SJ WorldNews - шаблон joomla Авто

ခဏခဏရောင်တဲ့ အာသီး

Tuesday, 30 June 2020 09:36 Written by  font size decrease font size decrease font size increase font size increase font size

-ဆရာ ဒီနေ့ဆွေးနွေးမှာတော့ စိတ်ဝင်စားတယ်ဗျာ။ကျွန်တော့်ကလေး ခဏခဏဖြစ်နေလို့။

ဟုတ်ပါတယ်။ ပြီးခဲ့တဲ့မိုးတွင်းကာလ ကျောင်းဖွင့်တဲ့ရာသီမှာ ခဏခဏ အာသီးရောင်တဲ့ ကလေးတွေတွေ့နေလို့ ကျွန်တော်လည်း ဒီအကြောင်းကို ရွေးလိုက်တာပါ။

ဟုတ်တယ်ဆရာ။ ပြီးခဲ့တဲ့ နှစ်လလောက်အတွင်းမှာ ကျွန်တော့်ကလေး သုံးခါလောက် ဖျားတယ်။ဒါနဲ့ တီဘီရောဂါအတွက်တောင် စစ်လိုက်သေးတယ်။အဲဒါကတော့ သိပ်ထူးဆန်းတဲ့ အရာမဟုတ်ဘူးဗျ။ကလေးတွေက မိုးရွာမိုးစိုတော့ အအေးမိပြီး နှာစေးချောင်းဆိုးတွေ စဖြစ်ကြတယ်။ ဒါကြောင့် မကြာခဏဖျားတာပေါ့။ ဒါကိုပဲ တချို့ကတော့ စိုးရိမ်ကြပါတယ်။အမှန်ကတော့ သေသေချာချာ မေးကြည့်ရင် ဆက်တိုက်ဖျားတာ မဟုတ်ဘဲ မကြာခဏ   အသက်ရှူလမ်းကြောင်း အပေါ်ပိုင်း ပိုးဝင်ခြင်း လက္ခဏာတွေဖြစ်နေတာပါ။

-ဒီအထဲမှာ အာသီးရောင်တာလည်းပါသလား။

ပါတာပေါ့ဗျာ။ အာသီးက လူရဲ့အစာလမ်းကြောင်းနဲ့ အသက်ရှူလမ်းကြောင်းအဝင်ဝမှာ ရှိတာကိုး။ နောက်ပြီးတော့ အာသီးရောင်တာက အသက်ငါးနှစ်နဲ့ ၁၅ နှစ်ကြားမှာ အများဆုံး ဖြစ်တာကိုဗျာ။

-အာသီးဆိုတာ ဘာလဲဆရာ။ ဘယ်နေရာမှာရှိတာလဲ။

အာသီးဆိုတာ ပါးစပ်နောက်ပိုင်း လည်ချောင်းအဝမှာရှိတဲ့ လင့်အကျိတ် နှစ်ခုပေါ့ဗျာ။ ပါးစပ်ကို ကျယ်ကျယ်ဟလိုက်ရင် လျှာရဲ့နောက် အာခေါင်ရဲ့တစ်ဖက်တစ်ချက်မှာ အလယ်ကို ထိုးထွက်နေတဲ့ မျက်နှာပြင်မညီမညာရှိတဲ့ အာသီးနှစ်ခုလုံးကို အလွယ်တကူ တွေ့ရမှာပါ။ အာသီးရဲ့ရှေ့အကာက အာခေါင်မိုးနဲ့ဆက်ပြီး အလယ်မှာ တွဲလောင်းလေးရှိတဲ့ လျှာခင်ကိုတွေ့ရမယ်။ အာသီးနှစ်လုံးက ဟိုဘက် ဒီဘက် ကန့်လန့်ကာကြားကအလယ်ကို ထိုးထွက်နေသလိုမြင်ရပါတယ်။

-ကလေးတစ်ယောက်နဲ့တစ်ယောက် အရွယ်အစားမတူကြဘူးနော်။

ဟုတ်တယ်ဗျ။ အာသီးရဲ့ကြီးထွားမှုက တစ်ယောက်နဲ့တစ်ယောက် အတော်ကွာခြားတယ်။ တချို့ကလေးတွေမှာ ကန့်လန့်ကာထဲက ထိုးထွက်နေရုံ နည်းနည်းလေးပဲ မြင်ရတယ်။ တချို့မှာတော့ အလယ်လောက်မှာ တစ်ခုနဲ့တစ်ခု ထိကပ်နေအောင် ကြီးတတ်တယ်။ အလယ်မှာလာထိနေတဲ့ အာသီးတွေဆိုရင်တော့ Kissing Tonsils (နမ်းနေတဲ့အာသီး)လို့ တင်စားပြောကြတာပေါ့။

-အာသီးက ကလေးဘယ်အရွယ်မှာအကြီးဆုံးလဲဗျ။

အာသီးက ပြန်ရည်ပြွန် အကျိတ်တစ်ခုဖြစ်တယ်။ တစ်နည်းအားဖြင့် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားကိုပေးတဲ့ တစ်သျှူးအမျိုးအစားပေါ့ဗျာ။ ဒီတစ်သျှူးတွေရဲ့ ဖွံ့ဖြိုးမှုက တခြားခန္ဓာကိုယ် ဖွံ့ဖြိုးမှုတွေ ဥပမာ- ကိုယ်ကာယ ဖွံ့ဖြိုးမှု၊ မျိုးပွားအင်္ဂါ ဖွံ့ဖြိုးမှုတွေနဲ့ ကွာတယ်။ အသက်နှစ်နှစ်လောက်ကနေ ၁၂ နှစ်လောက်အထိ ကြီးထွားပြီး ၁၂ နှစ်နောက်ပိုင်းမှာ ပြန်သေးသွားတယ်။

သြော်...တော်တော်ထူးခြားတာပဲ။ ဒါကြောင့် လူကြီးတွေမှာတော့ အာသီးရောင်တယ်လို့ ပြောသံ သိပ်မကြားရတာကိုး။

ဟုတ်ပါတယ်။ ဒါကြောင့်လည်း အာသီးရောင်တာကို အသက် ငါးနှစ်နဲ့ ၁၅ နှစ်ကြားမှာ အများဆုံးတွေ့ရတာပေါ့။

-အာသီးဘာလို့ခဏခဏရောင်ရတာလဲဗျ။

အခုနရှင်းပြခဲ့သလို အာသီးဆိုတာ လူရဲ့ကိုယ်ခံအားကို ပေးတဲ့ ပြန်ရည်ပြွန်အကျိတ်တွေဖြစ်တယ်ဗျ။နောက်ပြီး သူတို့ရှိနေတဲ့ နေရာကလည်း ကျွန်တော်တို့ရဲ့ အစားအသောက်၊ ရေ၊ လေတွေဝင်တဲ့ ခံတွင်းဝမှာရှိနေတာလေ။ ဒီတော့ သူတို့က မြို့အဝင်တံခါးက မြို့စောင့်တပ်နဲ့တူတယ်။  ရန်သူကဝင်လာရင် ပထမဆုံး ထိတွေ့တိုက်ခိုက်ရတာက မြို့စောင့်တပ် မဟုတ်လား။

တကယ်တော့ ကျွန်တော်တို့မြင်နေရတဲ့ အာသီးက နှစ်ခုတည်းပါ။ ဒါပေမဲ့ နှာခေါင်းရဲ့နောက် လည်ချောင်းမှာ မမြင်ရတဲ့ အာသီးတစ်ခုက ရှိသေးတယ်။ လျှာရဲ့နောက်ပိုင်းမှာလည်း  ပြန်ရည်ပြွန် အကျိတ်တွေရှိတယ်။ တစ်နည်းအားဖြင့် လူထဲကို လေ၊ ရေဝင်တဲ့အစာရေမျိုပြွန်အဝမှာ ဝိုင်းပတ်ပြီး နေရာယူထားတာပေါ့ဗျာ။ ဒါကို ဆေးပညာ အခေါ်အဝေါ်အရတော့ ဝေါ်လဒဲရားစက်ဝန်းလို့ခေါ်တယ်။ သဘာဝက စီစဉ်ထားတာပါ။ အဲဒီတော့ ရောဂါပိုးမွှားတို့၊ အန္တရာယ်ဖြစ်မယ့် မသန့်ရှင်းတာတို့ ဝင်လာတာနဲ့ အာသီးတွေကစတင်တိုက်ခိုက်ပြီး ရောင်လာတာပဲဗျာ။

-ဆရာကလည်း ရန်သူတိုက်ခိုက်တာနဲ့ ဖျားရောလား။

အာသီးတွေက ရောင်လာပြီး သူ့ဆီက  ကိုယ်ခံအားကိုပေးတဲ့ ကလာပ်စည်းတွေက ပဋိပစ္စည်းတွေကို ထုတ်တယ်ဗျာ။ အဲဒါတွေက ရောဂါပိုးကို တိုက်ခိုက်တယ်။ လူရဲ့အပူချိန် တက်လာတာနဲ့ ဝင်လာတဲ့ရောဂါ ပိုးမွှားတွေလည်း သေပါတယ်။ ဒါပေမဲ့လည်း တိုက်ပွဲဖြစ်ရင် ကိုယ့်ဘက်ကလည်း အထိအခိုက် ရှိတာပဲ မဟုတ်လား။ လူ့ခန္ဓာကိုယ်မှာတော့  ဖျားတယ်၊ ကိုယ်၊ လက်၊ ခေါင်းကိုက်တယ် စတဲ့ လက္ခဏာတွေခံစားရတာပေါ့။

-အာသီးရောင်ရင် အဓိကဖြစ်တဲ့လက္ခဏာတွေကဘာလဲဗျာ။

အဓိကလက္ခဏာကတော့ ဖျားတာပဲ။ များသောအားဖြင့် အပူချိန်ကြီးတယ်။ ချမ်းတာတုန်တာလည်း ဖြစ်တယ်။ လည်ချောင်းနာတယ်။ အစာမျိုရခက်တယ်။သိပ်ကြီးရင် အသက်ရှူရခက်တယ်။ အပူချိန်ကြီးတော့ ကိုယ်၊ လက်၊ ခေါင်းတွေလည်း ကိုက်ခဲတာပေါ့။ဗိုက်လည်းနာတတ်တယ်။

 -ဆရာတို့စစ်ဆေးတော့ ဘာတွေ့မလဲ။

အာသီးရောင်တာကတော့ ရောဂါရှာလို့ လွယ်တယ်လို့ ဆိုရမှာပေါ့။ မြင်နေရတာကိုး။ ဒါကြောင့် ဖျားတဲ့ ကလေးတိုင်းမှာ ကျွန်တော်တို့က လည်ချောင်းကို လက်နှိပ်မီးနဲ့ထိုးပြီး အာသီးရောင်၊ မရောင်ကြည့်ရတာပေါ့။ ဒါပေမဲ့ တချို့ကလေးတွေမှာတော့ လျှာကို သစ်သားပြားလေးနဲ့ ဖိပြီးကြည့်မှ မြင်ရပါတယ်။ ဒါကမဖြစ်မနေ စမ်းသပ်ရတာပါ။

-အာသီးရောင် ဘယ်ရောဂါပိုးတွေကြောင့် ဖြစ်တတ်သလဲ။

အာသီးရောင်တာ အဖြစ်များတာကတော့ ဗက်တီးရီးယားပိုး တစ်မျိုးဖြစ်တဲ့ စထရပ်တိုကောကပ်စ်ကြောင့် အဖြစ်များပါတယ်။ ဒါပေမဲ့ တခြားဗက်တီးရီးယား မိုက်ကိုပလာစမာလို့ ခေါ်တဲ့ ဗိုင်းရပ်၊ ဗက်တီးရီးယား ကြားကောင်နဲ့ ဗိုင်းရပ်ပိုးတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

-ဆရာတို့အနေနဲ့ ဘာဓာတ်ခွဲစမ်းသပ်မှုတွေ လုပ်လေ့ရှိသလဲ။

အာသီးရောင်သူတိုင်းမှာတော့ ဓာတ်ခွဲစမ်းသပ်မှုတွေ လုပ်လေ့မရှိပါဘူး။ ပြင်းထန်ရင်တော့ လည်ချောင်းတို့ဖတ်ယူပြီး ဘာပိုးလဲ ဆိုတော့ မွေးကြည့်တာ လုပ်ပါတယ်။ သွေးစစ်ကြည့်ရင်တော့ သွေးဖြူဥတွေ များနေတာတွေ တွေ့ရတတ်ပါတယ်။ ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုကိုပြတဲ့ (ESR,CRP)စတာတွေလည်း တက်နေပါတယ်။သွေးထဲမှာ ပိုးမွေးတာ၊ စထရပ်တိုကောကပ်စ် ပိုးဝင်တာကို တုံ့ပြန်တဲ့ ပဋိပစ္စည်း(ASO) များနေတာလည်း တွေ့နိုင်ပါတယ်။

-အာသီးရောင်လို့ နောက်ဆက်တွဲဘာတွေဖြစ်နိုင်သလဲ။

အာသီးရောင်တာကနေ အဖျားကြီးပြီး သွေးဆိပ်တက်နိုင်တယ်။ လည်ချောင်းနဲ့ နားနဲ့လည်း ဆက်နေတော့ အလယ်နားရောင်တာ၊ နားပြည်ယိုတာလည်း ဖြစ်နိုင်တယ်။ အာသီးပတ်ဝန်းကျင်မှာလည်း ပြည်တည်သွားနိုင်တယ်။ ဒီထက် အရေးကြီးတာကတော့ အာသီးရောင်ဖြစ်တဲ့ ရောဂါပိုးကို တုံ့ပြန်ရင်းနဲ့ ကိုယ့်ရဲ့နှလုံး၊ အဆစ်တို့ကို မှားပြီးပြန်တိုက်တဲ့ လေးဖက်နာတို့၊ ကျောက်ကပ်ရောင်တာတို့ ဖြစ်တတ်တာပါပဲ။

-ဘုရား ဘုရားကြောက်စရာကြီးပါလား။

သိပ်လည်းမကြောက်ပါနဲ့ဗျာ။ အဲဒီနောက်ဆက်တွဲ ရောဂါတွေက အခုအခါမှာတွေ့တာ တော်တော်ရှားသွားပြီဗျ။ ရောဂါဖြစ်မှန်းလည်း သိကြတာ များတယ်။ပဋိဇီဝဆေးတွေကိုလည်း ထိထိရောက်ရောက် ပေးကြတော့ နောက်ဆက်တွဲ ရောဂါတွေ သိပ်မတွေ့ရတော့ဘူး။ ဒါက ကောင်းတဲ့အချက်ပဲဗျ။

-ဆရာကတော့ ရောဂါဖြစ်တာတောင် ကောင်းတယ်ပြောနေပြီ။ ဘာလဲ ဆရာဝန်တွေအတွက် ကောင်းတာလား။

ဒီလိုမဟုတ်ပါဘူးဗျာ။ ဒီရောဂါက မြင်သာတွေ့သာတယ်။ အဖြစ်များတဲ့ အဲဒီဗက်တီးရီးယားကလည်း ပဋိဇီဝဆေးတွေ တိုးနေသေးတယ်။ အခြေခံကျတဲ့ ပင်နီဆီလင်သောက်ဆေး လိုကိုတောင် သုံးလို့ရသေးတယ်။ ဒါက ကောင်းတဲ့အချက်ပဲဗျ။

-တော်သေးတာပေါ့ဆရာရယ်။ ကလေးကတော့ ဖျားပြီး တော်တော်ခံရတာ။ ခဏ ခဏဖြစ်ရင် ဘာလုပ်ရမလဲ။

ဒါကတော့ဗျာ  အသက်ရှူလမ်းကြောင်းနဲ့ အစာလမ်းကြောင်းမှာ ရောဂါပိုးမဝင်အောင် လုပ်ဖို့ပါပဲ။

လက်သေသေချာချာဆေးမယ်။ လူများတဲ့နေရာသွားရင် နှာခေါင်းစည်းသုံးမယ်။ ရေကို ရေသန့်ဖြစ်ဖြစ်၊ ကျိုချက်ပြီးမှဖြစ်ဖြစ်သောက်ရမယ်။ အစားအသောက်ကို ပူပူနွေးနွေး ချက်ပြီးပြုတ်ပြီးသား စားရမယ်။ အသုပ်တို့၊ လက်လုပ်ချဉ်တို့၊ လက်ဖျော်ဖျော်တဲ့ အရည်တွေကို ရှောင်သင့်တယ်။ ဆေးလိပ်အခိုးအငွေ့၊ အနံ့အသက်တွေလည်း ရှောင်သင့်တယ်။ ရာသီနဲ့ကိုက်အောင် နွေးနွေးထွေးထွေး နေရမယ်။

ဒီပိုးအတွက် သီးသန့်ကာကွယ်ဆေး ရှိသလားဆရာ။

ဒီရောဂါပိုးအတွက် သီးသန့်ကာကွယ်ဆေး မရှိပါဘူး။ ရာသီတုပ်ကွေး ကာကွယ်ဆေးကိုတော့ နှစ်စဉ် ထိုးထားသင့်တယ်။ ဒါ့အပြင် အမျိုးသား ကာကွယ်ဆေးထိုး အစီအစဉ်မှာပါတဲ့ ငါးမျိုးစပ် ကာကွယ်ဆေး၊ ပြင်းထန်အဆုတ် အအေးမိ ကာကွယ်ဆေး၊ ဝက်သက်ဂျိုက်သိုး ကာကွယ်ဆေးတွေကလည်း ဒီရောဂါကိုကာကွယ်ပေးပါတယ်။

''အိပ်''ရင် ''ပိတ်''တဲ့ရောဂါနဲ့ရော ဆက်စပ်သလား။

ဆက်စပ်ပါတယ်။ အာသီးသိပ်ကြီးရင် အထူးသဖြင့် ရောဂါကြောင့် ရောင်နေတဲ့အခါမှာဆိုရင် အသက်ရှူရတဲ့အခါမှာ ပိုပြီးခက်ခဲပါတယ်။ဒီလောက်ဒုက္ခပေးနေတဲ့ အာသီးကို ဖြတ်လိုက်ရင် မကောင်ဘူးလားဆရာ။

ဒီလိုတော့လည်း မဟုတ်ဘူး။ အာသီးတွေက အရင်ရှင်းပြခဲ့သလို သဘာဝ အကာအကွယ်တွေလည်း ဖြစ်နေတယ်။ တချို့အခြေအနေတွေမှာ ဆိုရင်တော့ ဖြတ်ရပါတယ်။

-ဘယ်လိုအခြေအနေတွေမှာ အာသီးဖြတ်သင့်သလဲ။

ဘေးဘယ်ညာက မြင်နေရတဲ့ အာသီးနှစ်လုံးကို ဖြတ်တာကိုခေါ်တယ်။ နှာခေါင်းနောက် လည်မျိုက အာသီးကိုဖြတ်တာကိုခေါ်တယ်။ အကုန်ဖြတ်ရင်တော့ပေါ့ဗျာ။ ယေဘုယျအားဖြင့်တော့ အာသီးရောင်ပြီး ပဋိဇီဝ ဆေးပေးရတာ တစ်နှစ်တည်းမှာ ခုနစ်ကြိမ်ထက်များရင် သို့မဟုတ် ပြီးခဲ့တဲ့ နှစ်နှစ်ဆက်တိုက် တစ်နှစ် ငါးကြိမ်ထက်များရင် သို့မဟုတ် သုံးနှစ်ဆက်တိုက် တစ်နှစ်ကို သုံး၊ လေးကြိမ်ထက်များရင် ဖြတ်ဖို့စဉ်းစားပါတယ်။

သေချာပေါက်ဖြတ်ရမယ့် တခြားအခြေအနေတွေကတော့ ''အိပ်ရင်ပိတ်တဲ့ရောဂါ'' ဆိုးဆိုးရွားရွား ဖြစ်နေရင်၊ အာသီးပတ်လည်မှာ ပြည်တည်ရင် သို့မဟုတ် အာသီးတစ်ဖက်တည်း ကာလတိုအတွင်း ကြီးလာလို့ ကင်ဆာလို့ သံသယဖြစ်ရင် မဖြစ်မနေဖြတ်ရပါမယ်။

-အာသီးဖြတ်တာက ကြီးမားတဲ့ခွဲစိတ်မှုလားဗျာ။

အလယ်အလတ် ခွဲစိတ်မှုလို့ သတ်မှတ်ရမှာပါ။မေ့ဆေးတော့ ပေးရပါတယ်။ ဆေးရုံမှာတော့ သုံး၊လေးရက် နေရပါလိမ့်မယ်။ခဏခဏ အာသီးရောင်တဲ့ ကလေးတွေရဲ့ မိဘတွေကို ဘာများ မှာချင်ပါသလဲဆရာ။

အာသီးရောင်တာက အဖြစ်များတယ်။ မူကြိုစထားတဲ့ အရွယ်ကနေ ၁၅ နှစ်လောက်အတွင်းမှာ အဖြစ်များပါတယ်။ ဖျားတဲ့ ကလေးတိုင်းမှာ ကျွန်တော်တို့ ဆရာဝန်တွေအနေနဲ့ အာသီးရောင်သလား ဆိုတာ စဉ်းစားရပါမယ်။ ဗက်တီးရီးယား ပိုးကြောင့်ဖြစ်ရင် ပဋိဇီဝဆေးတွေကို ထိထိရောက်ရောက် ဆေးချိန်ပြည့်၊ ဆေးပတ်လည်အောင် ပေးခြင်းဖြင့် ကုသရပါမယ်။

ဆေးတစ်တောင့်၊ တစ်ရက်ဝယ်သောက်တာမျိုး မလုပ်သင့်ပါဘူး။ ထိထိရောက်ရောက် မကုရင် လေးဖက်နာ၊ ကျောက်ကပ်ရောင်စတဲ့ ပိုကုရခက်တဲ့ ရောဂါတွေ ရရှိနိုင်ပါတယ်။ ခဏခဏ အာသီး မရောင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ 

 

ဒေါက်တာစောဝင်း

 

Read 6 times
Rate this item
(0 votes)
Last modified on Tuesday, 30 June 2020 09:42

Latest from ေကတု