SJ WorldNews - шаблон joomla Авто

ကောင်းကင်တစ်ခု အလိုရှိသည် ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်မှုနဲ့ ပတ်သက်လို့ ပုံစံပြောင်းထားတယ်ဆိုတဲ့ အောင်ရဲလင်း

Wednesday, 12 June 2019 09:50 font size decrease font size decrease font size increase font size increase font size

ကောင်းကင်တစ်ခု အလိုရှိသည် ရုပ်ရှင်ဇာတ်ကားတွင် ဘဝကို ရည်မှန်းချက်မရှိဘဲ ဖြတ်သန်းနေသော ကောင်လေးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားသည့် သရုပ်ဆောင် အောင်ရဲလင်းနှင့် တွေ့ဆုံခိုက် ၎င်း၏ ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးမှုနှင့်ပတ်သက်၍ မေးမြန်းဖြစ်ခဲ့ပုံကို ဖော်ပြလိုက်ပါသည်။

-ကောင်းကင်တစ်ခုအလိုရှိသည်ဇာတ်ကား ရိုက်ကူးမှုနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။

-ဒီဇာတ်ကားရိုက်ထားတာ သုံးနှစ်လောက်ရှိပါပြီ။ ရသပေါင်းစုံပေးထားတဲ့ ဇာတ်ကားပါ။ ဟာသလေးလည်း နည်းနည်းပါတယ်။ ဒီဇာတ်ကားထဲမှာ ကျွန်တော့်ရဲ့သရုပ်ဆောင်မှုနဲ့ ပတ်သက်လို့ ပုံစံပြောင်းထားတယ်။

-ဒီဇာတ်ကားထဲက   ဇာတ်ရုပ်ဖြစ်တဲ့ ကာရိုက်တာပိုင်းနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။

-ဒီဇာတ်ကားထဲမှာ အားမာန်ဆိုတဲ့ ကောင်လေးတစ်ယောက်ရဲ့  လမ်းဘေးစရိုက် ပုံစံပေါ့။ ငွေရဖို့ဆိုရင်  ဘာမဆိုလုပ်တယ်။  ဘဝကို ရည်မှန်းချက်မရှိဘဲ ဖြတ်သန်းနေတဲ့ ကောင်လေး တစ်ယောက်ပေါ့။  ကိုခန့်နဲ့ဆုံတာ ဒီဇာတ်ကားက ပထမဆုံးကားပါ။ ကိုခန့်ဆိုရင်   ဝါရင့်သရုပ်ဆောင် တစ်ယောက်ပါ။

ကိုခန့်နဲ့တွဲပြီး  သရုပ်ဆောင်ရတဲ့အတွက် ဂုဏ်ယူပါတယ်။  ပြီးတော့ အတွဲဇာတ်ကား အများကြီး သိပ်မရိုက်ဖြစ်တဲ့အတွက် ဒီလိုမျိုး ဆုံလာတဲ့အချိန်မှာ ပညာတွေလည်း အများကြီး ရပါတယ်။

-မင်းသားအပြိုင်ဇာတ်တွေ လက်ခံရိုက်ကူးတာ သိပ်မတွေ့ရဘူး ဘယ်လိုကြောင့်လဲ။

-အဓိကကတော့ ကျွန်တော့်ကို လာပြောတဲ့ ဇာတ်တွေတော့ရှိပါတယ်။    ကျွန်တော်က ဇာတ်လမ်းရွေးတဲ့အတွက်  မင်းသားအပြိုင် ဇာတ်ကားမျိုးသိပ်မရိုက်ဖြစ်တာလည်း ပါတယ်။ ကိုယ်တစ်ယောက်တည်း ခေါင်းဆောင် ရတဲ့ဇာတ်နဲ့ အပြိုင်ရိုက်ရတဲ့ ဇာတ်ရဲ့အားသာချက်၊ အားနည်းချက်ဆိုရင် ဇာတ်လမ်းပေါ်မှာပဲ မူတည်တယ်လို့ မြင်ပါတယ်။

-ရုပ်ရှင်ဇာတ်ကားတွေကို ဘယ်လိုရိုက်ကူးဖို့ အစီအစဉ်ရှိလဲ။

-ကျွန်တော်ကိုယ်တိုင်က  ဇာတ်ကားတိုင်းကို ကောင်းချင်တာပါ။အခုဆိုရင်  ပိုပြီးကောင်းအောင် ကြိုးစားတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်နေ့ထက်တစ်နေ့ အနုပညာ လုပ်ငန်းက ပြောင်းလဲလာနေတော့ ရိုက်ကူးမှုရော သရုပ်ဆောင်မှုပိုင်းပါ  အများကြီး သတိထားရတယ်။

-ခေတ်ကာလ ပြောင်းလဲတာနဲ့အမျှ ဇာတ်ကားတွေကို Update  ဖြစ်အောင် ဖန်တီးလုပ်ဆောင်မယ်ဆိုရင်    ကိုအောင်ရဲလင်း အမြင်ကရော။

-သေချာပြင်ဆင်ပြီးတော့ ရိုက်ကူးထားတဲ့ ဇာတ်ကားက ကျွန်တော်တို့အတွက် မရှုံးဘူးလို့ ထင်တယ်။ ကိုယ်တိုင် သေချာပြင်ဆင်ပြီး ရိုက်ထားတဲ့ကားက ပရိသတ်နဲ့ အံဝင်ခွင်ကျ ဖြစ်မသွားဘူး ဆိုပေမယ့် ကိုယ်တိုင်ပြင်ဆင်ပြီး ရိုက်ထားတဲ့အတွက် ပရိသတ်ကို အကောင်းဆုံး Message တော့ ပေးနိုင်မှာပါ။

Read 378 times Last modified on Wednesday, 12 June 2019 09:51