SJ WorldNews - шаблон joomla Авто

ဟာမိုနီလူငယ် ရုပ်သေးပွဲတော်သို့ ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့မှ လူငယ်ဝါသနာရှင် နှစ်ဦး သွားရောက်ပြသရန် စီစဉ်

Friday, 05 January 2018 10:10 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဇန်နဝါရီ 

ထိုင်းနိုင်ငံ၌ကျင်းပမည့် ဟာမိုနီလူငယ် ရုပ်သေးပွဲတော်သို့  ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့မှ လူငယ်ဝါသနာရှင်နှစ်ဦး သွားရောက်ပြသရန် စီစဉ်လျက်ရှိကြောင်း ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့ တည်ထောင်သူ   ဦးခင်မောင်ထွေးထံမှ သိရသည်။

ဟာမိုနီလူငယ် ရုပ်သေးပွဲတော်ကို  ထိုင်းနိုင်ငံ Korat  မြို့၌  ဇန်နဝါရီ ၁၁ ရက်မှ ၁၄ ရက်အထိ ကျင်းပမည်ဖြစ်ပြီး   မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ထွေးဦးမြန်မာရုပ်သေးအဖွဲ့မှ မသက်သက်ထွေးဦးနှင့်  မောင်သက်ပိုင်ထွေးဦးတို့က သွားရောက်ပြသကြမည်ဖြစ်ကာ  နိုင်ငံတကာ ရုပ်သေးပညာရှင်များ  လာရောက်ပြသမည်ဖြစ်သည်။

''အဓိကက လူငယ်တွေကို ဦးစားပေးချင်တဲ့ အတွက် ကလေးနှစ်ယောက်ကို အဓိကထား ဖိတ်တာပါ''ဟု ဦးခင်မောင်ထွေးကပြောသည်။

အဆိုပါပွဲတွင် ဖျော်ဖြေမှုအဓိက မဟုတ်ဘဲ Workshop များ၊  ဖိုရမ်များနှင့် သရုပ်ပြပွဲများအပြင်   လူငယ်ကွန်ရက်များလည်း ပါဝင်မည်ဖြစ်သည်။

ထွေးဦးမြန်မာရုပ်သေးအဖွဲ့သည် ထိုင်းနိုင်ငံ၌ ၂ဝ၁၄ ခုနှစ်တွင်  ကျင်းပခဲ့သည့် ဟာမိုနီကမ္ဘာ့ ရုပ်သေးပွဲတော်တွင်  အကောင်းဆုံး သက်ဝင်လှုပ်ရှား (Best Animation) ဆုရရှိခဲ့ပြီး  ၂ဝ၁၇  ခုနှစ်  ဖေဖော်ဝါရီလ အတွင်းကလည်း  ထိုင်းနိုင်ငံ  ကန်ချနာ ဘူရီမြို့၌   ကျင်းပသည့်  ဟာမိုနီကမ္ဘာ့ ရုပ်သေးပွဲတော်တွင် သွားရောက်ပြသခဲ့သည်။

ထို့ပြင် ၂ဝ၁၅ ခုနှစ် အောက်တိုဘာလ အတွင်းက  ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပသည့် လေးကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ရုပ်သေးပွဲတော်၌    မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်ခဲ့ပြီး  မသက်သက်ထွေးဦးနှင့် မောင်သက်ပိုင်ထွေးဦးတို့ တစ်ဦးချင်း ရွှေတံဆိပ်ဆုနှင့်  ထွေးဦးမြန်မာအဖွဲ့လိုက် ငွေတံဆိပ်ဆု ရရှိကြောင်း သိရသည်။

Read 103 times Last modified on Friday, 05 January 2018 10:11