SJ WorldNews - шаблон joomla Авто

ခင်လေးဇာတ်ရုပ်ကို အားပေးကြတဲ့အတွက် မျက်ရည်ကျရတဲ့အထိ ပီတိဖြစ်မိတယ် ဆိုတဲ့ သရုပ်ဆောင်ယဉ်လက်

Tuesday, 03 April 2018 10:12 font size decrease font size decrease font size increase font size increase font size

(၇၃) နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုဇာတ်ကားဖြစ်သည့် စစ်ကိုမုန်း၍ တိုက်ခဲ့သည် ဇာတ်ကားကို မြဝတီ ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသခဲ့ပြီး ဖြစ်ရာ အဆိုပါ ဇာတ်ကားတွင် ခင်လေးအဖြစ် ပါဝင် သရုပ်ဆောင်ထားပြီး ပရိသတ်များ၏ အားပေးမှုများစွာ ရရှိခဲ့သော သရုပ်ဆောင် ယဉ်လက်နှင့် တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပုံများကို ဖော်ပြလိုက်ရပါသည် . . . . .

စစ်ကိုမုန်း၍ တိုက်ခဲ့သည် ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင် ဖြစ်ခဲ့ပုံကို ပြောပြပေးပါဦး။

ဒါရိုက်တာ ဗိုလ်မှူးတင်အောင်စိုးက ညီမကို ဒီဇာတ်ကားထဲမှာ ခင်လေးနေရာကနေ   ပါဝင် သရုပ်ဆောင်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ညီမလည်း လက်ခံခဲ့ပါတယ်။ ပြီးတော့ ကျရာဇာတ်ရုပ်ကို အတတ်နိုင်ဆုံး အကောင်းဆုံးလုပ်ခဲ့ပါတယ်။

ဒီဇာတ်ကားမတိုင်ခင် အနုပညာ အလုပ်တွေ လုပ်ခဲ့ပုံနဲ့ ပတ်သက်လို့လည်း သိပါရစေ။

ညီမက ၂ဝ၁၃ ခုနှစ်နဲ့ ၂ဝ၁၄ ခုနှစ်လောက် ကတည်းက စနေမဆိုတဲ့ ဇာတ်ကားနဲ့ အနုပညာ အလုပ်တွေကို စလုပ်ခဲ့တာပါ။ လက်ရှိမှာ ဇာတ်ကားတွေ ရိုက်ကူးနေပါတယ်။ ဒီနှစ် တပ်မတော်နေ့ ဂုဏ်ပြုဇာတ်ကားမှာ ပါဝင်ခွင့်ရခဲ့ပြီး ခင်လေးအဖြစ် သရုပ်ဆောင်ခွင့် ပေးခဲ့တဲ့အတွက်၊ ပါဝင် သရုပ်ဆောင်ခွင့် ရခဲ့တဲ့အတွက် တာဝန်ရှိသူ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဒီဇာတ်ကားက တပ်မတော်နေ့ ဂုဏ်ပြုဇာတ်ကား ဆိုတော့  တခြားဇာတ်ကား ရိုက်ကူးမှုနဲ့ ကွာခြားပုံကိုလည်း ပြောပြပေးပါဦး။

အတွေ့အကြုံ သစ်တွေကတော့  အများကြီးပဲ။  သေနတ်အစစ်တွေ၊ ကျည်အစစ်တွေနဲ့ ပစ်ရတယ်။ သေနတ်တွေ ဖြုတ်တာ၊ တပ်တာတွေကို သင်တန်းအနေနဲ့ လေ့ကျင့်ရတယ်။ ကြိုတင်ပြင်ဆင်ရတယ်။ ပစ်ခတ်မှုတွေလည်း လုပ်ရတယ်။ အတွေ့အကြုံအသစ်တွေ အများကြီး ရပါတယ်။  အဲဒီအတွက်လည်း ကျေးဇူးအများကြီး တင်ပါတယ်။

သရုပ်ဆောင်ရတဲ့ အချိန်မှာ အမှတ်တရ ဖြစ်ခဲ့တဲ့ အခန်းရော ရှိခဲ့လား။

စစ်ကိုမုန်း၍ တိုက်ခဲ့သည် ဇာတ်ကားမှာ သရုပ်ဆောင်ရတဲ့ အခန်းတိုင်းလိုလို အမှတ်တရ တွေရော ဗဟုသုတတွေပါ အများကြီး ရရှိခဲ့ပါတယ်။ အခန်းတိုင်းကို သေသေချာချာ သရုပ်ဆောင်ခဲ့တယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်လို့ ရင်ထဲမှာလည်း အမှတ်တရတွေ အများကြီးပါပဲ။

သေနတ်ပစ်ခတ်ရတဲ့ အခန်းရိုက်ကူးချိန်က အတွေ့အကြုံတွေ ပြောပြပေးပါဦး။

ပထမဆုံး ပြောချင်တာက ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ရတဲ့ အတွက် သိပ်ကိုဂုဏ်ယူ ပါတယ်။ ဒီလိုအတွေ့အကြုံမျိုး ရဖို့ကမလွယ်ဘူး။ ပထမဆုံး စစ်သင်တန်း တက်ရတယ်။  နောက်လက်တွေ့ ပစ်ခတ်ရတော့မယ် ဆိုတော့ စိတ်ထဲမှာ ကြောက်နေမိတယ်။  ကြောက်စိတ်လေး နည်းနည်းရှိပေမယ့် လက်တွေ့လုပ်ကြည့် ချင်တဲ့စိတ်က ပိုများနေတော့ ပျော်မိပါတယ်။

ဒီဇာတ်ကားမှာ ပရိသတ်တွေရဲ့ အားပေးမှုကို ရလိုက်တော့ ဘယ်လို ခံစားရလဲ။

ညီမအနေနဲ့ ပရိသတ်တွေကို ကျေးဇူးအများကြီး တင်ပါတယ်။ ခင်လေးနေရာက သရုပ်ဆောင်တဲ့အခါ  ကိုယ်တိုင်လည်း ခင်လေးအဖြစ် စီးမျောခဲ့တယ်။  ခင်လေးနေရာမှာ  ကိုယ်ရောက်သွားတဲ့ အခါကျတော့ တပ်မတော်သားတွေရဲ့ ပါရမီ ဖြည့်ဖက်တွေနဲ့  သားသမီး တွေရဲ့ ဘဝကို  နားလည်ခံစားမိတယ်။ ညီမကို အားပေးကြတဲ့ တပ်မတော်သားတွေ၊  တပ်မိသားစုဝင်တွေ၊ ပရိသတ်တွေ၊ အပြင်က အစ်ကို၊ အစ်မ မောင်နှမတွေ အားလုံးက ဝိုင်းချစ်ပေးကြတဲ့ အတွက် ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။

ဒီဇာတ်ကားကို သရုပ်ဆောင်တဲ့ အခါမှာ တပ်မတော်သားတွေ၊

မိသားစုဝင်တွေရဲ့ဘဝကို ဘယ်လိုခံစားမိလဲ။ ဒီဇာတ်ကားကို သွားရိုက်တဲ့ အချိန်မှာ မအိချောပို သရုပ်ဆောင်ရတဲ့ နေရာက ဒေါ်နန်းထွေးခင်ဆိုတဲ့ အစ်မနဲ့ စတွေ့ဖြစ်တယ်။ သူက ဒီဖြစ်စဉ် မှာ    တကယ် ပါဝင်ခဲ့သူဆိုတော့  သူ့ဆီကနေ  အတွေ့ အကြုံတွေ၊ သူ ပြောပြတာ တွေကို နားထောင်ကြည့်တော့ သာမန်လူတွေ မလုပ်နိုင်တဲ့၊ သတ္တိလည်း အရမ်းရှိတဲ့၊ သူတို့ကိုယ်တိုင် သတ္တိရှိရှိနဲ့ တိုင်းပြည်နဲ့ လူမျိုးအတွက် ကိုယ့်အသက်ကိုယ်တောင် ပဓာန မထားဘဲ ပါဝင်တိုက်ပွဲ ဝင်ခဲ့တဲ့ အမျိုးသမီးတွေကို တွေ့ရတော့ သိပ်ကိုဂုဏ်ယူတယ်၊ လေးစားတယ်။ ကိုယ်သာ သူတို့နေရာမှာဆိုရင် ကြောက်ပြီးတော့ ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။ ကိုယ်လည်း သူတို့နေရာမှာ တစ်စိတ်တစ်ပိုင်း အနေနဲ့ ပါဝင်သရုပ်ဆောင်ခွင့် ရတဲ့အတွက် ဂုဏ်ယူတယ်။ သူတို့ရဲ့ဘဝကိုလည်း စာနာနားလည် လေးစားမိပါတယ်။

အားပေးကြတဲ့ ပရိသတ်တွေကို ဘာများ ပြောချင်သေးလဲ။

စစ်ကိုမုန်း၍ တိုက်ခဲ့သည် ဇာတ်ကားမှာ ခင်လေး နေရာက သရုပ်မဆောင်ခင် တခြားကား တွေမှာ သရုပ်ဆောင်ခဲ့တာ တွေကို ပရိသတ်က သတိမထားမိ ခဲ့ကြဘူး။ အခု ခင်လေးဆိုတဲ့ ဇာတ်ရုပ်နဲ့ သရုပ်ဆောင်မှ ပိုပြီးသိသွားကြတဲ့၊ ချစ်သွားကြတဲ့ ပရိသတ်တွေ အများကြီး ရှိလာတယ်။ ဒီလို သရုပ်ဆောင်ခွင့်၊ ကြိုးစားခွင့်၊ ပါဝင်ခွင့်ပေးခဲ့တဲ့ ဒါရိုက်တာ၊  တာဝန်ရှိသူ တွေနဲ့ အားပေးကြည့်ရှုသူ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ ဆက်ပြီးတော့လည်း ကြိုးစားသွားပါ့မယ်။

ဒီလိုတပ်မတော်နေ့ ဂုဏ်ပြုဇာတ်ကားတွေ  သရုပ်ဆောင်ဖို့  ထပ်ပြီးကမ်းလှမ်းမှု ရှိလာရင်ရော။

ဂုဏ်ယူစွာနဲ့  ပါဝင်မှာပါ။  ပေးအပ်တဲ့  ဇာတ်ရုပ်နဲ့လိုက် ဖက်အောင်၊ တာဝန်ကျေအောင် သရုပ်ဆောင် သွားမှာပါ။

ပရိသတ်တွေကို ဘာများဖြည့်စွက် ပြောကြားလိုသလဲ။

ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီဇာတ်ကားမှာ ခင်လေးဇာတ်ရုပ်ကို ချစ်ခင်အားပေး ကြတဲ့အတွက် မျက်ရည်ကျရတဲ့ အထိ ဝမ်းသာပီတိ ဖြစ်မိပါတယ်။ အားပေးကြတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။

Read 124 times Last modified on Tuesday, 03 April 2018 10:13