SJ WorldNews - шаблон joomla Авто

အထွက်နှုန်း နည်းပါးမှုနှင့် လှောင်လက်များ ဝယ်ယူမှုကြောင့် မတ်ပဲဈေးနှုန်း မြင့်တက်

Tuesday, 12 March 2019 10:28 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  မတ်  ၁၁

ယခုနှစ် မတ်ပဲထွက်ရှိချိန်တွင် အထွက်နှုန်း နည်းပါးမှုနှင့် လှောင်လက်များ ဝယ်ယူမှုကြောင့်  ပဲဈေးကွက်အတွင်း မတ်ပဲတစ်တန်လျှင် ငွေကျပ် တစ်သိန်းနှစ်သောင်း ဝန်းကျင် အထိ ဈေးနှုန်းမြင့်တက်လာကြောင်း မြန်မာနိုင်ငံ နှမ်းမျိုးစုံနှင့် ပဲကုန်သည်များ အသင်း အတွင်းရေးမှူး ဦးမင်းကိုဦး၏ ပြောကြားချက် အရ သိရသည်။

ဇန်နဝါရီလအတွင်းက  အိန္ဒိယနိုင်ငံမှ ပဲဝယ်ယူမှု ရပ်ဆိုင်းလိုက်ခြင်းကြောင့် ပြည်တွင်း ပဲဈေးကွက်၌ မတ်ပဲတစ်တန်လျှင် ငွေကျပ် ၅၇ဝဝဝဝ အထိ ဈေးနှုန်း ကျဆင်းခဲ့ရာမှ   ယခုမတ်ပဲ ထွက်ရှိချိန်တွင် ငွေကျပ် ၆၉ဝဝဝဝ အထိ ဈေးနှုန်းပြန်လည်မြင့်တက် လာခြင်းဖြစ်သည်။

''ပြည်တွင်းမှာ  ပဲလက်ကျန်လည်း နည်းတယ်။ ပြည်တွင်းလှောင်လက်တွေ ဝယ်ယူမှု များလာတာလည်း ပါတယ်။   ဒါကြောင့် ဈေးနည်းနည်း ပြန်တက်လာတာဖြစ်ပါတယ်''

ဟု ဦးမင်းကိုဦး ကပြောသည်။

ပြီးခဲ့သည့်နှစ် မတ်ပဲစိုက်ရာသီတွင် စိုက်ပျိုးချိန်နောက်ကျခြင်းနှင့် ရာသီဥတု အခြေအနေကြောင့်  တချို့ဒေသများ၌  ပဲအဝါ ကျခဲ့သည့်အတွက် လတ်တလောတွင် မတ်ပဲ အထွက်နှုန်း လျော့ကျနေခြင်းဖြစ်သည်။

''ဒီနှစ် မတ်ပဲအထွက်လျော့မယ် ဆိုတာ  မှန်းလို့ရပါတယ်။ မတ်ပဲက  ဖေဖော်ဝါရီလကုန် မတ်လဆန်းပိုင်းမှာ ထွက်နေကျပါ။

ထွက်တဲ့အချိန်  ပြည်တွင်းမှာ  ပဲဈေးနှုန်း ပြန်ထိန်းပေးနိုင်ရင်တော့   တောင်သူတွေ အတွက်  ကောင်းပါတယ်။  တကယ်လို့ အိန္ဒိယနိုင်ငံက    ပုံမှန်ပြန်ဝယ်မယ်ဆိုရင် ဈေးနှုန်းတက်ရိပ် ပိုပြီးအားကောင်းလာမယ့် အခြေအနေ ရှိပါတယ်'' ဟု ဦးမင်းကိုဦး ကပြောသည်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ သုံးရက်ကြာ ကျင်းပခဲ့သော  4th ASEAN-India Expo and Summit သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပဲ၊ နှမ်းကုန်သည်များ   တက်ရောက်ခဲ့ပြီး   မတ်လအတွင်း ထွက်ရှိမည့်   မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန် လေးသိန်းခန့်ကို ယခုနှစ်အတွင်း ဝယ်ယူပေးရန် အိန္ဒိယနိုင်ငံ အစိုးရထံ သွားရောက် တွေ့ဆုံ၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ အိန္ဒိယ နိုင်ငံဘက်မှ   မတ် ၃၁ ရက်မတိုင်မီ  ပြန်လည်အကြောင်းပြန်မည်ဟု ပြောကြားထားသည့် အတွက် လတ်တလော အခြေအနေမှာ    စောင့်ကြည့်အနေအထားတွင်သာ ရှိနေသေးကြောင်း သိရသည်။

လက်ရှိတွင် ပြည်တွင်းမှ ပဲများကို ပြည်ပ ဈေးကွက်သစ်များ ရှာဖွေကာ တင်ပို့လျက် ရှိသော်လည်း  မတ်ပဲကို အိန္ဒိယနိုင်ငံမှ အများဆုံး ဝယ်ယူနေခြင်း ဖြစ်သည့်အတွက် အိန္ဒိယနိုင်ငံမှ ပြန်လည်ဝယ်ယူမည် ဆိုပါက   ဈေးနှုန်းပိုမို ကောင်းလာနိုင်ဖွယ် ရှိကြောင်းနှင့်  မတ်ပဲကို  ဧရာဝတီတိုင်းဒေသကြီး၌  အများဆုံး စိုက်ပျိုးကြောင်း သိရသည်။                               

Read 48 times Last modified on Tuesday, 12 March 2019 10:30