SJ WorldNews - шаблон joomla Авто

ကြက်သွန်နီဈေး သင့်လျော်သည့် နှုန်းထားတစ်ခုသို့ပြန်ရောက်ရန် တောင်သူများ မျှော်လင့်

Monday, 13 May 2019 11:36 font size decrease font size decrease font size increase font size increase font size

ပြည်ပဝယ်လိုအား နည်းသည့်  ကြက်သွန်နီ မှာ     ပြည်တွင်းဈေးကွက်၌  အနိမ့်ဆုံးဈေး ရှိနေပြီး   အရောင်းအဝယ် အေးနေရာ     သင့်လျော်သည့်     နှုန်းထားတစ်ခုဖြစ်လာစေရန်    ကြက်သွန်စိုက်တောင်သူနှင့် ကုန်သည်ပွဲစား များက မျှော်လင့်နေကြောင်း သိရသည်။

 လက်ရှိတွင်  နယ်ဈေး၌ ကြက်သွန်နီ တစ်ပိဿာလျှင်   ငွေကျပ်  ၃၅ဝ မှ  ၄ဝဝ ကြား  ဈေးပေါက်ပြီး  ရန်ကုန်ဈေးကွက်၌ တစ်ပိဿာလျှင်  ငွေကျပ် ၃၅ဝ မှ ၈၅ဝ ရှိကာ ဈေးငြိမ်နေကြောင်း၊  ကြက်သွန်အများဆုံး ထွက်ရှိသည့်  ပခုက္ကူဒေသ၌ တစ်ပိဿာလျှင် ငွေကျပ် ၂၅ဝ မှ ၄၃ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း    သိရသည်။

ပြီးခဲ့သည့်နှစ်က ပြည်ပဝယ်လိုအားရှိ၍ ကြက်သွန်နီ တစ်ပိဿာလျှင် ငွေကျပ်  ၁ဝဝဝ မှ ၁၅ဝဝ ကြား  ဈေးရှိခဲ့ကာ ပြည်ပမှပင်  ပြန်လည်တင်သွင်းခဲ့ရသည်။ယခုနှစ်တွင်   ပြည်ပဝယ်လိုအား    နည်းနေသည့်အပြင် ကြက်သွန်စိုက်ဧက များပြားလာခြင်းကြောင့်  စိုက်ပျိုးမှုကုန်ကျစရိတ် ဝန်းကျင်အထိ ဈေးကျဆင်းနေခြင်းဖြစ်သည်။      

''အရောင်းအဝယ်ကတော့ ခပ်အေးအေးပဲ။ ဈေးကတော့မတက်ဘူး။ အနိမ့်ဆုံးဈေးလို့ ခေါ်ရမှာပဲ။  တောင်သူကတော့ အထွက်နှုန်းကောင်းမှ  အဆင်ပြေမယ်။ တောင်သူတွေ ရှုံးနေကြပါတယ်။  တစ်နိုင်ငံလုံး  စိုက်အားတွေလည်း များနေကြတယ်။   မြဝတီ ဘက်ကလည်း ဝယ်လက်မရှိသေးဘူး။ သူတို့က ဇွန်၊ ဇူလိုင်လပိုင်းလောက်မှ ဝယ်ကြတာများတယ်'' ဟု  ဆင်ဖြူကျွန်း ကုန်စည်ဒိုင်မှ ကုန်သည် ဦးစိန်မြင့် ကပြောသည်။

လက်ရှိတွင်     ပြည်တွင်းကြက်သွန်ကို တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သို့ အနည်းငယ်သာ တင်ပို့နေရပြီး  ပြည်တွင်း စားသုံးမှုထက် ပိုလျှံနေ၍ ပြည်ပဝယ်လိုအား မြင့်တက်လာမှသာ  ဈေးပြန်တက်လာနိုင်သည့် အနေအထားသို့ ရောက်မည်ဖြစ်သည်။   ရန်ကုန်ဈေးကွက်၌ မေ ၁ဝ ရက်က ကြက်သွန်ကား အစီးရေ ၂၈ စီးသာ ဝင်ရောက်ခဲ့သော်လည်း ဝယ်လက်အားနည်း၍ ဈေးတက်လာခြင်း မရှိသေးကြောင်း သိရသည်။

ယင်းကဲ့သို့ ဈေးကွက်အတွင်း  ကြက်သွန်နီဈေးနှုန်းများ စိုက်ပျိုးစရိတ်အောက် ရောက်ရှိလာသည့်အတွက်ဈေးနှုန်းတည်ငြိမ်စေရေး ကူညီဆောင်ရွက်ပေးရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ မန္တလေးတိုင်းဒေသကြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူ စားဖိုဆောင် သီးနှံစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းမှ    မတ်လအတွင်းက တင်ပြခဲ့ကြောင်း သိရသည်။              

Read 67 times Last modified on Monday, 13 May 2019 11:38