ရန်ကုန် ဇန်နဝါရီ ၂
မြန်မာသံအဆိုတော် မှူးခိုင်သီဆိုသော မြန်မာသံစဉ် တေးသီချင်းများ ပါဝင်သည့် မြင့်မြတ်သူတို့လုပ်ငန်း အမည်ရှိ တေးစီးရီး ခွေကို စတင်မိတ်ဆက်လိုက်ပြီဖြစ်သည်။
မြင့်မြတ်သူတို့လုပ်ငန်းဟု အမည်ပေးရခြင်းမှာ ဘုရားဂုဏ်တော်များကို ချီးမြှင့် ပူဇော်ထားသည့်အပြင် ဓမ္မသီချင်းဖွင့်သော အိမ်နည်းလာသည့်အတွက် သတိတရပူဇော် နိုင်ရန်ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
''ကျွန်တော် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ပြီးတော့ ယဉ်ကျေးမှုတက္ကသိုလ်တက်ပြီး မဟာဂီတတေးသီချင်းသီဆိုမှု အပိုင်းကို သင်ကြားခဲ့ပါတယ်။ အဲဒီကနေ နိုင်ငံတော်အဆင့်ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲမှာ လေးနှစ် ဆက်တိုက် ရွှေတံဆိပ်ဆု ရရှိခဲ့ပါတယ်။ ဒီအခွေလေးကိုလုပ်ဖို့ နှစ်နှစ်လောက် အချိန်ယူခဲ့ပြီး လုပ်ခဲ့တာပါ။ ဒီလို လုပ်ရတာကလည်း ဓမ္မတေးတွေ တဖြည်း ဖြည်း မှေးမှိန်လာမှာစိုးလို့ပါ။ ဘာသာရေးနဲ့ ပတ်သက်တဲ့ အခွေလေးဖြစ်လို့ အကျိုးအမြတ် တစ်စုံတစ်ရာ ဘာတစ်ခုမှ မျှော်လင့် မထားပါဘူး။ အားလုံး ဒီအခွေလေးကို နားဆင်ရင်း အေးချမ်းစေချင်လို့ပါ'' ဟု တေးသံရှင် ကိုမှူးခိုင်ကပြောသည်။
အဆိုပါတေးစီးရီးတွင် တေးသီချင်း ကိုးပုဒ်ပါဝင်ပြီး တေးရေး အေဝမ်းဆရာညှာ၊ ဦးဘိုခိုင်၊ တယောဦးဟန်ဝင်း၊ ကိုလေးညွန့်၊ စန္ဒရားကိုခင်လှ၊ စန္ဒရား အောင်သက်ထွဏ်း၊ ကြိုင်သင်းနှင့် ပုညလူ (အင်းမ) တို့ ရေးပေးထားကြောင်း သိရသည်။