SJ WorldNews - шаблон joomla Авто

ရုပ်ရှင်၊ စာပေ၊ ပန်းချီ၊ ဂီတနှင့် သဘင်နယ်ပယ်တို့မှ ထူးချွန်သူများအား ဂုဏ်ပြုဆုများ ပေးအပ်

Monday, 25 February 2019 08:33 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဖေဖော်ဝါရီ  ၂၄

မြန်မာစာပေနှင့် အနုပညာမူပိုင်ခွင့်နေ့ ၂ဝ၁၉ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၌ ကျင်းပရာ ယင်းအခမ်းအနားတွင် ရုပ်ရှင်၊ စာပေ၊ပန်းချီ၊ ဂီတနှင့်သဘင်နယ်ပယ် အသီးသီးတို့မှ ထူးချွန်သူများအား  ဂုဏ်ပြုဆုများ ပေးအပ်သည်။

အခမ်းအနားတွင် မီဇာတ်ကားဖြင့် လူသိများလာသော   သရုပ်ဆောင် ပိုင်ဖြိုးသုကို ဒါရိုက်တာ ဦးကြည်စိုးထွန်းက လည်းကောင်း၊  စာပေဆိုင်ရာဆုတွင် တစ်နှစ်တည်း အမျိုးသား စာပေဆုနှစ်ဆု ဆွတ်ခူးနိုင်ခဲ့သော  စာရေးဆရာ တင့်ဇော်ကို ဆရာကြီးဂုဏ်ထူး ဦးသိန်း နိုင်ကလည်းကောင်း၊ ပန်းချီဆိုင်ရာဆုတွင် နိုင်ငံတကာ ပန်းချီဈေးကွက်အထိ ထိုးဖောက် အောင်မြင်နေသော ပန်းချီဆရာ မင်းဝေအောင် ကို  ပန်းချီဆရာကြီး လှတင်ထွန်းက လည်းကောင်း၊ ဂီတဆိုင်ရာဆုတွင် ဂီတမှူးဓီရာမိုရ် ကို   အဆိုတော် ဦးတင်ဦးလေး ကလည်း ကောင်း၊ သဘင်ဆိုင်ရာဆုတွင် Junior Creative  Dance လူငယ်အဖွဲ့ကို  ဦးမိုးဝင်းက လည်းကောင်း ဆုများအသီးသီး ပေးအပ်သည်။

''ဒီကနေ့ အခမ်းအနားကတော့ ရုပ်ရှင်၊ စာပေ၊ ပန်းချီ၊ ဂီတ၊ သဘင်နယ်ပယ် အသီးသီးက  ပညာရှင်တွေရဲ့  ဖန်တီးမှုတွေကို  အသိအမှတ်ပြုခြင်း ဖြစ်ပါတယ်။  ပညာရပ်တွေ အပေါ် အလေးအနက် တန်ဖိုးထားခြင်း ဖြစ်ပါတယ်''ဟု  စာရေးဆရာ ဒါရိုက်တာ ဦးအောင်စိုးဦး ကပြောသည်။

ထို့နောက်   ရန်ကုန်တိုင်းဒေသကြီး တရားဥပဒေ စိုးမိုးရေးနှင့်    တရားမျှတမှု လုပ်ငန်းဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေ ဆရာကြီး ဦးစိန်လှ၊ ASEAN  IP  Association  Councillor  တရား လွှတ်တော်ရှေ့နေ ဒေါ်တင်ဥမ္မာထွန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုယ်စား လှယ်နှင့်  ဥပဒေပညာရှင်  ဦးအောင်စိုးဦး၊မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အဖွဲ့ဝင်  ဦးအေးလွင်တို့က မူပိုင်ခွင့်နေ့ ကျင်းပရခြင်း၊ စာပေနှင့် အနုပညာမူပိုင်ခွင့် ဥပဒေပေါ်ထွက်လာရေး ကြိုးပမ်းနေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့ကြကြောင်း သိရသည်။

မောင်မျိုး(ဧရာဝတီ)

Read 369 times Last modified on Monday, 25 February 2019 08:34