SJ WorldNews - шаблон joomla Авто

ယခင်နှစ်ထက် ကြံဈေးကွက် ကောင်းမွန်၍ ကြံစိုက်သူများ တွက်ခြေကိုက်

Thursday, 14 March 2019 12:31 font size decrease font size decrease font size increase font size increase font size

ကျောင်းကုန်း  မတ်  ၁၃

ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်နှင့်   ပတ်ဝန်းကျင် ကျေးရွာများ၌ ယခုနှစ်တွင်  ကြံစိုက်ပျိုးခြင်းနှင့် ကြံတင်ပို့ရောင်းချခြင်း လုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် ကြံဈေးနှုန်းမှာ ယခင်နှစ်ထက် ကောင်းမွန်သည့်အပြင် အောင်မြင်ဖြစ်ထွန်းမှုရှိသောကြောင့်    လုပ်ငန်း အဆင်ပြေလျက် ရှိကြောင်း  သိရသည်။

''ကျွန်တော်ကတော့   လက်ရှိ ကြံနှစ်ဧက စိုက်ထားပါတယ်။ ကြံတစ်ဧကကို ကြံအပင် ၂ဝဝဝဝ ခန့် ထွက်ရှိပါတယ်။ နယုန်လမှာ စတင် စိုက်ပျိုးတာဖြစ်ပြီးတော့ တပေါင်းလမှာ ရောင်းချရပါတယ်။   ကြံတစ်ချောင်းကို ယခင်နှစ်က  ငွေကျပ်  ၁၁ဝ ပဲရခဲ့ပေမယ့် လက်ရှိမှာ ငွေကျပ်၂ဝဝ  နှုန်းနဲ့ ရောင်းရတဲ့အတွက် အများကြီး တွက်ခြေကိုက်ပါတယ်'' ဟု ကြံစိုက်တောင်သူ ဦးမိုးကျော်က ပြောသည်။

ကြံဝယ်သူများအနေဖြင့်  တန်ဆောင်မုန်းလမှ  စတင်ဝယ်ယူကြကာ အချို့လုပ်ငန်းရှင်များက စိုက်ခင်းများသို့ သွားရောက်ပြီး   ရွေးချယ်ဝယ်ယူမှုများ ရှိသကဲ့သို့  ကြံအထွက်ညီသော အခင်းများကို  အခင်းပြတ် ဝယ်ယူမှုများရှိသည်။

ထို့ပြင် တောင်သူများအနေဖြင့် ရန်ကုန်မြို့ရှိ ဒိုင်ကြီးများသို့ ကားဖြင့် တိုက်ရိုက်ချိတ်ဆက် တင်ပို့ရောင်းချရခြင်းများလည်း ရှိပြီး ယခင်နှစ်ထက်  ဈေးနှုန်းကောင်းမွန်သည့် အတွက်   ကြံစိုက်ပျိုးသူအပြင် ရောင်းချသူပါ နှစ်ဦးနှစ်ဖက် အကျိုးအမြတ် ရရှိကြောင်း   ကြံကုန်သည်တစ်ဦးက ပြောသည်။

ကျောင်းကုန်းမြို့နယ်တွင် စိုက်ပျိုးရေး လုပ်ငန်းများဖြစ်သည့် စပါး၊ ပဲ၊ ပြောင်း၊ ငါးကြီးအန်ဖတ်၊နနွင်း၊ ငှက်ပျော၊ ဂေါ်ဖီနှင့်အခြားသီးနှံများကိုလည်း စိုက်ပျိုးရောင်းချမှုများ ရှိသကဲ့သို့ တောင်သူဝင်ငွေ  ပိုမိုရရှိစေသည့်  ကြံစိုက်ပျိုးမှုလုပ်ငန်းကိုလည်း  ပိုမိုတွင်ကျယ်စွာ လုပ်ကိုင်လျက်ရှိကြောင်း  သိရသည်။

Read 87 times Last modified on Thursday, 14 March 2019 12:32