SJ WorldNews - шаблон joomla Авто

ကိုဗစ်ကို ကိုယ်ခံအားဖြင့် ကာကွယ်

Thursday, 25 June 2020 09:14 Written by  font size decrease font size decrease font size increase font size increase font size

The health of one is the health of all

အထက်ပါ ဆောင်ပုဒ်လေးကို ဘာသာပြန်လိုက်မည်ဆိုလျှင်   လူတစ်ဦး၏ ကျန်းမာရေးသည်လူအားလုံး၏ ကျန်းမာရေးဖြစ်သည်ဟူ၍ အဓိပ္ပာယ်ရပါသည်။ ယင်းဆောင်ပုဒ်လေးသည် ယခုကာလနှင့် လွန်စွာမှ ကိုက်ညီလှသည်။

မြန်မာနိုင်ငံတွင် COVID-19  ရောဂါဖြစ်ပွားသူ နှစ်ဦး စတင်တွေ့ရှိကြောင်း မတ် ၂၃ ရက်ည ၁၁  နာရီ ၄၅ မိနစ်တွင် အစိုးရက တရားဝင် ကြေညာခဲ့ပြီးနောက်ပိုင်းတွင် ပြည်သူများ၏ စိုးရိမ်မှုများက မြင့်လာခဲ့သည်။  အထူးအားဖြင့် ယခုကာလသည် အိမ်တွင်းမှာနေပြီး ကိုယ်ခံအားကောင်းစေရန်  ပြုမူနေထိုင်ရမည့် ကာလဖြစ်သည်။ 

အများသိသည့်အတိုင်း  COVID-19 ရောဂါ ကိုရိုနာဗိုင်းရပ်ကို ကာကွယ်နိုင်ရန် အတွက်ကြိုတင်ကာ   ပြုမူကျင့်သုံးသင့်သော အချက်များကို ထုတ်ပြန်ကြေညာ ထားသည်များလည်း ရှိသည်။ ယင်းတို့မှာ လက်ကိုမကြာခဏ ဆေးကြောခြင်း၊  နှာခေါင်းစည်းများ တပ်ဆင်ခြင်း၊ ကိုယ်ခံအားကောင်းစေရန်အတွက် အစာပုံမှန်စားခြင်း၊ အိပ်ရေးဝဝ အိပ်စက်ခြင်း(နေ့စဉ် ၈ နာရီမှ ၉ နာရီအတွင်း အိပ်စက်ခြင်း)၊အင်တီအောက်ဆီးဒင့်ကြွယ်ဝသော  အစားအစာများ၊ ကိုယ်ခံအား တက်စေသော   မျိုးနွယ်စုများ  ပါဝင်သည့်ဖြည့်စွက်စာများ၊   ဗီတာမင်နှင့် သတ္တုဓာတ်ကြွယ်ဝသော အစားအစာ များကို မှီဝဲခြင်း၊   ကူးစက်နှုန်းမြင့်မားသော နိုင်ငံများသို့ သွားရောက်ခြင်း၊   လူထူထပ်သော နေရာနှင့် ပွဲလမ်းသဘင်များ သွားရောက်ခြင်းတို့ကို အထူးရှောင်ရှားခြင်း၊ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း များ  ပုံမှန်ပြုလုပ်ခြင်း၊  စိတ်ဖိစီးမှုများကို လျှော့ချထားခြင်းတို့ ဖြစ်သည်။

အထက်တွင် ဖော်ပြထားသည့်အတိုင်း လူတစ်ဦး၏ ကျန်းမာရေးသည်  အားလုံး၏ ကျန်းမာရေး ဖြစ်နေသောကြောင့် ကိုယ်ခံအား ပျက်စီးစေသော အပြုအမူ၊အစားအသောက်၊ အနေအထိုင်များကို ဆင်ခြင်သတိပြုရမည်ဖြစ်သည်။   ကိုယ်ခံအား စနစ်ဆိုသည်မှာ  လူတစ်ဦးတွင် ရောဂါပိုးမွှားများ ဝင်ရောက်လာလျှင် ခုခံတိုက်ဖျက်ပေးခြင်း ဖြစ်သည်။  ခုခံအားစနစ် ကောင်းမွန်စွာ အလုပ်လုပ်နေမှ ပြင်ပမှ ဝင်ရောက်လာတတ်သော ဗက်တီးရီးယားများ၊   ဗိုင်းရပ်ပိုးများ၊  ကပ်ပါးကောင်များ၏ ခန္ဓာကိုယ်အတွင်းရှိ တစ်သျှူးများကို တိုက်ခိုက်ဖျက်ဆီးကာ ရောဂါဖြစ်နိုင်သည့် အန္တရာယ်များမှ ကာကွယ်ပေးနိုင်မည်ဖြစ်သည်။

ကိုယ်ခံအားကောင်းနေပါက ရောဂါပိုးများ မကူးစက်နိုင်အောင် ကာကွယ်ပေးနိုင်ပြီး ရောဂါပိုးများ ဝင်ရောက်လာပါကလည်း တိုက်ထုတ် ဖျက်ဆီးနိုင်စွမ်းရှိသည်။  ကိုယ်ခံအားနည်းနေပြီဆိုလျှင် ရောဂါပိုးများ အလွယ်တကူ ဝင်ရောက်နိုင်သည်။

အများစုသည် ကိုယ်ခံအားကောင်းစေသော အစားအစာများကို  သတိထားမိကြသော်လည်း ကိုယ်ခံအားပျက်စေသော အစားအစာများကိုမူ  မေ့လျော့နေကြသည်။ ဦးစွာကိုယ်ခံအား ပျက်စီးစေသော အစားအစာများကို တင်ပြပေးလိုသည်။

ယင်းတို့မှာ ကော်ဖီ၊ လက်ဖက်ရည်နှင့် အမျိုးသားအများစု သုံးစွဲနေကြသော   အရက်တို့ဖြစ်သည်။ လက်ဖက်ရည်၊ ကော်ဖီတို့ကို ပုံမှန်ထက် သောက်သုံးမိမည်ဆိုလျှင် နောက်ဆက်တွဲအနေဖြင့် အိပ်မပျော်ခြင်းဖြစ်ကာ အိပ်ရေးမဝခြင်း ဖြစ်ပေါ်လာနိုင်သည်။အိပ်ရေးမဝခြင်းသည် ရောဂါပိုးများ ပိုမိုကူးစက် ဝင်ရောက်နိုင်သည်။  အကြောင်းမှာ အိပ်ရေးမဝလျှင်  ကိုယ်တွင်းမှ ရောဂါပိုးများကို တိုက်ထုတ်ပေးနိုင်သော ဆဲလ်များနှင့် ပဋိပစ္စည်း ပရိုတင်းများ   ထုတ်လုပ်မှု ကျဆင်းစေခြင်းကြောင့်ဖြစ်သည်။

အရက်ဆိုသည်မှာ လူသားတို့၏ ကျန်းမာရေးကို အဘယ်မျှဒုက္ခပေးကြောင်း  ရေးနေရန်လိုအပ်မည်မထင်ပါ။ထို့အတူ အချို့ဆေးဝါးများသည်လည်း သောက်ပါများလာလျှင် ကိုယ်ခံအား ကျဆင်းမှုဖြစ်စေသည်။  သို့ဖြစ်ပါသောကြောင့် ကျွန်မတို့သည် ဆေးတစ်မျိုးမျိုးကို ကြာရှည်သုံးစွဲမည်ဆိုလျှင် သင့်၊ မသင့်နီးစပ်ရာ ဆေးပညာရှင်များထံ မေးမြန်းထားသင့်သည်။

ရေအနည်းငယ်သာ သောက်ခြင်းသည်လည်း ကိုယ်ခံအားကို ကျဆင်းစေသည်။ ခန္ဓာကိုယ်ခုခံမှုစနစ် ကောင်းမွန်ရန်  ရေဓာတ် လုံလောက်ပြည့်ဝ နေမှုသည်လည်း အရေးကြီးလှသည်။ ရေများများ သောက်ပေးခြင်းသည် ကိုယ်တွင်းက အဆိပ်အတောက်များကို  ဖယ်ရှားပေးနိုင်သကဲ့သို့ ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေသည်။

အချိုဓာတ် လွန်လွန်ကဲကဲ စားခြင်းသည်လည်း ကိုယ်ခံအားကို ကျဆင်းစေသည်။  အကြောင်းမှာ အချိုဓာတ်လွန်ကဲသော  အစားအစာများသည်  ကိုယ်ခံအားစနစ်ကို အားနည်းစေ ခြင်းကြောင့်ဖြစ်သည်။ သို့ဖြစ်ပါသောကြောင့်   ကိုယ်ခံအားကျဆင်းစေသည့်  ပြုပြင်စီမံထားသော အချိုဓာတ်ပါသည့် အစာတို့ကို ရှောင်ကြဉ်သင့်သည်။

တစ်ဆက်တည်း ကိုယ်ခံအား ကျဆင်းစေသော အပြုအမူများကို တင်ပြပေးလိုသည်။ ယင်းတို့တွင် ဆေးလိပ်သောက်ခြင်းသည်  ထိပ်ဆုံးက ပါဝင်သည်။  အကြောင်းမှာ ယခုဖြစ်ပွားနေသော ရောဂါသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုး ဖြစ်နေသောကြောင့်ဖြစ်သည်။  ဆေးလိပ်သောက်ခြင်းသည်  အဆုတ်နှင့် ပတ်သက်သောရောဂါများ ဝင်ရောက်စေရန် အလွယ်ကူဆုံး နည်းလည်းဖြစ်သည့်အတွက်   အထူးရှောင်ကြဉ်စေလိုသည်။

အိပ်ချိန် နည်းပါးခြင်းသည်လည်း ကိုယ်ခံအား ကျဆင်းစေသည်။သို့ဖြစ်ပါသောကြောင့် အိပ်ချိန်မမှန်ခြင်း၊      အိပ်ရေးမဝခြင်းသည်လည်း   ခုခံအားစနစ်ကို   ယုတ်လျော့စေခြင်းကြောင့် အိပ်စက်ချိန်  လုံလုံလောက်လောက် ရှိစေရန် အိပ်ရေးဝဝ အိပ်စက်ပေးသင့်သည်။

ယခုကာလသည်  လူတိုင်းလူတိုင်းတွင် စိုးရိမ်စိတ်များ၊   ကြေကွဲစိတ်များ အနည်းနှင့်အများရှိနေကြသည်။  စိုးရိမ်စိတ်၊  ကြေကွဲစိတ်များ လွန်ကဲခြင်းသည်လည်း ကိုယ်ခံအား ကျဆင်းစေသည်။ ပူပန်သောကများသော အတွေး၊ကြေကွဲစိတ်များ မိနစ် ၃ဝ လောက်ဝင်ရောက်မိလျှင်ပင် ကိုယ်ခံအားနည်းခြင်း ဖြစ်နိုင်သည်ဟူ၍လည်း မှတ်သားဖူးပါသည်။ သို့ဖြစ်ပါသောကြောင့်   စိတ်တည်ငြိမ်စေရန် တရားထိုင်ခြင်း၊ ပုတီးစိပ်ခြင်းများ ပြုလုပ်ပေးသင့်သည်။

ယခုကာလတွင် ကိုယ်လက် လှုပ်ရှားမှုလည်း ပြုလုပ်ပေးရမည်ဖြစ်သည်။သို့သော် အများစုသည် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ရန် မေ့လျော့နေကြသည်။  တစ်ဆက်တည်း   ကိုဗစ်ကိုကြိုတင် ကာကွယ် ရမည်ဖြစ်သကဲ့သို့ ရာသီဥတု အပူချိန်ကိုလည်း သတိပြုနေထိုင်သင့်သော အချိန်ဖြစ်သည်။

ဥပမာ-ရေချိုးပြီး ပန်ကာလေခံ၍ အိပ်စက်ခြင်း၊ ရေခဲရေသောက်ခြင်းများ ရှောင်ကြဉ်ရမည့်အချိန်ဖြစ်သည်။

လူစုလူဝေးများရှိသော နေရာသို့ သွားလာခြင်းကို အထူးရှောင်ကြဉ်ရမည်။  လက်မဆေးဘဲ  မျက်နှာ၊ နှာခေါင်း၊ ပါးစပ်တို့ကို ကိုင်တွယ်ခြင်း၊  တစ်ဦးနှင့်တစ်ဦးကြား  လက်ဆွဲနှုတ်ဆက်ခြင်းမျိုးကို ရှောင်ကြဉ်ရမည်။  ဤသို့ဖြင့်   ယခုကာလတွင် လူတစ်ဦး၏ ကျန်းမာရေးသည်  လူအားလုံး၏ ကျန်းမာရေးဖြစ်သောကြောင့် ကိုယ်ခံအားကျဆင်းစေသော အပြုအမူ၊  အစားအသောက်များကို    ရှောင်ကြဉ်ကြပြီး အစာစားချိန်၊ အိပ်ချိန်တို့ မှန်စေချင်ကြောင်း တင်ပြလိုက်ရပါသည်။

 

မုဒိတာ(တောင်သာ)

 

Read 14 times
Rate this item
(0 votes)
Last modified on Thursday, 25 June 2020 09:16

Latest from ေကတု