SJ WorldNews - шаблон joomla Авто

ဗိုလ်မှူးအောင်ဆန်း သူရိယ အေးချို

Saturday, 20 January 2018 11:20 Written by  font size decrease font size decrease font size increase font size increase font size

ဗိုလ်မှူးအောင်ဆန်း သူရိယအေးချိုကို တွံတေးမြို့ ကွမ်းခြံပိုင်းရပ်တွင် မြေစာရင်း အင်စ ပက်တော် ဦးတင်နှင့် ဒေါ်စိန်ရှင်တို့က ၁၂၇၉ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် (၂၂-၂-၁၉၁၈) သောကြာနေ့တွင် မွေးဖွားခဲ့သည်။

သောကြာသား ဖြစ်သော်လည်း နေ့သင့်နံသင့် မဟုတ်သည့် တနင်္ဂနွေနံဖြစ်သော အေးချိုဟု အမည်ပေးခဲ့သည်။ ညီအစ်ကို မောင်နှမ ၁ဝ ယောက်အနက် ဒုတိယအကြီးဆုံး ဖြစ်သည်။ ခြောက်နှစ်သားအရွယ် အင်္ဂလိပ်မက်သဒစ် ခရစ်ယာန်ကျောင်း တွံတေးမြို့၌ ကျောင်းစနေခဲ့သည်။ ဥာဏ်ကောင်းပြီး ဆရာစာသင်နေစဉ် သေသေချာချာ မှတ်သားတတ်သူဖြစ်သည်။ အိမ်မှာစာကို တကုပ်ကုပ် မလုပ်ဘဲ ပြေးလွှား ဆော့ကစားတတ်သူ ဖြစ်သည်။

အရပ်ပုပြီး ခန္ဓာကိုယ်သေးသည်။ ပြေးခုန်ပစ် အားကစား ဝါသနာပါပြီး သေနတ်ပစ်တမ်း၊ လူဆိုးဖမ်းတမ်း ကစားတတ်သည်။ စစ်ဗိုလ်နှင့် ရဲဗိုလ် အမြဲတမ်း လုပ်သူ ဖြစ်သည်။ ကိုရင်ဝတ်စဉ်က ကိုရင်အေးချို အိပ်ငိုက်နေစဉ် ဆရာတော်ထံ တိုင်သည့် ကိုရင်ကို လက်စားပြန်ချေသည်။ ၄င်းကို ရင်အိပ်ငိုက် နေသည့်အခါ မျက်ခုံးမွေး တစ်ဖက်အား သင်တုန်းဓားဖြင့် ရိတ်ပေးခဲ့သူ ဖြစ်သည်။

ကခြင်းခုန်ခြင်း ဝါသနာပါပြီး အိမ်နောက်ဖေးက ငှက်ပျောတောထဲမှာ မင်းသားလို ကသည့် အတွက် ငှက်ပျောတော မင်းသားကြီး၊ ရပ်ကွက်ထဲက ဘုရားပွဲတွေမှာ မင်းသားဝတ်စုံနဲ့ ကသည့်အတွက် စိန်အေးချို သင်္ကြန်ကာလမှာ အိုးမဲတွေ တစ်ကိုယ်လုံး လူးပြီး သင်္ကြန် မင်းသားကြီး မျောက်ဖိုးစိန်အဖြစ် ကပြခဲ့သူ ဖြစ်သည်။

သတ္တမတန်း ကျောင်းသားဘဝမှာ ရဲညွန့်တပ်ဖွဲ့သို့ ဝင်ရောက်ခဲ့သည်။ သတ္တမတန်း အောင်သည့်အခါ ရန်ကုန်မက်သဒစ် ကျောင်းမှာ အဋ္ဌမတန်း တက်ခဲ့ပြီး ကျောင်းဘော်ဒါ ဆောင်မှာ နေထိုင်ခဲ့သည်။ သူငယ်ချင်း တစ်ယောက်ငွေလို၍ သူ၏အင်္ကျီ ရွှေကြယ်သီးကြိုးကို ပေါင်ပေးခဲ့သူလည်း ဖြစ်သည်။ သိမ်ကြီးဈေးရှိ အသုံးအဆောင် ပစ္စည်းရောင်းသည့် အမျိုးသမီး တစ်ယောက်အား အပျိုတစ်ယောက် ဟုထင်၍ စာပေးခဲ့ပြီး အိမ်ထောင်ရှိမှန်း သိသည့်အခါ အသည်းကွဲခဲ့သူ ဖြစ်သည်။

စာဖတ်ဝါသနာ ပါသူဖြစ်ပြီး ၁၉၃၇ ခုနှစ်တွင် ၁ဝ တန်းကို သုံးဘာသာ ဂုဏ်ထူးနှင့် အောင်သည်။ ရန်ကုန်တက္ကသိုလ် စစ်ကိုင်းဆောင်မှာ နေခဲ့ပြီး ကိုဌေးမြိုင်(ခေါ်) ဒဂုန်တာရာ၊ ဗိုလ်ချုပ်အောင်ဆန်း၏ အပါးတော်မြဲ တက္ကသိုလ်နေဝင်း၊ ရွှေစံပယ်ရုံသီချင်းဖြင့် နိုင်ငံကျော်သူ ကိုဖေညွန့်၊ စာရေးဆရာ ကိုစည်သူ တို့နှင့်အတူ ကျောင်းတက်ခဲ့သူ ဖြစ်သည်။

ရုပ်ရှင်မင်းသား တင်ငွေနှင့် ညီအစ်ကို တစ်ဝမ်းကွဲ တော်စပ်သည်။ မင်းသားတင်ငွေ၏ ဇနီးမှာ ရုပ်ရှင် မင်းသမီးကြီး ဒေါ်သီတာခင်ထွေး ဖြစ်သည်။ ၄င်းတို့ အိမ်အနီးတွင် ရုပ်ရည်သန့်သန့် ရှိသော မြန်မာ အမျိုးသမီးကို ယူထားသည့် ကုလားကပြားတစ်ဦး အိမ်ရှိသည်။ ထိုကုလား ကပြားသည် ညနေတိုင်းမူးပြန်လာပြီး ဆူဆဲ၍ မိန်းမအား ရိုက်သည်။ တစ်ရက်တွင် တက္ကသိုလ် ကျောင်းသားအေးချိုသည် မြန်မာအမျိုးသမီးကို ထန်းရည်တိုက်ပြီး ကုလားကပြား မူးပြီး ပြန်လာသည့်အခါ ပြန်လည်ဆဲဆို စေ၍ ပန်းကန်ခွက်ယောက်များနှင့် ပြန်လည် ပေါက်စေခဲ့သည်။ ထိုနေ့မှစ၍ ကုလားကပြားသည် မူးပြီး ပြန်လာတိုင်း မြန်မာအမျိုးသမီးကို မဆဲတော့၊ မရိုက်တော့ပါ။

ကျောက်မြောင်း နတ်ကနားပွဲတွင် အသက်၂ဝ အရွယ် နတ်ကတော် ချောချောလေးကို နတ်ပူးချင် ယောင်ဆောင်ပြီး ဖက်နမ်း ခဲ့သူလည်း ဖြစ်သည်။

၁၉၃၈ ခုနှစ်တွင် တက္ကသိုလ်အပျော်တမ်းတပ်ရင်း(UTC) ဝင်ခဲ့သည်။ သေနတ်ပစ် ထူးချွန်သူ UTC ကျောင်းသားကြီး ဖြစ်သည်။

တတိယနှစ် ဂုဏ်ထူးတန်း တက်သည့်အခါ ပဲခူးဆောင်မှ အင်းဝဆောင်သို့ ပြောင်းခဲ့သည်။

ဗိုလ်မှူးကြီးဟောင်း တင်မောင် (စာရေးဆရာမြတ်ထန်)နှင့် ရင်းနှီးခင်မင်ပြီး တပူးတွဲတွဲ နေထိုင်ခဲ့သည်။၁၉၄၁ ခုနှစ် ဒီဇင်ဘာလတွင် အမေရိကန်တို့၏ ပုလဲဆိပ်ကမ်းကို ဂျပန်တို့က ဗုံးကြဲခဲ့သည်။ ဒုတိယကမ္ဘာစစ်မီးကြီးသည် အာရှတိုက်သို့ ကူးစက်လာ၍ ကိုအေးချို၏ BA နောက်ဆုံးနှစ် ကျောင်းသားဘဝမှာ ရန်ကုန်တက္ကသိုလ်ကို အစိုးရက ရက်အကန့်အသတ်မရှိ ပိတ်ခဲ့သည်။

တက္ကသိုလ်ပိတ်၍ တွံတေးသို့ ပြန်နေသော တက္ကသိုလ် ကျောင်းသားကြီးသည် BIA တပ်မတော်ကြီး တွံတေးမြို့သို့ ရောက်ရှိလာသည့်အခါ BIA သို့ ဝင်ရောက်ခဲ့သည်။

၁၉၄၂ ခုနှစ် မတ်လမှာ အရာရှိ စစ်သင်တန်း စတင်တက်ခဲ့ပြီး BIA  တပ်၏ ဗိုလ်၊ တပ်ခွဲမှူး ဖြစ်သွားသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ဧရာဝတီမြစ် ကမ်းဘေးတစ်လျှောက် ပြည်မကွေး-မင်းဘူး၊ ချင်းတွင်းမြစ်ဘေးရှိ မော်လိုက်နှင့် မန္တလေးမြို့တို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ BIA ကိုဖျက်သိမ်းပြီး BDA တပ်ကို ဖွဲ့စည်းသည့်အခါ ဗိုလ်အေးချိုသည် တပ်ရင်း(၁)တွင် တာဝန်ကျသဖြင့် ပျဉ်းမနားသို့ ရွှေ့ပြောင်းခဲ့သည်။

ဗမာ့ကာကွယ်ရေး တပ်မတော်မှ စက်မှုလက်မှုတပ်ရင်း(၂)ရင်း ဖွဲ့စည်းသည့်အခါ ဗိုလ်အေးချို သည် အမှတ်(၂) စက်မှုလက်မှု တပ်ရင်း၏ တပ်ရင်းရုံးတာဝန်ခံ အဖြစ် ထမ်းဆောင်ခဲ့သည်။ အမှတ်(၂) စက်မှုလက်မှု တပ်ရင်းသည် သရက်မြို့အနီးသို့ ပြောင်းရွှေ့ခဲ့သည်။ အောင်လံမြို့နယ် ကင်းဆိပ်ရွာသူ တောရိုင်းပန်းပွင့်လေး ဖြစ်သည့် မခင်ကြည်နှင့် အချစ် ဇာတ်လမ်းလေး တစ်ပုဒ်ကို ရေးဖွဲ့ခဲ့သည်။

ဗိုလ်အေးချို တပ်ရင်းသည် မင်းဘူးခရိုင် စကုမြို့သို့ ရွှေ့ပြောင်း အခြေပြု ခဲ့သည်။

စကုမြို့နယ်ရှိ မင်းရွာ၊ လျော်ဖြူတော၊ လယ်ကိုင်းကျေးရွာ တစ်ဝိုက်တွင် ဂျပန်များနှင့် တိုက်ပွဲဖြစ်ပွားရာတွင် ဗိုလ်အေးချိုသည် ဗိုလ်ကြီးရဲအောင်၊ သခင်စစ်အေး တို့နှင့်အတူ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့သူ ဖြစ်သည်။

တော်လှန်ရေးကြီး ပြီးဆုံးသွားသဖြင့် ဗိုလ်အေးချိုသည် တွံတေးသို့ ပြန်လာခဲ့သည်။

၁၉၄၅ ခုနှစ် နိုဝင်ဘာလမှာ ဖျာပုံသူ ဒေါ်တင်တင်အုန်းနှင့် လက်ထပ်ခဲ့သည်။ စစ်ပြန်ကြီး ဗိုလ်အေးချိုသည် ဆန်ကုန်သည် လုပ်ခဲ့သည်။

ဆန်ရထားတွဲကို ဓားပြလာတိုက်သော စစ်ပြန်ရဲဘော်ဟောင်းများကို တရားချပြီး ပြန်လွှတ် ပေးခဲ့သူ ဖြစ်သည်။

ပြည်သူ့ရဲဘော် အဖွဲ့ချုပ် ခေါင်းဆောင် ဗိုလ်စိန်မှန်၏ တာဝန်ပေးမှုအရ ၁၉၄၇ ခုနှစ် ဇန်နဝါရီ လဆန်းတွင် သုံးဆယ်မြို့ရှိ ပြည်သူ့ရဲဘော် အဖွဲ့ချုပ်၏ နိုင်ငံရေး တာဝန်ခံ အဖြစ် ထမ်းဆောင်ခဲ့သည်။ ဇနီးဖြစ်သူ ဒေါ်တင်တင်အုန်း နှင့်အတူ မောင်တစ်ထမ်း မယ်တစ်ရွက် ဆောင်ရွက်ခဲ့သည်။

မြန်မာပြည် သောင်းကျန်းသူ နှိမ်နင်းရေး တပ်ဖွဲ့(Burma Armed Police Striking Force) BAPSF ကို ၁၉၄၇ ခုနှစ် ဧပြီလမှာ စတင်ဖွဲ့ခဲ့သည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်များ လုပ်ကြံခံရပြီးနောက် BAPSF ကို တပ်ရင်း (၁)အပြင် တပ်ရင်း(၂)နှင့် (၃)တို့ကို တိုးချဲ့ ဖွဲ့စည်းခဲ့သည်။ ပြည်သူ့ရဲဘော် အဖွဲ့ချုပ်၏ နိုင်ငံရေး တာဝန်ခံအဖြစ် ထမ်းဆောင်နေရင်း တပ်ရင်း(၃) တပ်ရင်းမှူး အဖြစ် ဗိုလ်မှူးအေးချိုကို တာဝန်ပေးအပ်ခြင်း ခံရသည်။

တပ်ရင်း(၃) ဌာနချုပ်သည် ရွှေတိဂုံစေတီ အနောက်ဘက်မုခ် ဦးဝိစာရလမ်း ဘေးရှိ အဆောက် အအုံကြီးမှာ နေရာ ချထားသည်။

တပ်ရင်း(၃)ကို ၁၉၄၇ ခုနှစ် စက်တင်ဘာလတွင် သရက်သို့ ရွှေ့ပြောင်းခဲ့သည်။ ဗိုလ်မှူးအေးချို၏ တပ်ရင်း(၃)မှ တပ်ခွဲ နှစ်ခွဲသည် တောင်ငူနှင့် ရခိုင်တို့တွင် တာဝန် ထမ်းဆောင်ရသည်။ တပ်ရင်းမှူး ဗိုလ်မှူးအေးချိုသည် တောင်ငူနှင့် ရခိုင်သို့ သွားချည်ပြန်ချည်သွားရောက် ခဲ့ရသည်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးသည့်အခါ ဗိုလ်မှူးအေးချိုတို့၏ မြန်မာပြည် သောင်းကျန်းမှု နှိမ်နင်းရေး တပ်ကို စစ်ရဲတပ်ရင်း (Armed Police) ဟု အမည်ပြောင်း ခဲ့သည်။ ယင်းတပ်ရင်းကို ပြည်ထဲရေး ဝန်ကြီးဌာန အောက်၌ ထားရှိပြီး တပ်အရေအတွက်ကိုလည်း တိုးချဲ့ ဖွဲ့စည်းလိုက်သည်။ ဗိုလ်မှူးအေးချို၏ တပ်ရင်း(၃) သည်လည်း စစ်ရဲတပ်ရင်း (၂၁)ဖြစ်လာ ပါတော့သည်။

လွတ်လပ်ရေး ရပြီးသည်နှင့် တစ်ပြိုင်နက် ဗမာပြည်ကွန်မြူနစ်ပါတီ၊ သေနတ်ကိုင်တပ်ရင်းများ၊ ရဲဘော်ဖြူများ တောခိုကြပြီး မြန်မာပြည်တစ်ဝန်းလုံး လက်နက်သံ၊ ဗုံးသံများ ဆူညံသွားသည်။ ပြည်တွင်း သောင်းကျန်းမှု မီးတောက်ကြီး စတင် တောက်လောင် ပါတော့သည်။

ဗိုလ်မှူးအေးချို၏ စစ်ရဲတပ်ရင်း(၂၁)သည် တောင်ငူ၌ ပြန်လည်စုဖွဲ့ ရောက်ရှိနေသော်လည်း ဗိုလ်မှူးအေးချိုသည် ပြင်ဦးလွင်မြို့၌ အရာရှိငယ် မွမ်းမံသင်တန်း တက်ရောက်နေသည်။ ၁၉၄၈ ခုနှစ် သြဂုတ် ၁၉ ရက်တွင် သင်တန်းပြီးဆုံးရမည် ဖြစ်သော်လည်း ဗိုလ်မှူးကြီးစိန်မှန်၏ ရန်ကုန် အမြန်သတင်းပို့ ကြေးနန်းအရ ဗိုလ်မှူးအေးချိုသည် ၄-၈-၁၉၄၈ ရက်တွင် ရန်ကုန်သို့ ထွက်လာခဲ့သည်။

ဗိုလ်မှူးအေးချိုသည် ဗိုလ်သင်တန်း တက်ခြင်း မဟုတ်ပါ။ အရာရှိငယ် မွမ်းမံသင်တန်း တက်ခြင်းဖြစ်ပြီး ကော်မရှင် (ပြန်တမ်းဝင်အရာရှိ) အဖြစ် တိုက်ရိုက် ခန့်အပ်ခံရခြင်း ဖြစ်သည်။

မြန်မာ့တပ်မတော်တွင် ကြည်း ၃၅ဝ၁ မှ ကြည်း ၅၄၈ဝ အထိ တိုက်ရိုက် ခန့်သည်။

ဗိုလ်လက်ျာ၏ ပြန်တမ်းဝင်အမှတ်မှာ ကြည်း ၃၅ဝ၁ နှင့် ဗိုလ်ချုပ်ကြီး နေဝင်း၏ ပြန်တမ်းဝင် အမှတ်မှာ ကြည်း ၃၅ဝ၂ တို့ဖြစ်သည်။

ဗိုလ်မှူးအေးချို၏ ပြန်တမ်းဝင် အမှတ်မှာ ကြည်း ၅၁၈ဝ ဖြစ်သည်။ ဗိုလ်သင်တန်း အမှတ်စဉ်(၁)၊ သင်တန်းသား ၂၃ ဦး၏ ပြန်တမ်းဝင် အမှတ်များမှာ ကြည်း ၅၄၈၁ မှ ကြည်း ၅၅ဝ၃ အထိဖြစ်သည်။

၁၉၄၈ ခုနှစ် သြဂုတ် ၈ ရက်တွင် ဗိုလ်မှူးအေးချိုသည် ရန်ကုန်မှ စစ်မြေပြင် ဖြစ်သည့် ပေါင်းတည်မြို့နှင့် နတ်တလင်းမြို့ အကြားရှိ ဖိုးသာအောင်ကုန်း တံတားဆီသို့ ထွက်ခွာ ခဲ့သည်။ အတူ တိုက်ပွဲဝင်မည့် ဗိုလ်ရဲအောင် နှင့်အတူ ဂျစ်ကားကို ကိုယ်တိုင်မောင်းပြီး ထွက်ခဲ့သည်။ အိမ်က အထွက်ဂျစ်ကားပေါ် ရောက်နေသည့် ဗိုလ်မှူးအေးချိုက ဇနီးဖြစ်သူ ဒေါ်တင်တင်အုန်းအား ''တင်တင်ရေ ကိုကိုသွားမယ်၊ ကိုကို့ကိုလွမ်းရင် ထဘီအလံထူပြီး လိုက်ခဲ့ဟေ့''ဟု အော်ပြောပြီး ဂျစ်ကား မောင်းထွက်ခဲ့သည်။

ရောင်စုံသူပုန်တို့သည် ရန်ကုန်မြို့ကို သိမ်းပိုက်ရန် ပေါင်းတည်တွင် ရောက်ရှိနေကြသည်။ ဗိုလ်မှူးအေးချို၏ တာဝန်သည်ကား ရန်သူများ ဖိုးသာအောင် ကုန်းတံတားကို ဖြတ်ကျော်နိုင်မှု မရှိအောင် ဟန့်တားပိတ်ဆို့ တိုက်ခိုက်ရမည် ဖြစ်သည်။ အစိုးရ ဘက်မှာလည်း ဗိုလ်မှူးအေးချို၏ တပ်အပါအဝင် တပ်ပေါင်းစုံဖြစ်ပြီး ဗိုလ်မှူးအေးချိုက ကွပ်ကဲရသည်။

ရောင်စုံ သောင်းကျန်းသူများက လူ၊လက်နက် အင်အားသာသည်။ ဗိုလ်မှူးအေးချို၏ အစိုးရတပ် ပေါင်းစုံက အင်အားနည်းသည်။

သို့သော် ဗိုလ်မှူးအေးချို၏ ရဲဝံ့စွန့်စားစွာ ကွပ်ကဲမှုကြောင့် ၁၉၄၈ ခုနှစ် သြဂုတ် ၉ ရက်မှ ၁၉ ရက် ညနေအထိ အခက်အခဲ များစွာ ရှိစေကာမူ ဟန့်တား ပိတ်ဆို့နိုင်ခဲ့သည်။ ဗိုလ်မှူး အေးချိုသည် နေ့ညမရှိဘဲ ရှိသည့်အင်အားဖြင့် စနစ်တကျ တိုက်ပွဲဝင်ရင်း ခေါင်းဆောင် ခဲ့သည်။ အနီးကပ် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။

၁၉၄၈ ခုနှစ် သြဂုတ် ၁၉ ရက် ညဦးပိုင်း အချိန်တွင် ရောင်စုံ သောင်းကျန်းသူများသည် ဖိုးသာအောင် ကုန်းတံတားကို သိမ်းပိုက် တိုက်ခိုက်ခဲ့သည်။ ဗိုလ်မှူးအေးချို ကိုယ်တိုင် တံတားအနီးသို့ သွားပြီး ပြန်လည် ဆုတ်ခွာလာသည့် ရဲဘော်များကို စုစည်း၍ ဖိုးသာအောင်ကုန်းတံတားကို သိမ်းပိုက်ထားသည့် ရောင်စုံသောင်းကျန်းသူများကို ပြန်လည် တိုက်ခိုက်ခဲ့ကြသည်။ ရောင်စုံသောင်းကျန်း သူများ၏ ပစ်အား၊ လူအား ပိုများခဲ့ပြီး လက်နက်ကြီး အသုံးပြုသည့် စွမ်းရည်ကလည်း သာခဲ့သည်။ သို့သော် ဗိုလ်မှူးအေးချို ကိုယ်တိုင်ရဲဝံ့ စွန့်စားစွာ အနီးကပ် ကွပ်ကဲတိုက်ပွဲ ဝင်နေသဖြင့် ရန်သူများ ထိုးဖောက် ဝင်ရောက်ခြင်းမှ ရပ်တန့်သွားခဲ့သည်။ သို့သော် ရပ်တန့်သွားသော ရန်သူကို တိုက်စစ်အဟုန်ပြင်းစွာ တိုက်ခိုက် ရှင်းလင်းနေစဉ် ည ၁ဝ နာရီခန့်၌ ဗိုလ်မှူးအေးချို၏ ဆီးစပ်အထက်နားတွင် သေနတ်ထိမှန် ဒဏ်ရာ ရရှိခဲ့သည်။

သေနတ်ထိမှန် ဒဏ်ရာရပြီး ရွှံ့ဗွက်ထဲလဲနေသည့် ဗိုလ်မှူးအေးချိုအား နတ်တလင်း ဆေးရုံသို့ ပို့ခဲ့သည်။ နောက်ရက်၌ ရန်ကုန်ဆေးရုံကြီးသို့ ပို့ခဲ့ပြီး စနစ်တကျ ကြပ်မတ်ကုသ သော်လည်း နောက်ကျော ခါးရိုးတစ်ဝိုက်၌ အပေါက်ကြီး ဖြစ်နေသည်။

ဒဏ်ရာ ရရှိနေသည့်ကြားက ဇနီးဖြစ်သူ ဒေါ်တင်တင်အုန်းကို သူမရှိပါက ဖျာပုံ၊ ရန်ကုန် တို့တွင် နေချင်သည့် နေရာ၌ နေရန်နှင့် သူ၏ မိသားစုများ ရှိသည့် တွံတေးတွင်လည်း နေနိုင်ကြောင်း မှာကြားခဲ့သည်။ ဝန်ကြီးချုပ် ဦးနုလာရောက် ကြည့်သည့်အခါ -''ဝန်ကြီးချုပ် ကျွန်တော် တိုင်းပြည်အပေါ် သစ္စာရှိပါတယ်နော်''ဟု ပြောခဲ့သည်။

ဝန်ကြီးချုပ်က '' ဗိုလ်မှူး တိုင်းပြည်အတွက် သစ္စာရှိရှိ တာဝန်ထမ်းဆောင်ခဲ့တာ ကျုပ် ကိုယ်တွေ့ပါဗျာ၊ ဘာမှ အားမငယ်ပါနဲ့၊ လိုအပ်သမျှ အားလုံး ကူညီဆောင်ရွက်ပေးပါမယ်''ဟု ပြောခဲ့သည်။

၁၉၄၈ ခုနှစ် သြဂုတ် ၂၁ ရက် နံနက် ၂ နာရီ ကျော်တွင် ကျဆုံးခဲ့သည်။ ဗိုလ်မှူးအေးချိုသည် မသာကမုတ်ဆိတ်မွေးနဲ့ ကြည့်မကောင်းဟု ပြောပြီး မကျဆုံးမီ မုတ်ဆိတ်မွေးများ ရိတ်သွားခဲ့သည်။ ၁၉၄၈ ခုနှစ် သြဂုတ် ၂၂ ရက်တွင် နိုင်ငံတော် ဈာပနအဖြစ် ကြံတောသုသာန်၌ သင်္ဂြိုဟ်ခဲ့သည်။

နိုင်ငံတော်က ၁၉၄၉ ခုနှစ် လွတ်လပ်ရေးနေ့တွင် အောင်ဆန်းသူရိယဘွဲ့အား ပထမဆုံး ချီးမြှင့်ခြင်း ခံရသူဖြစ်သည်။ ချီးမြှင့်ပေးသည့် မော်ကွန်းမှတ်တမ်း အကျဉ်းမှာ - ၁၉၄၈ ခုနှစ် သြဂုတ်လအတွင်း သောင်းကျန်းသူ ကွန်မြူနစ်တပ်များသည် အင်အား အလုံးအရင်းဖြင့် ရန်ကုန်မြို့ကို တိုက်ခိုက်သိမ်းပိုက်ရန် ပြည်-ရန်ကုန်ကားလမ်းအတိုင်း ချီတက်လာရာ ၁၉၄၈ ခုနှစ် ဧပြီ ၁၉ ရက် ည ၇ နာရီခန့်တွင် နတ်တလင်းမြို့အနီးရှိ ဖိုးသာအောင်ကုန်း တံတားတစ်ဖက် အရောက်တွင် နတ်တလင်း၌ တပ်စွဲထားသော အမှတ်(၂၁) ပြည်ထောင်စု စစ်ရဲတပ်ရင်း၏ တပ်ရင်းမှူး ဗိုလ်မှူးအေးချိုသည် အင်အားအဆမတန် များပြားသော ရန်သူတို့အား မိမိအသက်ကို ပဓာနမထားဘဲ ရွပ်ရွပ်ချွံချွံ ခုခံ တိုက်ခိုက်ခဲ့သဖြင့် သောင်းကျန်းသူ ကွန်မြူနစ်များ ဆက်လက်မချီတက် နိုင်တော့ဘဲ ပြန်လည် ဆုတ်ခွာ သွားခဲ့ရပေသည်။ ဗိုလ်မှူးအေးချိုသည် ယင်းကဲ့သို့ ထူးကဲ မြင့်မားသော ရဲစွမ်းသတ္တိ၊ ကြံ့ခိုင်သော စိတ်ဓာတ်တို့ဖြင့် ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်ရင်း ပြင်းထန်စွာ ဒဏ်ရာရရှိကာ ၁၉၄၈ ခုနှစ် သြဂုတ် ၂၁ ရက်တွင် နိုင်ငံတော်အတွက် တာဝန်ကျေပွန်စွာ အသက်ပေးလှူ သွားသူဖြစ်သည့် အလျောက် နိုင်ငံတော်၏ ရဲစွမ်းသတ္တိ ဆိုင်ရာ အမြင့်ဆုံး ဘွဲ့ဖြစ်သော အောင်ဆန်းသူရိယဘွဲ့ကို ပထမဆုံး ချီးမြှင့်ခြင်း ခံခဲ့ရသည်။

၁၉၆ဝ ပြည့်နှစ်တွင် သမ္မတကြီးမန်းဝင်းမောင်က နိုင်ငံတော် အခမ်းအနားဖြင့် ဗိုလ်မှူး အေးချို၏ ဇနီးဖြစ်သူ ဒေါ်တင်တင်အုန်းအား အောင်ဆန်းသူရိယဘွဲ့ ချီးမြှင့်ပေးခဲ့သည်။

ဗိုလ်မှူးအောင်ဆန်းသူရိယ အေးချိုအား လွတ်လပ်ရေး မော်ကွန်းဝင် (ပထမဆင့်)ချီးမြှင့် ပေးခဲ့သည်။ လွတ်လပ်ရေး မော်ကွန်းဝင် ချီးမြှင့်ရာတွင် ကာလအပိုင်း အခြားသုံးခု သတ်မှတ်သည်-

- ၈-၁-၁၉၄၂ မှ ၂၆-၇-၁၉၄၂ အထိ

- ၂၇-၇-၁၉၄၂ မှ ၂၆-၃-၁၉၄၅ အထိ

- ၂၇-၃-၁၉၄၅ မှ ၁၅-၈-၁၉၄၅ အထိ

ကာလအပိုင်းအခြားအသီးသီး၌ ဗမာ့လွတ်လပ်ရေး တပ်မတော်၊ ဗမာ့ကာကွယ်ရေး တပ်မတော်၊ ဗမာ့မျိုးချစ်တပ်မတော်တို့တွင်ဖြစ်စေ၊ နိုင်ငံရေးအားဖြင့် ဖြစ်စေ သတ်မှတ် စည်းမျဉ်း များအတိုင်း ပါဝင်ဆင်နွှဲ ဆောင်ရွက်ခဲ့ဖူးသော ပြည်ထောင်စု သားမှန် သမျှကို ချီးမြှင့်ဂုဏ်ပြုသည်။ ကာလအပိုင်းအခြား သုံးပိုင်းလုံးတွင် ပါဝင်ဆင်နွှဲခဲ့ပါက လွတ်လပ်ရေး မော်ကွန်းဝင် (ပထမဆင့်)၊ နှစ်ပိုင်းတွင် ပါဝင်ဆင်နွှဲ ခဲ့ပါက လွတ်လပ်ရေး မော်ကွန်းဝင် (ဒုတိယဆင့်)၊ တစ်ပိုင်းတွင် ပါဝင်ဆင်နွှဲခဲ့ပါက လွတ်လပ်ရေး မော်ကွန်းဝင် (တတိယဆင့်) တို့အား ချီးမြှင့်သည်။

ဗိုလ်မှူးအောင်ဆန်း သူရိယ အေးချိုသည် ကာလအပိုင်းအခြား သုံးပိုင်းလုံးတွင် တာဝန်ထမ်းဆောင် ခဲ့သည့်အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်ဝင် အချို့တို့ကဲ့သို့ လွတ်လပ်ရေး မော်ကွန်းဝင် (ပထမဆင့်) ချီးမြှင့်ခြင်း ခံခဲ့ရသည်။ မော်ကွန်းဝင် (ပထမဆင့်) ရရှိသူ ရဟန်းရှင်လူပုဂ္ဂိုလ် ၂၂၅၅ ဦးတွင် ဗိုလ်မှူးအောင်ဆန်းသူရိယ အေးချိုအား လွတ်လပ်ရေး မော်ကွန်းကမ္ပည်း စာအုပ်တွင် လွတ်လပ်ရေး မော်ကွန်းဝင် (ပထမဆင့်)၏ အမှတ်စဉ် ၇၈၅ ဖြင့် မှတ်တမ်းတင် ထားရှိပါသည်။ ။

အမ်းသျှမ်း(သျှိသျှားမြေ)

Read 231 times
Rate this item
(0 votes)
Last modified on Saturday, 20 January 2018 11:22