SJ WorldNews - шаблон joomla Авто

အင်းစိန်ဆေးဝါး စက်ရုံမှ မြွေဆိပ်ဖြေဆေး အလုံးရေ ၅ဝဝဝ ကို ပြည်ပနိုင်ငံများသို့ တင်ပို့ ရောင်းချရန် စီစဉ်

Thursday, 30 May 2019 09:21 font size decrease font size decrease font size increase font size increase font size

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အင်းစိန်ဆေးဝါးစက်ရုံမှ ယခုနှစ်တွင် မြွေဆိပ်ဖြေဆေး အလုံးရေ သုံးသိန်း ထုတ်လုပ်မည်ဖြစ်ပြီး ပြည်ပနိုင်ငံများသို့ အလုံးရေ ၅ဝဝဝ တင်ပို့ရောင်းချရန် စီစဉ်နေကြောင်း အင်းစိန်ဆေးဝါးစက်ရုံမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးကိုကိုအောင်၏ ပြောကြားချက်အရ သိရသည်။

လက်ရှိတွင် ကမ္ဘောဒီးယားနှင့်   လာအိုနိုင်ငံတို့သို့ တင်ပို့ ရောင်းချမည်ဖြစ်ပြီး ယင်းကဲ့သို့ တင်ပို့ရောင်းချရာတွင် ပြည်တွင်း၌ မြွေဆိပ်ဖြေဆေး အေးခဲခြောက် တစ်လုံးလျှင် ငွေကျပ် ၄၈ဝဝဝ ဖြင့် ရောင်းချနေသည့် ဈေးနှုန်းအတိုင်း ရောင်းချ မည်ဖြစ်ကြောင်း သိရသည်။

''ပြည်ပနိုင်ငံနှစ်နိုင်ငံက ဝယ်ယူမှု ရှိလာတော့  ပြည်တွင်း လိုအပ်ချက်နဲ့   ပြည်ပတင်ပို့မှု တွက်ချက်ပြီး  ဒီနှစ်မှာ အလုံးရေ သုံးသိန်း ထုတ်လုပ်ဖို့ ရှိပါတယ်။  ဆေးဝါးဈေးနှုန်းက ကိုယ့်နိုင်ငံအနေနဲ့သာ များနေပေမယ့် တခြားနိုင်ငံတွေရဲ့ ဈေးနှုန်းနဲ့ နှိုင်းယှဉ်ရင် သက်သာပါတယ်။ မြွေဆိပ်ဖြေဆေးတွေကို ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနအပါအဝင် ပြည်တွင်းဆေးဝါး ကုမ္ပဏီတွေကို  အဓိက ရောင်းချပေးနေပါတယ်။ 

ဒါ့ပြင်  စက်မှုဝန်ကြီးဌာနရဲ့ BPI ဆေးဝါး အရောင်းဆိုင်တွေမှာလည်း   ဝယ်ယူနိုင်ပါတယ်''  ဟု  ဦးကိုကိုအောင် ကပြောသည်။

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင်  ပြည်ပသို့ မြွေဆိပ်ဖြေဆေး အလုံးရေ ၅ဝဝ စမ်းသပ် တင်ပို့ခဲ့ကာ ယခုနှစ်တွင်  အလုံးရေ ၅ဝဝဝ အထိ တင်ပို့မည်ဖြစ်ပြီး ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့သို့  တင်ပို့ရောင်းချမည်ဖြစ်ကြောင်း၊  ယင်းနိုင်ငံများမှ  FDA အဖွဲ့များကလည်း  အင်းစိန်ဆေးဝါး စက်ရုံမှ မြွေဆိပ်ဖြေဆေး ထုတ်လုပ်သည့် အပိုင်းများကို လာရောက်လေ့လာမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အင်းစိန်ဆေးဝါးစက်ရုံမှ ထုတ်လုပ်သည့် မြွေဆိပ်ဖြေဆေးများသည် မြွေဟောက်နှင့် မြွေပွေးအတွက် ရည်ရွယ်ထုတ်လုပ်ခြင်း ဖြစ်ပြီး အရည်နှင့် အေးခဲခြောက်ဟူ၍ နှစ်မျိုး ထုတ်လုပ်လျက်ရှိကြောင်း၊ မြွေဆိပ်ဖြေဆေးသည်  လူတစ်ဦး တစ်ယောက်ချင်း ဝယ်ယူ နိုင်သည့် ဆေးဝါးမဟုတ်ဘဲ အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့်  ကုမ္ပဏီများမှ တစ်ဆင့် ဝယ်ယူနိုင်သည့် ဆေးဝါးဖြစ်ကြောင်း သိရသည်။                                   

Read 61 times Last modified on Thursday, 30 May 2019 09:22