိတ်အားငယ်ပြီး စိတ်ဓာတ်ကျခြင်း၊ ရက်လ တာရှည်အိပ်ရေးပျက်အိပ်ရေးမဝခြင်း စသည်တို့ကြောင့် အရွယ်မတိုင်ခင် ဦးနှောက်ဇရာကြိုရောဂါဖြစ် လာနိုင်သည်။

စမ်းသပ်စစ်ဆေးနည်း

ထိုရောဂါစွဲကပ်နေကြောင်း စောစီးစွာသိရပါက ထိရောက်သည့် ကုထုံးကောင်းမွန်သည့် ဆေးဝါးများဖြင့် အချိန်မီကုသနိုင်ပါက ရောဂါပျံ့နှံ့မှုအားကို ထိန်းထားနိုင်မှာဖြစ်သည်။ ထို့ကြောင့် မိမိတွင် အထက်ပါရောဂါ လက္ခဏာများ ကြုံတွေ့လာပါက သက်ဆိုင်ရာ ဆရာဝန်များဖြင့် ဆွေးနွေးတိုင်ပင်ကာ စောစီးစွာ ဆေးကုသမှု ခံယူထားသင့်သည်။ ထိုရောဂါစမ်းသပ်ရာမှာ

(က) စိတ်အခြေအနေကို စစ်ဆေးသည့်နည်း

(ခ) အဆင့်မြင့်ဓာတ်မှန် နည်းပညာသုံး၍စစ်ဆေးနည်း

(ဂ) လူနာ၏ဗီဇကို စစ်ဆေးသည့်နည်း

(ဃ) Biomarks ခေါ် သွေးထဲရှိ ဇီဝရုပ်ကြွင်းကို စစ်ဆေးနည်း

(င) Cellular Stress Response ခေါ် ခန္ဓာကိုယ်ထဲရှိ ကလာပ်စည်းများ ဖိနှိပ်ခံရမှုအခြေအနေကို ခန့်မှန်း စစ်ဆေးနည်း စသည်တို့ဖြင့် ရောဂါအခြေအနေကို စစ်ဆေးပေးမှာ ဖြစ်သည်။

ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းကောင်းများ

အောက်ဖော်ပြပါ အစားအစာများနှင့် နေထိုင်ပြုမူပုံများက အရွယ်မတိုင်မီ ဦးနှောက်ဇရာ အကြိုရောဂါဖြစ်မ လာအောင် အထိုက်အလျောက် ကြိုတင်ကာကွယ်ပေးနိုင်ပါလိမ့်မည်။

အနီရောင်ပန်းသီးအခွံတွင်ပါရှိသော ဖလေဗိုနွိုက်ဓာတ်များက အယ်လ်ဇိုင်းမားရောဂါအပြင်၊ ပါကင်န်ဆဲန် ခေါ် အကြောအားနည်း၍ ခြေတုန်လက်တုန်ရောဂါတို့ကိုပါ လျော့ပါးသက်သာစေသည်။ ထို့ကြောင့် အနီရောင်ပန်း သီးကို အခွံပါစားပေးရမည်။ Cornell University တွင် ကြွက်များကို ပန်းသီးဖျော်ရည်ဖြင့် စမ်းသပ်တိုက် ကျွေးခဲ့ကြရာ၊ ပန်းသီးထဲရှိ quercetin ဓာတ်သည် ဦးနှောက်ထဲရှိဆဲလ်များ ပျက်စီးယိုယွင်းလာခြင်းနှင့်  မှတ်ဉာဏ်ရည်ကျဆင်းလာခြင်းတို့ကို ကာကွယ်ပေးနိုင်စွမ်းရှိသဖြင့် ပန်းသီးက အယ်လ်ဇိုင်းမားရောဂါကို ကာ ကွယ်ပေးနိုင်ကြောင်း အတည်ပြုထောက်ခံ ထားသည်။

တရုတ်ဆီးသီးက အယ်လ်ဇိုင်းမား ရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးသည့်အပြင်၊ အရွယ်တင် နုပျိုစေသည်။ အယ်လ်ဇိုင်းမားဖြစ်ခြင်းမှ ကာကွယ်ရန်နှင့် ဦးနှောက်နှင့်ပတ်သက်သော ကင်ဆာရောဂါများမှ ကင်းဝေးစေရန် အတွက် ဖောလိပ်အက်စစ် ခေါ် ဗီတာမင် B9 က မရှိမဖြစ်ပါ။ သင်္ဘော၊ လိမ္မော်၊ ဂရိတ် ဖရု၊ စတော်ဘယ်ရီ၊ ထောပတ်သီး စသည့်သစ်သီးများ၊ ဟင်းနုနယ်၊ မုန်ညင်းစိမ်း၊ မုန်လာရွက်၊ ကညွတ်၊ ပန်းဂေါ်ဖီစိမ်း ခေါ် ပဲတောင့်ရှည်၊ ဗိုလ်စားပဲသီး၊ ရုံးပတီသီး စသည့်အစိမ်းရောင် ဟင်းသီးဟင်းရွက်များ၊ နေကြာစေ့၊ မြေထောက်ပဲ၊ ဂုန်လျှော်စေ့၊ ဗာဒံစေ့ စသည့် အခွံမာသီး အစေ့အဆန်များ၊ ပန်းဂေါ်ဖီ၊ ပြောင်းဖူး၊ မုန်လာဥနီ၊ တရုတ်နံနံ၊ beet root ခေါ်သကြားမုန်လာ ခေါ် သွေးနီရောင် အရည်ရွှမ်းသည့် မုန်လာဥနီအဝိုင်း၊ ပဲနီလေး၊ ပဲပင်ပေါက် တို့တွင်လည်း ဖောလိပ်အက်စစ်ကို လုံလောက်စွာ ရရှိနိုင်သည်။

ဗီတာမင် K က ဦးနှောက် ဇရာအကြိုရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်သည်။ ပင်စိမ်းရွက်၊ ကိုက်လန်၊ ဟင်းနုနယ်၊ မုန်ညင်းစိမ်း၊ ဆလတ်ရွက်၊ ပန်းဂေါ်ဖီစိမ်း၊ ကညွတ် စသည့်အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ၊  ကြက်သွန်မြိတ်၊  ဂေါ်ဖီ၊ သခွားသီး၊ ငရုတ်သီးမှုန့်၊ ဥအနှစ်နှင့် တရုတ်ဆီးသီးခြောက် စသည်တို့မှ ဗီတာမင် K ဓာတ် လုံလောက်စွာ ရရှိနိုင်သည်။

အနက်ရောင် ချောကလက်ဟာ အယ်လ်ဇိုင်းမား ခေါ် ဦးနှောက်ဇရာ အကြိုရောဂါဖြစ်ခြင်းမှလည်း ကာကွယ် ပေးသည်။ ပြောင်းဖူးထဲတွင်ပါရှိသော ဗီတာမင် B1 သည် ဦးနှောက်ဆဲလ်များကို အားကောင်းစေပြီး၊ မှတ်ဉာဏ် နှင့် သိမြင်နိုင်စွမ်းရည်တို့ကို တိုးတက်ကောင်းမွန်စေသည်။ ထို့ပြင် အယ်လ်ဇိုင်းမား ရောဂါဖြစ်နိုင်ခြေကို လျှော့ချ ပေးနိုင်သည်။

နာတာရှည်အိပ်မပျော်ခြင်း၊ ဦးနှောက်အာရုံကြောပျက်စီးခြင်း၊ အယ်လ်ဇိုင်းမားနှင့် စိတ်ကစဉ့်ကလျား ရောဂါ များအတွက် တရုတ်နံနံပင်က ကောင်းစွာကုသပေးနိုင်ပါသည်။

အယ်လ်ဇိုင်းမား ခေါ် ဦးနှောက်ဇရာကြိုရောဂါ သက်သာဆေးများ၊ ကိုယ်ခံစွမ်းအား ကောင်းဆေးများ နှင့် မှတ်ဉာဏ်ကောင်းဆေးများကို ရီဘိုဖလာဗင်၊ မဂ္ဂနီဆီယမ်ဓာတ်တွေဖြင့် ဖော်စပ်ထားသည်။ ၎င်းဓာတ်များ အလုံအလောက်ပါရှိသော ဗာဒံစေ့ကို တစ်နေ့လက်တစ်ဆုပ်စားပေးခြင်းဖြင့် တစ်နေကုန် လန်းဆန်းလာစေ သည်။ ထို့ကြောင့် အယ်လ်ဇိုင်းမား ဝေဒနာရှင်များအနေဖြင့် ဗာဒံစေ့ကို ဖြည့်စွက်စာအားဆေးအဖြစ် မဖြစ်မနေ စားပေးသင့်သည်။

ဂျာမနီနိုင်ငံ ဆေးသုတေသီများ၏ မှတ်တမ်းများအရ၊ ပင်စိမ်းရွက်ထဲတွင်ပါရှိသော သဘာဝဓာတ်ပေါင်းစု တစ် မျိုးက ဦးနှောက်စွမ်းဆောင်ချက်ကို တိုးတက်ကောင်းမွန်စေသည့်အပြင်၊ စိတ်ဓာတ်ကျခြင်း၊ စိတ်ဖိစီးခြင်းနှင့် အယ်လ်ဇိုင်းမားရောဂါတို့ကို ထိထိရောက်ရောက် ကုသပေးနိုင်ကြောင်း အတည်ပြု ထောက်ခံထားသည်။

ငါးများများစားပါ။ လိုအပ်ပါက ဖြည့်စွက်စာအဖြစ် ငါးကြီးဆီ သောက်ပေးနိုင်သည်။

ဟန်းဖုန်း(လက်ကိုင်ဖုန်း)မှ ထုတ်လုပ်သော မိုက်ခရိုဝေ့ဖ် ဓာတ်ရောင်ခြည်များနှင့် လျှပ်စစ်သံလိုက်စက်ကွင်း ပြင်းအားများသည် ဦးနှောက်အသားပိုကင်ဆာ၊ ပါကင်ဆန် ခေါ်  ခြေတုန်လက်တုန်ရောဂါနှင့် အယ်လ်ဇိုင်းမား ရောဂါတို့ကို ဖြစ်ပွားစေနိုင်သဖြင့် ဟန်းဖုန်းကို တာရှည်အသုံးမပြုကြရန် မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေး အသင်းကြီးမှ သတိပေးနှိုးဆော်ထားသည်။

ဆေးလိပ်သောက်ခြင်းနှင့် တစ်ဆင့်ခံ စီးကရက်မီးခိုးငွေ့ရှူရှိုက်ခြင်းက ဦးနှောက်ကို ကျုံ့စေပြီး၊ အယ်လ်ဇိုင်း မားရောဂါ၊ မေ့တတ်ခြင်း၊ ချက်ချင်း မစဉ်းစားနိုင်ခြင်း၊ ပီသစွာစကားမပြောနိုင်ခြင်း စသည့် ဦးနှောက်အကြို ဇရာရောဂါကိုဖြစ်စေသည်။

ရယ်မောပျော်ရွှင်ခြင်းက ဦးနှောက်အတွက် အကောင်းဆုံးအားဆေး တစ်ခွက်ဖြစ်သည်။ လေ့လာဆန်းစစ်ချက် များအရ ရယ်မောခြင်းက စိတ်ဖိစီးမှုကို ပြေလျော့စေပြီး ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားစေ၍ အိန္ဒိယနိုင်ငံမှာ လွန်ခဲ့သော ဆယ်စုနှစ်ခန့်ကစပြီး အယ်လ်ဇိုင်းမားရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်သည့် အနေဖြင့် ဝါသနာတူလူများ စုဝေးဖွဲ့စည်းကာ နံနက်ချိန်ခါ စုပေါင်းရယ်မောပွဲများ ပြုလုပ်လာကြသည်။

အဆီနည်းသော စားသောက်မှုပုံစံက အသက်အရွယ် အိုမင်းခြင်းဖြစ်စဉ်ကို ကောင်းကျိုးသက်ရောက်မှုရှိပြီး ဦးနှောက် ကျန်းမာရေးအတွက် အထောက်အကူပြုပေးနိုင်သည်။ မတော်တဆ ဦးခေါင်းထိခိုက်ဒဏ်ရာက အသေးစားဖြစ်သည့်တိုင်အောင် ဦးနှောက်စွမ်းရည် ကျဆင်းနိုင်ခြေနှင့် အတိတ်မေ့ရောဂါဖြစ်နိုင်ခြေတို့ကို မြင့်တက်စေသည်။ ထို့ကြောင့် ဦးခေါင်းကို ဒဏ်ရာမရအောင် ကာကွယ်ပါ။ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြု လုပ်ပါ။ လေ့ကျင့်ခန်းလုပ်ခြင်းက ဦးနှောက်စွမ်းရည်ကို သိသိသာသာ တိုးတက် မြင့်မားလာစေမည်ဖြစ်ကြောင်း   တင်ပြလိုက်ရပါသည်။   

ပေါက်ပေါက်

Read 16 times
Rate this item
(0 votes)
Last modified on Saturday, 20 June 2020 17:33