SJ WorldNews - шаблон joomla Авто

ဆင်လား ခြင်လား ရာသီလား

Tuesday, 23 June 2020 10:40 Written by  font size decrease font size decrease font size increase font size increase font size

 

ကျန်းမာရေး ဗဟုသုတကို လွန်စွာစိတ်ဝင်စားသော သားသမီးသုံးယောက်ဖခင် ကိုသိန်းဦးက ကျွန်တော့်အိမ်သို့ ရောက်လာသည်။ ကျွန်တော့်ရေးလက်စ ဆောင်းပါးခေါင်းစဉ်ကိုကြည့်ပြီး    မေးခွန်းတွေ တသီတတန်း မေးတော့သည်။

ဆရာ့ခေါင်းစဉ်က ဘာလဲဗျ။ ဘာတွေကိုမေးခွန်းထုတ်နေတာလဲ။

ဒီနှစ်မှာဖြစ်နေတဲ့ တုပ်ကွေးသုံးမျိုးကို ပြောတာပါဗျ။ ဆင်တုပ်ကွေး၊ ခြင်ကြောင့်ဖြစ်တဲ့ သွေးလွန်တုပ်ကွေး၊ နောက် ရာသီတုပ်ကွေး တွေကိုပေါ့။

တော်တော်အဖြစ်များသလားဆရာ။

တော်တော်အဖြစ်များပါတယ်။တစ်ခုပြီးတစ်ခု ဖြစ်နေတော့ ကလေးတွေလည်း မကြာခဏဖျားတာပေါ့ဗျာ။ ဆက်တိုက်လိုလို တစ်ခုပြီးတစ်ခုဖြစ်ရင် အဖျားကြာတယ်လို့တောင် ယူဆသွားတတ်ပါတယ်။

ဆေးရုံ၊ ဆေးခန်းတွေမှာ ပြင်ပလူနာရော၊ အတွင်းလူနာမှာရော ရုံလျှံသွားတဲ့အထိ ဖြစ်တာပါ။

အဲဒီရောဂါတွေက တစ်ခုနဲ့တစ်ခုတူသလား။ တစ်ခုဖြစ်ပြီးရင်လည်း နောက်တစ်ခု ဖြစ်တာပဲလား။

တူတဲ့အချက်တွေ ရှိသလို မတူတဲ့ အချက်တွေလည်း ရှိပါတယ်။ အားလုံးက ဗိုင်းရပ်ပိုးကြောင့်ဖြစ်တာဆိုတော့ ပဋိဇီဝဆေးတွေက အသုံးမဝင်ဘူး။ ကိုယ်ခံအားက ရောဂါကို မနိုင်မချင်းတော့ တော်တော်လေးဖျားနာကိုက်ခဲတာရှိတယ်။ ခံရတာပေါ့ဗျာ။ သို့သော်အဖျားကျဆေး၊အကိုက်အခဲ ပျောက်ဆေးတွေနဲ့အများကြီး သက်သာ သွားနိုင်ပါတယ်။ ရောဂါလက္ခဏာနဲ့ အန္တရာယ်ကတော့ ကွာခြားမှု ရှိနိုင်ပါတယ်။

ဘယ်တုပ်ကွေးက အန္တရာယ် အရှိဆုံးလဲဗျ။

ခြင်ကျားကိုက်လို့ဖြစ်တာကြောင့် ခြင်တုပ်ကွေးလို့ နာမည်ပေးထားတဲ့  သွေးလွန်တုပ်ကွေးကတော့ အဆိုးဆုံးပါ။ တချို့ကလေးနဲ့လူကြီးတွေမှာ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုကြောင့်ဖြစ်တဲ့  သွေးလန့်ခြင်းဖြစ်နိုင်တယ်။သွေးလန့်တာကို ကုသဖို့ ကြာသွားတဲ့ လူနာတွေကိုယ်တွင်းအင်္ဂါတွေမှာ  သွေးလွန်မှုဖြစ်နိုင်တယ်။

ဒါဆိုရင် အသက်အန္တရာယ်ရှိတာပေါ့။ ရာသီတုပ်ကွေးလို့ခေါ်တဲ့ H1N1  အပါအဝင် တုပ်ကွေးဗိုင်းရပ်ပိုးတွေကြောင့်ဖြစ်တဲ့ ရာသီတုပ်ကွေးမှာတော့ အန္တရာယ် ရှိတဲ့အုပ်စုဖြစ်တဲ့ ငယ်လွန်းတဲ့ကလေး၊ ကြီးလွန်းတဲ့လူကြီး၊    ရောဂါအခံရှိတဲ့ ကလေး၊  လူကြီးတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာ ပြင်းထန်တဲ့ အဆုတ် အအေးမိဖြစ်နိုင်တယ်။  ဒါကြောင့်အသက်ဆုံးရှုံးမှု ဖြစ်နိုင်တယ်။ ဆင်တုပ်ကွေးမှာတော့ အသက်အန္တရာယ် မရှိပါဘူး။

ကဲဒါဖြင့် ဆရာ ဘယ်တုပ်ကွေးက စပြောချင်သလဲ။

ခေါင်းစဉ်တပ်ထားတဲ့အတိုင်းဆိုရင်တော့ ဆင်က စရမှာပေါ့နော်။

ဟုတ်တယ်ဗျ ''ဆင်တုပ်ကွေး''ကပဲ စလိုက်မယ်။

ဘာလို့လဲဆိုတော့ အခုလောလောဆယ်တော့ အဖြစ်များ ဗိုလ်စွဲနေလို့ပေါ့ဗျာ။ ကလေးရော လူကြီးပါတွေ့ရပါတယ်။ ဆင်တုပ်ကွေးကို ဆေးပညာအခေါ် အရတော့ ((Chickungunya)လို့ခေါ်ပါတယ်။ ဒါကအင်္ဂလိပ်စကားမဟုတ်ဘူး။  အာဖရိက  စကားပါ။

ဆင်တုပ်ကွေးဖြစ်တဲ့လူတွေမှာ အဆစ်အမျက်တွေ ရောင်ရမ်းနာကျင်လွန်းလို့၊ ကွေးကောက်နေလို့ ''ကွေးနေသောလူ''လို့ခေါ်တာပါ။

ဘယ်လိုလက္ခဏာတွေ ရှိသလဲဗျ။

အဓိကကတော့ ဖျားတယ်ဗျ။ အဖျားကြီးတယ်။

တစ်ခါတစ်ရံ ချမ်းတုန်တတ်တယ်။ အဖျားက ပထမနှစ်ရက်၊ သုံးရက်လောက်မှာ တော်တော်ကြီးပြီး မကျဘူးဖြစ်တတ်တယ်။ နောက်တစ်ခု ထူးခြားတဲ့ လက္ခဏာကတော့ အဆစ်အမျက်တွေ နာကျင် ကိုက်ခဲတာပဲ။

တချို့ဆို လမ်းလျှောက်လို့မရဘူး။ ကလေးငယ်တွေမှာ ခြေလက်တွေကိုကိုင်လိုက်၊ ရွှေ့လိုက်တာနဲ့ ငိုတာပဲ။ တချို့လူကြီးတွေမှာတော့ အဆစ်တွေ ရောင်ရမ်းပြီး ကြီးလာတာကို တွေ့ရတတ်တယ်။တစ်ခါတလေ အဆစ်ရောင်တာ၊ နာတာက သုံး၊ လေးပတ်လောက်တောင်ဖြစ်နိုင်တယ်။ ကလေးတွေမှာတော့ အဲဒီလောက်ကြာအောင် မဖြစ်တတ်ဘူး။ နောက်ထူးခြားတဲ့ လက္ခဏာတစ်ခုကတော့ ခန္ဓာကိုယ်မှာ အနီပိမ့်တွေ ထွက်တတ်တယ်။ အဲဒါတွေက စဖျားပြီး တစ်ရက်၊ နှစ်ရက်အတွင်းမှာကို တွေ့နေရတယ်။ တစ်ခါတလေကျတော့ နည်းနည်းနှာစေးတာ ရှိတတ်တယ်။ ချောင်းဆိုး၊ နှာစေးများများတော့ မရှိဘူး။ ဒါကရာသီတုပ်ကွေးနဲ့ ကွာတာပါ။

သွေးလွန်တုပ်ကွေးနဲ့ရော မှားနိုင်သလား။

မှားနိုင်တယ်။ သွေးလွန်တုပ်ကွေးမှာလည်း အဖျားကြီးပြီး ကိုယ်လက်တွေ ကိုက်ခဲနိုင်တယ်။ သွေးလွန်တုပ်ကွေးမှာလုပ်တဲ့  သွေးပေါင်ချိန် ကိရိယာနဲ့စမ်းသပ်မှု ( Hess Test )ကလည်း နှစ်ခုစလုံးမှာ လက္ခဏာပြနိုင်တယ်။ ဒါပေမဲ့ အဆစ်အမျက်တွေ ကိုက်ခဲတာနဲ့ ပထမတစ်ရက်၊ နှစ်ရက်အတွင်း အနီပိမ့်တွေ ထွက်တာက ဆင်တုပ်ကွေးက ပိုဖြစ်တယ်။ သွေးစစ်ကြည့်ရင်လည်း  ဆင်တုပ်ကွေးမှာ သွေးလွန်တုပ်ကွေးလို သွေးဥမွှား (Platelet count)ကျတာ မတွေ့ရတတ်ဘူး။

ဆင်တုပ်ကွေးမှာ သွေးလွန်တုပ်ကွေးလို အရေပြား သွေးယိုတာ၊ ကော်ဖီနှစ်ရောင် အန်တာတွေက မတွေ့ရတတ်ဘူး။ သွေးလန့်တာနဲ့ ကိုယ်တွင်း အင်္ဂါတွေမှာ သွေးယိုတာလည်း မတွေ့ရတတ်ပါဘူး။

ဆင်တုပ်ကွေးက ဘာကြောင့်ဖြစ်တာလဲ။

ဆင်တုပ်ကွေးက ခြင်တုပ်ကွေး (သွေးလွန်တုပ်ကွေး)လိုပဲ၊ ခြင်ကျား ခေါ် ခြင်ပုန်းကိုက်လို့ဖြစ်တာပါ။ ကိုက်တဲ့ခြင်ကလည်းတူတယ်။ ရေကြည်ရေသန့်မှာ ပေါက်ပြီးနေ့လယ်ဘက်မှာ ပိုကိုက်တတ်တဲ့ခြင်ကျားကြောင့် ဖြစ်တာ။ ဒါကြောင့် ကာကွယ်မှုကလည်း အတူတူပဲ။

ဆင်တုပ်ကွေးကို ဘယ်လိုကုသလဲ။

အဓိကကတော့ ရောဂါလက္ခဏာတွေကို ကုသခြင်း(Symptomatic Treatment)တွေ  လုပ်ရတာပါ။

ပထမနှစ်ရက်၊ သုံးရက် အဖျားကြီးတဲ့အချိန်မှာ အဖျားကျဆေး ပါရာစီတမော တိုက်ပေးရပါတယ်။ ကိုယ်အလေးချိန်နဲ့ တွက်ပြီး နာရီတစ်ခါ၊ နာရီတစ်ခါ ပေးလို့ရပါတယ်။ ပေးပြီး ချွေးတွေထွက်လာရင် မသုတ်ပါနဲ့။ အင်္ကျီမလဲပါနဲ့။ ချွေးက အငွေ့ပြန်သွားမှ ခန္ဓာကိုယ်က အပူချိန်ကိုစုပ်ယူသွားမှာပါ။ ဒီကြားထဲမှာ အဖျားတက်လို့ရှိရင်တော့ သွေးကြောကြီးကြီးတွေ ရှိတဲ့ လည်ပင်း၊ ချိုင်းကြား၊ ပေါင်ခြံတွေမှာ ရေဖတ်ဝတ်တွေ တင်လို့ရပါတယ်။ သာမန်ဘုံပိုင်ရေထဲမှာ အမွေးပွ လက်ကိုင်ပဝါတွေကိုစိမ်ပြီး ညှစ်ပစ်ပါ။ ပြီးတော့ လည်ပင်းနှစ်ဖက်၊  ချိုင်းနှစ်ဖက်၊ ပေါင်ခြံနှစ်ဖက်မှာ တင်ပါ။ ခန္ဓာကိုယ်က အပူကိုစုပ်သွားရင် အဲဒီအမွေးပွ လက်ကိုင်ပဝါတွေက ခြောက်သွားပါတယ်။ အဲဒီကျရင် ပြန်စိမ်ပြီး ပြန်လုပ်ပါ။ ဒီနည်းနဲ့  အပူချိန်ကျအောင် လုပ်လို့ရပါတယ်။

ရေချိုးတာရော မလုပ်ရဘူးလား ဆရာ။

ရေချိုးပြီး ချက်ချင်းသုတ်ပစ်တော့ ခဏပဲ အပူချိန်ကျပြီး ချက်ချင်း အပူချိန်ပြန်တက်ပါတယ်။ ရေခဲရေနဲ့ ချိုးတာတော့  လုံးဝကိုမလုပ်ရပါဘူး။  ခန္ဓာကိုယ်အရေပြားမှာရှိတဲ့ သွေးကြောလေးတွေ ကျုံ့သွားလို့ ခန္ဓာကိုယ်ကအပူ  ပျံ့လွင့်ဆုံးရှုံးမှု နည်းသွားတော့ ခဏသာအေးပြီး ကိုယ်အပူချိန်ကို ပိုတက်စေပါတယ်။

တချို့ကလည်း အခြားပိုထိရောက်တဲ့ အကိုက်အခဲ ပျောက်ဆေး၊ အဖျားကျဆေးတွေ  သုံးကြပါတယ်။

အဲဒါရောသုံးသင့်ပါသလား။

အဖျားကျဆေးသုံးတဲ့နေရာမှာ  ပါရာစီတမောအပြင် Ibuprofen  ဆိုတဲ့ဆေးလည်း  ရှိပါတယ်။

သူကတော့ ပါရာစီတမောထက်ပိုပြီး အကိုက်အခဲ ပိုသက်သာစေပါတယ်။ ဒါပေမဲ့ သူက ပါရာစီတမောလိုတော့ အန္တရာယ်မကင်းဘူး။ သွေးလွန်တုပ်ကွေး ဖြစ်နေရင် အစာအိမ်က သွေးယိုတာဖြစ်နိုင်တယ်။

ဒါကြောင့် ဒီဆေးကို သုံးမယ်ဆိုရင်တော့ သွေးလွန်တုပ်ကွေး မဟုတ်ကြောင်း သိပ်ကိုသေချာမှ သုံးသင့်တယ်။ ပါရာစီတမောပဲ ပေးရင်လည်း တစ်ရက်၊ နှစ်ရက်ကြာရင် အဖျားရော၊ ကိုက်ခဲတာရော သက်သာသွားပါတယ်။ ဒါကြောင့် ကျွန်တော်တော့ သိပ်မသုံးပါဘူး။

ဒီဆေးပေးမယ်ဆိုရင် အစာစားပြီးမှ ပေးရပါမယ်။

ပါရာစီတမောမှာတော့ အစာရှိဖို့မလိုပါဘူး။

သွေးစစ်တာနဲ့ဆင်တုပ်ကွေးလား၊ ခြင်တုပ်ကွေးလား ခွဲလို့မရဘူးလား။

ပထမတစ်ရက်၊ နှစ်ရက်မှာ  ခွဲရခက်နိုင်ပါတယ်။

သွေးလွန်တုပ်ကွေးမှာ  NS1Ag  ဆိုတာ ပေါ်ရင်တော့ သေချာပါတယ်။ ဒါက သွေးလွန်တုပ်ကွေးဖြစ်တဲ့ လူတိုင်းမှာမပေါ်ဘဲ သုံးပုံနှစ်ပုံပဲပေါ်တော့ ပေါ်ရင်သွေးလွန်တုပ်ကွေးလို့ ပြောလို့ရပေမယ့် မပေါ်ရင် ပြောလို့မရပါဘူး။ ဆင်တုပ်ကွေးရဲ့ ပဋိပစ္စည်းကို စစ်တာကလည်း ဒုတိယပတ်မှာမှ စပြီးပေါ်မှာဆိုတော့အစပိုင်းမှာ အသုံးမဝင်ပါဘူး။ အဓိကကတော့ ရောဂါ လက္ခဏာတွေနဲ့ ခွဲရတာပါ။

ခြင်တုပ်ကွေး(သွေးလွန်တုပ်ကွေး)ကရော ဒီနှစ်အဖြစ် များသလား။

ဒီနှစ်ကတော့ အဖြစ်များတဲ့ နှစ်လို့မဆိုနိုင်ပါဘူး။

သို့သော် ကျွန်တော်တို့ဆေးရုံ၊ ဆေးခန်းတွေမှာတော့ အမြဲလိုလို တွေ့နေရပါတယ်။  သွေးလန့်တဲ့ကလေးတွေလည်း  တွေ့ရတာပါပဲ။ ဒီရန်သူဟောင်းကတော့ အမြဲသတိထားနေရမှာပါ။ အဖျားကြီးတဲ့လူနာ၊ မှိန်းတဲ့လူနာ၊ အစားအသောက် အရည်မဝင်တဲ့ လူတိုင်းမှာ သွေးလွန်တုပ်ကွေးဖြစ်နိုင်တာကြောင့် သတိထား ကြည့်နေရမှာပါ။ သူက အသက်အန္တရာယ် ပေးနိုင်တဲ့ ရောဂါပါ။

ခြင်တုပ်ကွေး(သွေးလွန်တုပ်ကွေး)တင်  တော်တော် ကြောက်နေရတာဗျာ။ အခုဆင်တုပ်ကွေးက လာပြန်ပြီ။ ဒီခေတ်မှ ရောဂါတွေကလည်း အသစ်တွေ ပေါ်နေပါလားဗျ။

တကယ်တော့ ရောဂါအသစ်မဟုတ်ဘူးဗျ။ ဒီရောဂါက ကမ္ဘာတစ်ဝန်းမှာ ကြိုကြားကြိုကြားဖြစ်နေပြီး ဆင်တုပ်ကွေးဆိုတဲ့ အမည်ပေါ်ခဲ့တာက ၁၉၅ဝ ပြည့်နှစ်ဝန်းကျင်လောက် ကတည်းကပါ။ ၁၇ ရာစုအတွင်းမှာ မြှုပ်နှံခဲ့တဲ့ မံမီရုပ်အလောင်းတွေရဲ့ ဒီအင်အေမှာလည်း ဒီပိုးတွေတွေ့ရတယ်ဆိုတော့ ဖြစ်နေတာကြာပါပြီ။

ဆင်တုပ်ကွေးရဲ့ကောင်းတာလေးတွေပြောပါဦး။

ကောင်းတာကတော့ ဆင်တုပ်ကွေးက သွေးလွန်တုပ်ကွေးလို ပိုးလေးမျိုး မရှိဘူးဗျ။တစ်မျိုးတည်းပဲ။

တစ်ခါဖြစ်ပြီးရင်လည်း တစ်သက်တာ ကိုယ်ခံအား ရသွားတယ်။ နောက်ထပ် ထပ်မဖြစ်နိုင်တော့ဘူး။

သွေးလွန်တုပ်ကွေးကတော့ လူတစ်ယောက်မှာ လေးခါတိတိဖြစ်နိုင်တယ်။ ရာသီတုပ်ကွေးကတော့ နှစ်စဉ်ဗီဇပြောင်းနေလို့ နှစ်တိုင်းဖြစ်နိုင်တယ်။

ရာသီတုပ်ကွေးဘက် လှည့်ကြဦးစို့ဆရာ။  ဒီနှစ်မှာ တော်တော်ဖြစ်ပြီး အသေအပျောက်လည်း များတယ်ဆိုပဲ။

ရာသီတုပ်ကွေးကတော့ နှစ်တိုင်းဖြစ်နေကျပါဗျာ။ တုပ်ကွေးဗိုင်းရပ်က နှစ်စဉ်လူကြီးတွေရဲ့  -၁ဝ ရာခိုင်နှုန်းနဲ့ကလေးတွေရဲ့  ၂ဝ-၃ဝ ရာခိုင်နှုန်းကို ဝင်ရောက်နေကျပါ။ ဗီဇပြောင်းလဲမှု အကြီးအကျယ် ဖြစ်တဲ့နှစ်တွေမှာတော့ ပိုအန္တရာယ်ကြီးပါတယ်။

၂ဝဝ၉ ခုနှစ်က ဖြစ်ခဲ့ပါတယ်။

 အပေါ်က သွေးလွန်တုပ်ကွေးနဲ့ရောဘာကွာသလဲ။

 ရာသီတုပ်ကွေးမှာလည်း အဖျားကြီးတာ၊ ကိုယ်လက်ကိုက်ခဲတာတွေကတော့ အတူတူပါပဲ။ ဒါပေမဲ့ နှာစေးတာ၊ နှာရည်ယိုတာ၊ ချောင်းဆိုးတာတွေကတော့ ရာသီတုပ်ကွေးက အများကြီးပိုတယ်။ ဆင်တုပ်ကွေးနဲ့ ခြင်တုပ်ကွေးမှာတွေ့ရတာ နည်းတယ်။ဒါနဲ့ အဓိကခွဲခြားရတာပါပဲ။

 သူကရော အန္တရာယ်ရှိသလား။ သတင်းစာထဲမှာရော ရာသီတုပ်ကွေး H1N1 အကြောင်း နေ့တိုင်းဖတ်နေရတာပဲ။

 ရာသီတုပ်ကွေးရဲ့    အဓိက အန္တရာယ်ကတော့ နောက်ဆက်တွဲ ဗက်တီးရီးယားပိုးတွေ ဝင်ပြီး အဆုတ်အအေးမိဖြစ်တာပါပဲ။ အဲဒီလိုဖြစ်ရင် အသက်အန္တရာယ် ရှိနိုင်ပါတယ်။  သာမန်ဗီဇပြောင်းလဲမှု လောက်ပဲ ဖြစ်တဲ့နှစ်တွေမှာတော့ လူတိုင်းမှာ အသက်အန္တရာယ်မရှိပါဘူး။  ပဋိဇီဝဆေးတွေနဲ့ ထိထိရောက်ရောက် ကုသနိုင်ပါတယ်။ အန္တရာယ်ရှိတဲ့ အုပ်စုတွေကတော့ ငယ်လွန်းတဲ့ကလေး၊   ကြီးလွန်းတဲ့လူကြီး(၆၅ နှစ်အထက်)၊ရောဂါအခံရှိတဲ့သူ   (ဥပမာ-ကလေးဆိုရင်မွေးရာပါ နှလုံးရောဂါ၊ အာဟာရချို့တဲ့တာ၊ပန်းနာရင်ကျပ်ရှိတာ၊  လူကြီးဆိုရင် ဆီးချို၊ သွေးချို၊ နှလုံးရောဂါရှိတာ)နဲ့ ကိုယ်ဝန်ဆောင်မိခင်တွေဖြစ်ပါတယ်။ သူတို့မှာ နောက်ဆက်တွဲ အဆုတ်အအေးမိဝင်ရင် ထိရောက်တဲ့   ပဋိဇီဝဆေးတွေနဲ့   မှန်မှန်ကန်ကန် ကုသရမှာပါ။

အောက်ဆီဂျင်တို့၊   အသက်ရှူအားကူခြင်းတို့ စတာတွေလည်း    လိုအပ်သလို လုပ်ရပါတယ်။

ကြီးမားတဲ့ ဗီဇပြောင်းလဲမှု (Antigenic Shift) ) ဖြစ်တဲ့နှစ်တွေမှာတော့ နဂိုက  ကျန်းမာတဲ့လူငယ်လူရွယ်တွေတောင်  အသက်အန္တရာယ် ရှိနိုင်ပါတယ်။ ဒါက (၂ဝဝ၉)ခုနှစ်မှာ ဖြစ်ခဲ့ပါတယ်။  ဒီနှစ်မှာတော့  အဲဒီလိုဖြစ်တာ မရှိပါဘူး။

သူ့ကျတော့ ဘယ်လိုကာကွယ်ရမလဲ။

သူကတော့ ခြင်ကကူးတာမဟုတ်ဘူးဗျ။

ရောဂါဖြစ်တဲ့လူက နှာချေ၊ ချောင်းဆိုးတာနဲ့ ဗိုင်းရပ်ပိုးကလေထဲကို ပျံ့လွင့်သွားပြီး နောက်တစ်ယောက်ကို ကူးတာပါ။ ဒါကြောင့် လက်ဆေးတာ၊ နှာခေါင်းစည်းသုံးတာ၊ လူစုလူဝေးများတဲ့ နေရာတွေ၊ ရှောင်ကြဉ်တာတွေက အသုံးဝင်ပါတယ်။   ရာသီတုပ်ကွေး ကာကွယ်ဆေးကို တစ်နှစ်တစ်ခါ ထိုးထားခြင်းဖြင့်  ကာကွယ်နိုင်ပါတယ်။   အထူးသဖြင့်  အန္တရာယ်ရှိတဲ့ အုပ်စုတွေနဲ့ရောဂါပိုးနဲ့ ထိတွေ့နိုင်တဲ့ ကျန်းမာရေး ဝန်ထမ်းတွေက  နှစ်တိုင်းထိုးထားသင့်ပါတယ်။

ကြောက်ပါပြီဆရာရယ်။ ဆရာရဲ့ဆင်တွေ၊ ခြင်တွေ၊ ရာသီတွေကို။

သိပ်လည်း မကြောက်ပါနဲ့ဗျာ။ ဒါတွေက ကုသကာကွယ်လို့ရတဲ့ရောဂါတွေပါ။ အသစ်အဆန်းအခုမှ ဖြစ်တာတွေလည်း မဟုတ်ပါဘူး။

အရင်ကတည်းကရှိနေတာပါ။   ယေဘုယျအားဖြင့် ကောင်းမွန်တဲ့ ကျန်းမာရေး အလေ့အကျင့်တွေကို လုပ်ကြရမယ်။  အာဟာရပြည့်ဝအောင် စားတာ၊ အနားယူတာ၊ ကောင်းကောင်း အိပ်စက်တာတို့ပေါ့ဗျာ။ ဖြစ်လာရင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်၊ ဆရာမတွေကို ပြသင့်တယ်။ ဟိုလူပြော၊ ဒီလူပြောဆေးမြီးတိုတွေ၊ စပ်ဆေးတွေနဲ့ မကုသသင့်ဘူး။ ကုန်ကျစရိတ် မတတ်နိုင်လည်း အစိုးရဆေးရုံ၊ ဆေးခန်းတွေ၊ စေတနာဆေးခန်းတွေမှာ ပြသလို့ရပါတယ်။

ဆင်တုပ်ကွေးနဲ့ ခြင်တုပ်ကွေးတွေမှာတော့ ပိုးလောက်လမ်းနဲ့ ခြင်နှိမ်နင်းရေး ''ဖုံး၊ သွန်၊ခပ်၊ စစ်၊ လောင်း၊ ထောင်၊ လဲ၊ ဖွင့်၊ မြှုပ်၊ ရှင်း၊မှုတ်''တွေကို ဥစ္စာရင်လို ဥစ္စာရင်ခဲ ကိုယ်တိုင်ကိုယ်ကျလုပ်ကြရမယ်။ရာသီတုပ်ကွေး အတွက်ကတော့ လက်ဆေးရမယ်၊ နှာခေါင်းစည်းသုံးရမယ်၊ လူစုလူဝေးတတ်နိုင်သလောက် ရှောင်ရမယ်။ တစ်နှစ်တစ်ခါ  ကာကွယ်ဆေးထိုးထားသင့်တယ်။  ဒါတွေကို   လိုက်နာကျင့်သုံးခြင်းဖြင့် ဆင်တုပ်ကွေး၊  ခြင်တုပ်ကွေး၊   ရာသီတုပ်ကွေးတွေရဲ့  အန္တရာယ်ကို  နည်းနိုင်သမျှနည်းအောင်   လုပ်နိုင်ပါတယ်ဗျာ။  

 

 ဒေါက်တာစောဝင်း (ကလေးကျန်းမာရေး)

 

Read 10 times
Rate this item
(0 votes)
Last modified on Tuesday, 23 June 2020 10:45

Latest from ေကတု