မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်ထွက် ကြက်သွန်ဖြူများ အသစ်ပေါ်ချိန်ဖြစ်ရာ ပွဲစားများက နယ်ဈေးကွက်သို့ တင်ပို့သောကြောင့် ယခင်နှစ်ကာလတူထက် ဈေးနှစ်ဆမြင့်တက်နေကြောင်း ကြက်သွန်ဖြူ စိုက်ပျိုးသည့် ဒေသခံများထံမှ သိရသည်။
''ကြက်သွန်ဖြူကို ပင်းချောင်းမြေနုမှာ ပျိုးဥ ပိဿာ ၁၅ဝ စိုက်ပျိုးပါတယ်။ ဒီနှစ်မှာ ကြက်သွန်ဖြူ တစ်ပိဿာကို ငွေကျပ် ၁၂ဝဝ ရောင်းရပြီး ငွေကျပ် ၁ဝ သိန်းရပါတယ်။ ယခင်နှစ်ကာလတူမှာ ကြက်သွန်ဖြူ တစ်ပိဿာကို ငွေကျပ် ၆ဝဝ သာ ပေါက်ဈေး ရှိခဲ့ပါတယ်''
ဟု ကျောက်ပန်းတောင်းမြို့နယ်မှ ကြက်သွန်ဖြူစိုက် တောင်သူ ဦးလှထွန်း ကပြောသည်။
ကိုင်းမြေနှင့်ပင်းချောင်းမြေနု၌ ကြက်သွန်ဖြူကို ဇန်နဝါရီလကစပြီး ရေသွင်းရေဖျန်းစနစ်ဖြင့် စိုက်ပျိုးကြကာ ယခုနှစ်တွင် ကြက်သွန်ဖြူ စိုက်သည့်တောင်သူ ပိုမိုများပြားခဲ့ကြောင်း သိရသည်။