SJ WorldNews - шаблон joomla Авто

မဲခရဲဆားတိုက်နယ်မှ ဆားစတင်ထွက်ရှိသဖြင့် နေ့စား အလုပ်သမားများ အဆင်ပြေ

Monday, 05 February 2018 12:28 font size decrease font size decrease font size increase font size increase font size

ဟိုင်းကြီးကျွန်း ဖေဖော်ဝါရီ 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ် မဲခရဲဆားတိုက်နယ်အတွင်း နေလှန်းဆားများ စတင်ထွက်ရှိနေသဖြင့် ဆားလုပ်ငန်း လုပ်ကိုင်ကြသော နေ့စားအလုပ်သမားများ ပုံမှန်ဝင်ငွေရရှိပြီး အဆင်ပြေလျက် ရှိကြောင်း သိရသည်။

မဲခရဲဆားတိုက်နယ်တွင် နေလှန်းဆားကို အောက်တိုဘာလမှ ဒီဇင်ဘာလအထိ ဆားလှန်းကွင်း ပြင်ဆင်ကြပြီး ပင်လယ်ရေမှ ဆားဖြစ်ဖို့အတွက် တစ်လခန့်ကြာမြင့်ကာ ဆားရည်လှောင်ကန် အတွင်း၌ ဒီဂရီမီ ဆားရည်အဆင်သင့်ရှိပါက ၁၅ ရက်အတွင်း ဆားထွက်ရှိနိုင်သည်။ ဆားထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ဆားပိဿာ ၆ဝဝဝ နှုန်းခန့် ထွက်ရှိပြီး ရာသီဥတုကောင်းမွန်ပါက ပိုမိုထွက်ရှိနိုင်သည်။

'' ကျွန်တော်တို့ နေလှန်းဆား ထုတ်လုပ်တဲ့နေရာမှာ  အရင်ကမြေကြီးပေါ်တွင်သာ နေလှန်းဆားကို ကျုံးယူရပြီး အခုအခါ ဆားလှန်းကွက်တွေမှာ ပလတ်စတစ်မိုးကာ အမည်းတွေခံပြီး ဆားဖြူ၊ ဆားသန့်ရရှိဖို့  အဆင့်မြင့် လုပ်ကိုင်လျက်ရှိပါတယ်။ အခုလိုဆောင်ရွက်ခြင်းကြောင့် ဆားပိုမိုထွက်ရှိပြီး သန့်ရှင်းတဲ့ ဆားတွေရရှိပါတယ်။  ဆားလုပ်ကွက် တစ်ဧကကို ဆားပိဿာ ၆ဝဝဝ နှုန်းထွက်ရှိပါတယ်။ ဈေးနှုန်းအနေနဲ့ ဆားတစ်ပိဿာကို ငွေကျပ် ၂ဝဝ ခန့်ရရှိပါတယ်'' ဟု ဆားလုပ်ငန်းလုပ်ကိုင်သူဦးမြင့်နိုင်က ပြောသည်။

လက်ရှိတွင် ဆားထွက်ကာလဖြစ်သောကြောင့် နေလှန်းဆား လုပ်ကိုင်ကြသော နေ့စားအလုပ်သမားများ အနေဖြင့် နေ့တွက်စရိတ် တစ်ရက်လျှင် ငွေကျပ် ၄ဝဝဝ ရရှိပြီး ဆားလုပ်ငန်း လုပ်ကိုင်သူများ အဆင်ပြေလျက် ရှိကြောင်း သိရသည်။      

Read 22 times Last modified on Monday, 05 February 2018 12:29