SJ WorldNews - шаблон joomla Авто

ရုပ်ရှင်အရည်အသွေး မြင့်မားလာသဖြင့် ရုပ်ရှင်ကြည့် ပရိသတ် ပိုများလာ

Thursday, 21 March 2019 10:13 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   မတ်   ၂ဝ    

မြန်မာ့ရုပ်ရှင်လုပ်ငန်း ပြန်လည် ဖွံ့ဖြိုးလာစေရေး အတွက် ပြည်တွင်းပြည်ပမှ ရုပ်ရှင် အတတ်ပညာရှင်များနှင့် နည်းပညာများဖြင့် ချိတ်ဆက်ပေးနေသောကြောင့် မြန်မာ့ ရုပ်ရှင်အရည်အသွေး မြင့်မားလာကာ ရုပ်ရှင်ကြည့် ပရိသတ်များ ပိုမိုများပြားလာ၍ ရုပ်ရှင် ရုံလုပ်ငန်းများ  ပြန်လည် ဦးမော့လာပြီဖြစ်ကြောင်း    မင်္ဂလာရုပ်ရှင်ရုံ မိသားစု ဥက္ကဋ္ဌ ဦးဇော်မင်း၏ ပြောဆိုချက်အရ သိရသည်။

''အခုဆိုရင်  ရုပ်ရှင်လုပ်ငန်းတွေ ဖွံ့ဖြိုး တိုးတက်လာပါပြီ။ ရုပ်ရှင်ကြည့် ပရိသတ်တွေ အနေနဲ့ ရုပ်ရှင်ကြည့်ရှုရာမှာ အိမ်မှာနဲ့ရုံမှာ ကြည့်တဲ့အရသာ၊ခံစားမှု မတူတော့ဘူး။  မိသားစုတစ်စု၊  သူငယ်ချင်း တစ်စုအတွက် ငွေကျပ် ၁ဝဝဝဝ  လောက်ရှိရင်  ကြည့်လို့ရပါပြီ။ ဇာတ်ကား တစ်ကားရဲ့အကောင်းအဆိုးနဲ့ ပရိသတ်စိတ်ဝင်စားမှုပေါ် မူတည်ပြီး ရုပ်ရှင်ကြည့် ပရိသတ်ကတော့ နည်းတာ၊များတာ ကွာတယ်။ ဇာတ်ကားသစ်တွေ လဲဖို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ  ရုံချိတ်ဆက် ကော်မတီ ဆိုတာရှိတယ်။ ရုပ်ရှင်ရုံတွေမှာ ထွက်သမျှ ဇာတ်ကားသစ်တွေ လဲပြီးပြသဖို့   မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက တာဝန်ရှိသူတွေ၊  ထုတ်လုပ်သူတွေ၊  ရုံပိုင်ရှင်တွေ အားလုံး အစည်း အဝေး လုပ်ပြီး  ရုပ်ရှင်ကြည့် ပရိသတ်တွေ ကျေနပ်စေဖို့ ပြသရေး ရုံချိတ်စနစ်ကို ဆွဲပေးပါတယ်။  အခုဆို ရုပ်ရှင်ရုံတွေမှာ  ပရိသတ်တွေ စိတ်ကျေနပ်အောင် ဝန်ဆောင်မှု ပေးနေပါတယ်''ဟု ဦးဇော်မင်းက ပြောသည်။

 မင်္ဂလာရုပ်ရှင်ရုံ မိသားစုအနေဖြင့် ရုပ်ရှင်ကြည့်ပရိသတ်များ  ပျော်ရွှင်စွာ စိတ်အပန်း ဖြေနိုင်စေရန် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့ရှိ    ဆင်ခြေဖုံး ရပ်ကွက်များ၌ တစ်နှစ်လျှင် ရုပ်ရှင်ရုံအသစ် ငါးရုံပုံမှန် ဆောက်လုပ်လျက်ရှိပြီး လက်ရှိ ဒဂုံ(တောင်ပိုင်း)မြို့နယ်ရှိ City Mart အနီး၌လည်း ရုပ်ရှင်ရုံ သုံးခန်းတွဲတစ်ရုံ  ဆောက် လုပ်လျက်ရှိသည်။အဆိုပါရုပ်ရှင်ရုံ၌ ပရိသတ်ဦးရေ ၅ဝဝ ကျော်ကြည့်ရှုနိုင်မည် ဖြစ်ပြီး မေလနောက်ဆုံးပတ်တွင် ရုံသစ်ဖွင့်လှစ်နိုင်ရန် စီစဉ်ထားသည်။ ထို့ပြင် အနာဂတ်တွင်  တိုင်းဒေသကြီးနှင့်  ပြည်နယ်အလိုက် ရုပ်ရှင်ရုံအသစ်များ  တိုးချဲ့ဆောက်လုပ်ရန် စီစဉ်ထားသည်။

မြန်မာ တစ်နိုင်ငံလုံး၌ 2D  နှင့် 3D  ဖြင့် ပြသသော ရုပ်ရှင်ရုံ  ၃ဝ  ရှိပြီး  ပိတ်ကား အချပ်ရေ ၆ဝ  ခန့်ဖြင့်   ပြသပေးနေ ကြောင်း သိရသည်။

 

Read 348 times Last modified on Thursday, 21 March 2019 10:14