SJ WorldNews - шаблон joomla Авто

အမျိုးသားရေးကဏ္ဍဦးဆောင်မှုနှင့် တပ်မတော်နေ့ ပါမောက္ခခိုင်ခိုင်ရီ

Sunday, 24 March 2019 14:06 Written by  font size decrease font size decrease font size increase font size increase font size

မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းတွင် လွတ်လပ်ရေးကြိုးပမ်းမှုကာလ၌ တိုင်းပြည်ချစ်စိတ်၊ ဇာတိချစ်စိတ်ထက်သန်တက်ကြွသော အမျိုးသား နိုင်ငံရေးသမားလူငယ်များပေါ်ထွန်းခဲ့သည်။ ထိုလူငယ်များ၏ကြီးမားသည့် ရည်မှန်းချက်၊ မလျှော့သောဇွဲလုံ့လတို့ကြောင့် ဗမာ့လွတ်လပ်ရေးတပ်မတော် ကြီးပေါ်ပေါက်လာရသည်ကို အများသိရှိပြီးဖြစ်ပါသည်။ ထိုအချိန်က တပ်မတော်၏ခံယူချက်မှာ ''လွတ်လပ်ရေးသည် ပထမ၊ လွတ်လပ်ရေးသည် ဒုတိယ၊ လွတ်လပ်ရေးသည် တတိယ'' ဟူ၍ဖြစ်သည်။

ထိုကာလမှအစပြု၍ ဗမာ့ကာကွယ်ရေးတပ်မတော်၊ မျိုးချစ်ဗမာ့ တပ်မတော်ဟူသောအမည်များ ပြောင်းလဲခံယူ၍ အမျိုးသားထုတစ်ရပ်လုံးနှင့်သက်ဆိုင်သည့် အမျိုးသားရေးတာဝန်ကြီးဖြစ်သော လွတ်လပ်ရေးအတွက် အသက်ကိုပင်ပေး လှူစွန့်စား ခဲ့ကြသည်။ အမျိုးသားရေးဆိုသည် မှာ တစ်မျိုးသားလုံး၏ ဦးတည်ရည်မှန်းချက်ဖြစ်သည်။ တိုင်းပြည်နှင့် လူမျိုး၏အကျိုးကို ရှေးရှုဆောင်ရွက်သော အမျိုးသားရေး စိတ်ထက်သန်မှု သည် လွတ်လပ်ရေးရရှိသည့်အကြောင်းများတွင် တစ်ခုအပါအဝင်ပါပေ။

ဗမာ့တပ်မတော်သည် ဖက်ဆစ်ဂျပန်တော်လှန်ရေးစတင်ဆင်နွှဲစဉ် ကပင် ဖက်ဆစ်ဂျပန်များအား မြန်မာ့မြေပေါ်မှ အပြီးအပိုင် မောင်းထုတ်ရန် သန္နိဋ္ဌာန်ချထားခဲ့ပြီးဖြစ်သည်။ ထိုသန္နိဋ္ဌာန်အတိုင်း ဗမာ့တပ်မတော် ဦးဆောင်သော တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ဖက်ဆစ်တော်လှန်ရေး ကြီးကို စည်းလုံးညီညွတ်စွာ ရင်ဆိုင်တိုက်ခိုက်ခဲ့ကြရာ ရန်ကုန်မြို့မှာ ဂျပန် တို့၏လက်အောက်မှလွတ်မြောက်ခဲ့သည်။ စစ်တောင်းမြစ်အရှေ့ဘက် ကမ်းနှင့် တနင်္သာရီတို့တွင်ကား ဂျပန်တပ်များကျန်ရှိနေသေး၏။ ယင်းဒေသ များရှိ ဖက်ဆစ်ဂျပန်များအား စစ်ဆင်တိုက်ခိုက်နိုင်ရေးအတွက် မြန်မာနှင့် မဟာမိတ်အရာရှိကြီးများသည် ပဲခူးမြို့ တိုင်းအမှတ်(၄)တွင် ၁၉၄၅ ခုနှစ် သြဂုတ် ၁ဝ ရက်မှစ၍ တွေ့ဆုံဆွေးနွေးခဲ့သည်။

ဗမာ့တပ်မတော်အရာရှိကြီးများသည် ဖက်ဆစ်ဂျပန်အကြွင်းအကျန် များအား စစ်ဆင်တိုက်ခိုက်ရေးဆိုင်ရာကိစ္စရပ်များကို မဟာမိတ် စစ်ဘက်အရာရှိများနှင့် ဆွေးနွေးတိုင်ပင်နေစဉ်အတွင်း သြဂုတ် ၁၁ ရက် တွင် ဂျပန်တို့လက်နက်ချကြောင်း ကြားသိရသည်။ ထို့ကြောင့် စစ်ဆင်ရေး ကိစ္စများကို ဆက်လက်ဆွေးနွေးခြင်းမပြုတော့ဘဲ ပဲခူးမြို့မှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။ ၁၉၄၅ ခုနှစ် သြဂုတ် ၁၂ ရက်တွင် ရန်ကုန် မြို့ တာဝါလိန်းလမ်းရှိ ဗိုလ်ချုပ်အောင်ဆန်း၏ နေအိမ်၌ကျင်းပသော ဗမာ့တပ်မတော်တိုင်းမှူးများအစည်းအဝေးတွင် တပ်မတော်နောင်ရေး အတွက် အရေးကြီးဆုံးသော ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြသည်။

''ဗမာ့တပ်မတော်သည် မြန်မာနိုင်ငံရှိခေါင်းဆောင်မည့်ပုဂ္ဂိုလ်များနှင့် ပြည်သူများ စိတ်ဝမ်းမကွဲဘဲ မြန်မာနိုင်ငံလွတ်လပ်ရေး နှင့်ပြန်လည်ထူထောင် ရေးလုပ်ငန်းများကို တညီတညွတ်တည်းဆောင်ရွက်ကြရန် အထူးလိုလားကြသည်။ ထို့ကြောင့် ၁၉၄၅ ခုနှစ် သြဂုတ် ၁၂ ရက်တွင် ''ကမ္ဘာ စစ်ကြီးကားပြီးတော့မည်။ သို့ရာတွင် ကျွန်ုပ်တို့ နိုင်ငံသူနိုင်ငံသားများ၏

အရေးကားမပြီးသေး။ ကျွန်ုပ်တို့နိုင်ငံ၏ အရေးတစ်ခုလုံးသည် ကျွန်တော်တို့တပ်မတော်နှင့် လွတ်လပ်ရေးလိုချင်သူအားလုံး သက်စွန့် ကြိုးပမ်းထမ်းဆောင်လာခဲ့သည်''...အစမူသော ကြေညာချက်တစ်ရပ် ထုတ်ပြန်ကြေညာခဲ့ပေသည်။

အလားတူပင် ဖက်ဆစ်တိုက်ဖျက်ရေးစစ်အင်အားစုကြီးတစ်ရပ်ဖြစ်သော ဖက်ဆစ်ဂျပန်တို့ကို ထိရောက်စွာတော်လှန်တိုက်ခိုက်ခဲ့သည့် တပ်မတော် သည် လွတ်လပ်ရေးအတွက် အသက်စွန့်သွားသူများ ဆန္ဒကိုဖြည့်ဆည်းရန် နှင့် လွတ်လပ်ရေးနှင့်ပြန်လည် ထူထောင်ရေးလုပ်ငန်း အရပ်ရပ်ကို ဆက်လက် ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။ ၁၉၄၅ ခုနှစ် သြဂုတ် ၁၆ ရက်၊ ၁၇ ရက်၊ ၁၈ ရက်တို့တွင် နိုင်ငံ့ခေါင်းဆောင်များ၏ စတုတ္ထအကြိမ် အစည်းအဝေးကို ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်က ကျင်းပခဲ့ရာ ဗိုလ်ချုပ်အောင်ဆန်းက ''ဖက်ဆစ်ဝါဒ ကမ္ဘာတွင် လုံးဝ ပျောက်သည်အထိဆောင်ရွက်ရန်'' စသည့်အချက်များကို ပြောကြားခဲ့ သည်။

''ဤတော်လှန်ရေးကြီးတွင် ဗမာ့အမျိုးသားတပ်မတော်(ဘီ-အင်န်-အေ) ဟု တော်လှန်ရေးဖြစ်ပွားသည့်အချိန်မှအစပြုကာ အမည်ပြောင်း၍ခေါ်လိုက် သော ဗမာ့တပ်မတော်ကြီးသည် အံ့မခန်းနိုင်လောက်သော စွမ်းရည်သတ္တိ ဖြင့် ရန်သူတို့နှင့် တိုက်ပွဲပေါင်း တစ်ထောင်ထက်မနည်း ဆင်နွှဲခဲ့ကြပေသည်။ကျွန်ုပ်အနေနှင့်ပြောရသော် ပြောက်ကျားစစ်ဆင်ရေးနှင့် ပတ်သက်လျှင် ကျွန်ုပ်တို့၏တပ်များသည် ကမ္ဘာပေါ်ရှိ မည်သည့်တပ်နှင့်မဆို ယှဉ်ပြိုင်ရဲပေ သည်''ဟု ၁၉၄၅ ခုနှစ် သြဂုတ် ၂၉ ရက်၌ကျင်းပသော အရှေ့အနောက် အသင်းကြီးတွင်လည်း တပ်မတော်၏ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ဟောပြောသွားပေသည်။

နိုင်ငံ၏သမိုင်းစဉ်တွင် ရဲရည်ရဲစွမ်းဖြင့် မားမားမတ်မတ်ရပ်ခဲ့သည်မှာ အစဉ်အလာကောင်းသည့် တပ်မတော်ပါပေ။ မှန်ကန်သည့် ခေါင်းဆောင်မှု၊ ဥပဒေနှင့်ညီညွတ်သည့်အမိန့်၊ မျှတသည့် ဆုံးဖြတ်ချက်များနှင့် မိမိကွပ်ကဲသည့်တပ်ဖွဲ့ကို တိုးတက်အောင်မြင်အောင် စနစ်တကျဦးဆောင်နိုင်သော စစ်ရေးစွမ်းရည်ကြောင့်လည်း ''ယခုအခါ ဂျပန်တို့သည် မြန်မာပြည်ရှိ သူတို့၏တပ်များအားလုံးကို လက်နက်ချ ရန်သဘောတူညီကြပြီး ဖြစ်သည့်အလျောက် သင့်တိုင်းပြည်ကိုလွတ်မြောက် အောင်ကြိုးပမ်းကြရာ၌ နောက်ပိုင်းတွင် သင်နှင့်တကွ ပီ-ဘီ-အက်ဖ်တပ်မတော်သား အားလုံး၏ စွမ်းဆောင်ချက်များနှင့် ပတ်သက်၍ ကျေးဇူး တင်စွာချီးကျူးလိုက်ပါသည်။ သင်တို့၏ အောင်မြင်သော ကူညီချက်များ ကြောင့် ဂျပန်တို့အကြီးအကျယ်သေ ပျောက်ဆုံးရှုံးကြရခြင်း ဖြစ်ပါသည်'' ဟူသောချီးကျူးလွှာကို တပ်မင်း ဂျင်နရယ်ဆာမွန်တေဂူစတော့ဖို့ဒ်က ဗိုလ်ချုပ်အောင်ဆန်းထံ ပေးပို့ခဲ့သည်။ အမျိုးသား အကျိုးစီးပွားကို ဆောင်တတ်သော တပ်မတော်၏ ဂုဏ်ဒြပ်ဖြစ်တော့သည်။ ဤပြယုဂ်တို့ကား တော်လှန်ရေးကာလအတွင်းက ဗမာ့တပ်မတော်၏ စစ်စိတ်၊ စစ်မာန်နိုးကြားမှု သာဓကစုတို့တည်း။ ဗမာ့တပ်မတော်တော်လှန်ခဲ့စဉ်က အကြောင်းဖြစ်ရပ်များကား မြန်မာ့သမိုင်းတွင်ထင်းထင်းကြီး ပေါ်လွင်လျက်ရှိသည်ကို ဤသို့တွေ့ရှိရသည်။

''၁၉၄၄ ခုနှစ် နောက်ပိုင်းတွင် ဂျပန်တပ်မတော်မှ တပ်မကြီးများသည် အင်ဖာစစ်မျက်နှာ၌ မရှုမလှအရေးရှုံးနိမ့်ခဲ့ရသည်။ ထို့ကြောင့်ပင် ဗမာ့ တပ်မတော်သည် ဂျပန်တပ်များကို အထင်သေးသွားပြန်သည်။ ထိုစဉ်မှစ၍ ဂျပန်တပ်များနှင့် ဗမာ့တပ်မတော်တို့သည် မကြာခဏအချင်းများမှုများ ဖြစ်ပွားလာကြသည်။ ၁၉၄၅ ခုနှစ် မတ်လဆန်းတွင် ရန်သူမဟာမိတ်များ သည် စစ်ကိုင်းဒေသသို့ ဝင်ရောက်ထိုးစစ်ဆင်ကြသည်။ ဗမာ့တပ်မတော်မှ တပ်များသည် ၁၉၄၅ ခုနှစ် မတ် ၂၂ ရက်တွင် ရန်ကုန်မှစတင်ထွက်ခွာပြီး ၂၃ ရက်တွင် စစ်သေနာပတိ ဗိုလ်ချုပ်အောင်ဆန်းသည် အကြံပေးအရာရှိချုပ် ဗိုလ်ချုပ်ကလေးဆကူရိုင်း၊ တိုကူတာရိုထံ သတင်းပို့ခြင်းမရှိဘဲ အာလံမြို့ ဆီသို့ထွက်ခွာသွားသည်။ မတ် ၂၅ ရက်တွင် အကြံပေးအရာရှိချုပ် ဗိုလ်ချုပ် ကလေးဆကူရိုင်းသည် အာလံမြို့ ဗမာ့တပ်မတော် အနောက်တိုင်းစစ် ဌာနချုပ်လက်အောက်ရှိ တပ်များကိုစစ်ဆေးပြီး ရန်ကုန်သို့ပြန်လာခဲ့ သည်။ ထိုစဉ်မှာပင် ဗမာ့တပ်မတော်တပ်များမှာ ဧရာဝတီမြစ်တစ်ဖက်ကမ်း သရက်မြို့ဘက်သို့ကူးသွားပြီး တပ်ဖျောက်လိုက်ကြသည်။ ဗိုလ်ချုပ်ကလေး ဆကူရိုင်းက ရန်ကုန်ရှိ ဂျပန်စစ်ဌာနချုပ်သို့ တော်လှန်ရေးလုပ်မည်ဆိုခြင်း မှာ ယုတ္တိမရှိကြောင်း၊ တပ်အစုံအလင်ရှိကြောင်း သတင်းပို့ခဲ့လေသည်။

သတင်းပို့၍မျှ အသံမတိတ်သေးမီ ''မတ်လ ၂၇ ရက် ညဦးမှစ၍ ဗမာ့ တပ်မတော်က တော်လှန်နေပြီ'' ဟူသောသတင်းသည် မြည်ဟည်း ထွက်ပေါ်လာခဲ့ပေသည်။ ထိုအချိန်မတိုင်မီက ဗိုလ်မှူးကြီးဆာကီးထံမှ ပဲခူးရှိစံပြတပ်ရင်းနှင့် အခြားဗမာတပ်များအခြေအနေကို စုံစမ်းရန်နှင့် အာလံမြို့သို့ အဆောတလျင်သွားရောက်ရန်အမိန့်ကို ဗိုလ်မှူးကလေး ဆူဇူကီးရရှိသည်။ ထို့ကြောင့် ဗိုလ်မှူးကလေးသည် မတ်လ ၂၆ ရက်တွင် ခရီးထွက်ခွာသွားရသည်။

မတ် ၂၇ ရက် နံနက်လင်းအားကြီးအချိန်တွင် ဗိုလ်မှူးကလေးဆူဇူကီး သည် ဗိုလ်မှူးကလေးဗိုလ်ကျော်ဇောနှင့်တွေ့ဆုံ၍ ဗမာ့တပ်မတော်က တော်လှန်မည်ကြားရသော ကိစ္စနှင့် ပတ်သက်၍ဆွေးနွေးသည်။ ဗိုလ်ကျော်ဇော က တပ်များအသီးသီးသို့ လိုက်လံပြသသဖြင့် တော်လှန်မည်ဟူသောသတင်းမှာ ယုံကြည်ရန်ခက်ခဲသွားပြန်သည်။ ထိုနေ့ညနေခင်းအထိ တပ်များကိုစစ်ဆေးပြီး ထွက်ခွာလာခဲ့သည်။ မည်သို့ဆိုစေ ကြိုတင်စီမံမှု ဆိုသည်မှာ အမှားမရှိရာဟုယူဆပြီး ပဲခူးမြို့ရှိ ဂျပန်စစ်ရုံးသို့ဝင်ရောက်ပြီး သတိနှင့်စောင့်ကြည့်ပေးရန် အကြောင်းကြားခဲ့သေးသည်။ ထိုနေ့ည၈ နာရီတွင် ပဲခူး၌နေထိုင်သော ကုလားဆရာဝန်တစ်ဦးအား ဗမာတပ် အခြေအနေကို စုံစမ်းရန်လွှတ်လိုက်ရာ တပ်များမှာ တပ်ဖျောက်သွား ကြောင်း တွေ့ရှိရလေသည်။

ထို့ကြောင့် ဗိုလ်မှူးကလေးဆူဇူကီးသည် နီးရာဂျပန်စစ်တပ်များနှင့် ဂျပန်စစ်ပုလိပ်အဖွဲ့သို့ အကြောင်းကြားချက်အရ ဂျပန်စစ်ဌာနချုပ်သည်အမှတ် (၅၅) တပ်မကြီးမှ ဗိုလ်မှူးကြီးကိုဘီနှင့် ထိုတပ်မကြီး၏ အမှတ် (၁၃၈) တပ်ရင်းမှ ဗိုလ်ကြီးနားဂါးဟာမတို့အား တပ်ဖွဲ့တစ်ခုနှင့်အတူ ဗမာတပ် များအားချေမှုန်းရန် တာဝန်ပေးလိုက်သည်။ ဘုရားကြီး၊ ညောင်လေးပင်၊ ဒိုက်ဦးစသောဒေသများတွင် ဗမာ့တပ်မတော်တိုင်း (၄) လက်အောက်ခံတပ် များနှင့်တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားကြသည်။ သို့သော် မချေမှုန်းနိုင်သည့်အပြင် ဗမာ့တပ်မတော်၏ စစ်နယ်မြေနှင့် စစ်ထိုးရာဗဟိုချက်ဒေသများကိုပင် မရိပ်မိမသိရှိနိုင်ခဲ့ပေ။

တော်လှန်ရေးစတင်သော ညဦးတွင် ဗမာ့တပ်မတော်အနောက်တိုင်း စစ်ဌာနချုပ်လက်အောက်ရှိ တပ်များသည် အာလံနှင့်ပြည်မြို့အကြားရှိ ဂျပန်တပ်များ၏ ဓာတ်ဆီစက်ဆီသိုလှောင်ရေးစခန်းများ၊ ခဲယမ်းမီးကျောက် ဌာနများ အစရှိသည့် အဆောက်အအုံများကို တိုက်ခိုက်ဖျက်ဆီးပစ်ကြသည်။နီးစပ်ရာဂျပန်တပ်များကိုလည်း တိုက်ခိုက်သွားသည်။ မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းသားများနှင့် ရန်ကုန်မြို့ရှိ လေယာဉ်ပျံပစ် အမြောက် တပ်၊ ဗိုလ်ချုပ်အောင်ဆန်းကိုယ်ရံတော်တပ် အစရှိသောတပ်များသည် ရန်ကုန်တစ်ဝိုက်တွင် စတင်တိုက်ခိုက်နေလေပြီ။ ဗိုလ်ချုပ်အောင်ဆန်း၏ မတ် ၂၅ ရက်တွင် ထုတ်ပြန်သောအမိန့်အရ အနောက်တိုင်းစစ်ဌာနချုပ် လက်အောက်တွင်ရှိသော တပ်ရင်း (၆)၊ တပ်ရင်း (၂) နှင့် စက်မှုလက်မှုတပ်ရင်း အမှတ် (၂) တို့သည် မတ် ၂၇ ရက် ညဦးမှစတင်၍ လှုပ်ရှားတိုက်ခိုက်လာ ကြသည်။

အမှတ် (၆) ခြေလျင်တပ်ရင်းနှင့် အမှတ် (၂) စက်မှုလက်မှုတပ်ရင်းမှ ရှေ့ပြေး တပ်စုတစ်စုသည် သရက်မြို့၏အနောက်မြောက်ဘက် ၁ဝ ကီလိုမီတာခန့် ဝေးသောနေရာသို့ ချီတက်သွားကြသည်။ ရှေ့ပြေးတပ်စုတွင် ဂျပန် အကြံပေးအရာရှိများလည်းပါရှိရာ ထိုသူတို့ ထမင်းစားနေကြစဉ် တပ်စုတွင် ပါဝင်သော မြန်မာအရာရှိနှင့် တပ်သားများက ရုတ်တရက်ဝိုင်းရံပြီး လက်နက်ချခိုင်းသည်။ ကပ္ပတိန်အိုကမိုတို၊ အရာခံဗိုလ်ဟီရာယာမ၊ တပ်ကြပ်ကြီးမစ်ဇူမိုတိုတို့သည် မတ် ၂၆ ရက်တွင် အာလံမှ ရေနံချောင်းရှိ ဗမာလေယာဉ်ပျံပစ်အမြောက်တပ်အား စုံစမ်းစစ်ဆေးရန်ထွက်ခွာသွားရာ ¤င်းတို့သတင်းကို အစအနပင်မကြားရတော့ပါ။ ဗမာတပ်များနှင့်တွေ့၍ ကျဆုံးသွားဟန်တူသည်။ သိန္နီတွင်တပ်ချထားသော စစ်အမြောက်တပ်၏ အကြံပေးအရာရှိဖြစ်သူ တပ်ကြပ်အာယာဘီနှင့် သန်လျင်ရှိ အကြံပေး အရာရှိများမှာလည်း ကျဆုံးရသည်။

ဤသို့အစမူသော တော်လှန်ရေးခရီးကား သြဂုတ်လတွင် ဂျပန်တို့ ခြွင်းချက်မရှိ လက်နက်ချပြီးနောက် မြန်မာပြည်တိုက်ပွဲမှာပြီးဆုံးသွားသည် ဟု မှတ်သားရပါသည်။ ဤခရီးခဲကြီးတွင် ၁၉၄၄ ခုနှစ် သြဂုတ်လအတွင်း ဖွဲ့စည်းခဲ့သော ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် ကြီး(ဖတပလ)သည် တော်လှန်ရေးအတွက် ''တော်လှန်ရေးတပ်ဦးစာတမ်း နှင့် ဖက်ဆစ်ဂျပန်လူရိုင်းများကိုမောင်းထုတ်ကြလော့''ဟူသော ကြေညာ စာတမ်းများရိုက်နှိပ်ပြီး လူထုအတွင်း လျှို့ဝှက်စွာထုတ်ပြန်လိုက်သည်။

ထို့ပြင် စစ်အခြေအနေနှင့် မိမိတပ်များ၏အင်အား၊ လူထုတက်ကြွမှု အင်အားတို့ကိုပါ တွက်ချက်၍ ဂျပန်တို့အား စတင်တော်လှန်ရန်အချိန်ကို ပြောင်းလဲသတ်မှတ်လိုက်ရသည်။ တော်လှန်ရန် မူလသတ်မှတ်ထားသော နေ့ရက်မှာ ၁၉၄၄ ခုနှစ် သြဂုတ် ၂၅ ရက်ဖြစ်ပြီး နောက်ဆုံးပြင်ဆင် သတ်မှတ်လိုက်သောနေ့မှာ ယနေ့ကာလမှ နောက်ကြောင်းပြန်ရေတွက်သော် (၇၄)နှစ်မြောက်နေ့ဖြစ်သည့် ၁၉၄၅ ခုနှစ် မတ် ၂၇ ရက်ဖြစ်သည်။

၁၉၄၅ ခုနှစ် မတ် ၂၇ ရက်မှစတင်၍ ငုပ်လျှိုးပျောက်ကွယ်သွားရသော ဗမာတပ်များသည် အကယ်ပင် ဂျပန်တပ်မတော်အား တော်လှန်တိုက်ခိုက် နေကြကြောင်းတွေ့ရသောအခါ ဗမာ့တပ်မတော် အကြံပေးအရာရှိများမှာ များစွာအံ့အားသင့်ခဲ့ရသည်ဟု မှတ်သားရဖူးသည်။ ''ဖတပလနှင့် ဗမာ အမျိုးသားတပ်မတော်သည် ဗြိတိသျှတပ်များ ဆိုက်ရောက်မလာမီ ကတည်းက ဂျပန်တို့ကိုတော်လှန်တိုက်ခိုက်ကြသည်။ သူတို့တော်လှန်ပုန်ကန် သည်မှာ ကျွန်ုပ်တို့ ဗြိတိသျှကိုချစ်သောကြောင့်မဟုတ်။ သူတို့ရည်ရွယ် ချက်နှင့် သူတို့ဘာသာတော်လှန်ပုန်ကန်ခဲ့ခြင်းဖြစ်သည်''ဟု ဖက်ဆစ် တော်လှန်ရေးနှင့်ပတ်သက်၍ မျိုးချစ်ဗမာ့တပ်မတော်အပေါ် ဗြိတိသျှ တို့၏အမြင်ကို တွေ့ရှိရသည်။ ဂျပန်ဘက်မှအမြင်ကိုမူ ''အောင်ဆန်း၏ ဗမာ့တပ်မတော်မှာ ကျွန်ုပ်တို့၏ ဂျပန်တပ်မတော်များနှင့်နှိုင်းစာသော် အဆမတန်သေးငယ်သည်မှန်၏။ သို့သော် ၄င်းတို့သည် ကျွန်ုပ်တို့အား ထိရောက်စွာဒုက္ခပေးကြပါသည်။ သူတို့သည် သူတို့တိုင်းပြည်၏အကျိုး အတွက် မည်သူ့ကိုမဆို ပူးပေါင်းရန်လည်းဝန်မလေး။ သူတို့ကိုရန်မူလာလျှင် လည်း မည်သူ့ကိုမဆို ''ထချ''တတ်သော လူမျိုးပါပေ''ဟု စစ်မှတ်တမ်း တွင် ဖော်ပြထားသည်။

ဤသို့ဖြင့် သူရသတ္တိသွေးမပျက်တမ်း စစ်ပရိယာယ်လျှမ်းလျှမ်းတောက် ခဲ့သော တပ်မတော်သည် နိုင်ငံတော်၏ ပိုင်နက်နယ်မြေနှင့် အချုပ်အခြာ အာဏာကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်နိုင်စွမ်းရှိသည့် တပ်မတော် ဘဝဖြင့် ရပ်တည်ခဲ့သည်။ ထို့ပြင် မှန်ကန်သော အမျိုးသားရေးခံယူချက်ကို စွဲကိုင်၍ အခက်အခဲအမျိုးမျိုးကိုကြံ့ကြံ့ခံလျက် တိုင်းပြည်တွင် လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ပြီး ထာဝရငြိမ်းချမ်းရေးရအောင် ကြံဆောင်ကာ အမျိုးသားရေးအခန်းကဏ္ဍတွင် ဦးဆောင်ဦးရွက်ပြုခဲ့သော အင်အားစုကြီး တစ်ရပ်ဖြစ်သည်ကို တပ်မတော်နေ့သမိုင်းကြောင်းက ထင်ရှားစွာကမ္ပည်း တင်နေမည်ဖြစ်ပေသတည်း။ ။

Read 71 times
Rate this item
(0 votes)
Last modified on Sunday, 24 March 2019 14:31