SJ WorldNews - шаблон joomla Авто

သီရိမင်္ဂလာဈေး၌ ကွမ်းဈေးနှုန်းများ ထက်ဝက်ကျော် မြင့်တက်

Wednesday, 05 June 2019 09:55 font size decrease font size decrease font size increase font size increase font size

ရန်ကုန်မြို့  သီရိမင်္ဂလာဈေးသို့  ကွမ်းအဝင်နည်းသောကြောင့်   ဈေးနှုန်းများ ထက်ဝက်ကျော်မြင့်တက်နေကြောင်း အဆိုပါဈေးမှ ဈေးတာဝန်ခံ ဦးအောင်လင်းဦး ထံမှ သိရသည်။

လက်ရှိတွင် ကွမ်းတစ်ပိဿာလျှင် ငွေကျပ်  ၅ဝဝဝ  မှ ၈ဝဝဝ  အထိရှိနေကာ  ယခင်လကထက် ဈေးနှုန်း ထက်ဝက်ကျော် မြင့်တက်နေခြင်းဖြစ်သည်။

''ကွမ်းဈေး အရမ်းကောင်းပြီး  အရောင်းအဝယ်ဖြစ်နေတယ်။  ဈေးက  ထက်ဝက်လောက် မြင့်တက်နေတယ်'' ဟု ဦးအောင်လင်းဦး ကပြောသည်။

လတ်တလောတွင်  သီရိမင်္ဂလာဈေးသို့ ပန်းတနော်၊ လေးအိမ်စု၊ တွံတေး၊ ညောင်တုန်းနှင့်  ဟင်္သာတမြို့နယ်တို့မှ   ကွမ်းများ ဝင်ရောက်လျက်ရှိသည်။

''ဒီအချိန်က စပ်ကူးမပ်ကူး အချိန်ဆိုတော့ ကွမ်းအဝင်နည်းတယ်။ တစ်ဖက်က ကွမ်းတုံးတဲ့အချိန်၊ တစ်ဖက်က ထွက်တဲ့အချိန်ဖြစ်နေတာပါ။ ညောင်တုန်းဘက်က ကွမ်းထွက်ရင်တော့   ဈေးပြန်ငြိမ်မှာပါ။   ဒီလိုအချိန်က ဖြစ်တတ်တဲ့ အချိန်ပါပဲ။ ဈေးကွက်အခြေအနေက ကွမ်းမရှိရင်တော့ ဈေးကောင်းမှာပါ'' ဟု ဦးအောင်လင်းဦး ကပြောသည်။

လာမည့်လအတွင်း ညောင်တုန်းကွမ်းများ  ထွက်ရှိချိန်တွင်  ဈေးနှုန်းပြန်လည် ကျဆင်းနိုင်ကြောင်း၊ လတ်တလောတွင် ကွမ်းတစ်ခြင်းလျှင် ၁၅ ပိဿာမှ ၂၅ ပိဿာ ဝန်းကျင်ရှိသည့် ပန်းတနော်ကွမ်းခြင်း ၂ဝဝ  မှ  ၃ဝဝ ဝန်းကျင်အထိ ဝင်ရောက်လျက် ရှိကြောင်း သိရသည်။

သီရိမင်္ဂလာဈေးမှ နေပြည်တော်၊ မန္တလေး၊  တောင်ကြီး၊ ဘိုကလေးနှင့်  မော်ကျွန်းတို့သို့  တွံတေးကွမ်းများ ပြန်လည်တင်ပို့နေခြင်း ဖြစ်ကာ ပန်းတနော်ကွမ်းများကို ရန်ကုန် လက်လီသမားများက ပိုမိုဝယ်ယူလေ့ ရှိကြောင်း  သိရသည်။

Read 69 times Last modified on Wednesday, 05 June 2019 09:56