နေပြည်တော် ဇွန် ၁ဝ
ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ တတိယနေ့ကို ယနေ့တွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။
အဆိုပါကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲသို့ ကုမ္ပဏီပေါင်း ၇၁၈ ခုမှ ပြည်တွင်းရတနာ ကုန်သည် ၁၉၉၃ ဦး တက်ရောက်ရန် မှတ်ပုံတင်ထားရှိပြီး ယနေ့တွင် ကျောက်မျက်တွဲ ၂၆ဝ တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ ကျောက်မျက်အတွဲပေါင်း ၄၉ တွဲကို တန်ဖိုးငွေကျပ် ၃၆၂ ဒသမ ဝ၉၉ သန်းဖြင့် ရောင်းချနိုင်ခဲ့သည်။
ထို့ပြင် ဇွန် ၁၁ ရက်တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည့် ကျောက်စိမ်းတွဲ အမှတ်(၁)မှ (၁ဝ၅ဝ)ထိကို ရတနာကုန်သည်များက စိတ်ကြိုက်စ စ်ဆေးခဲ့ကြပြီး သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ဈေးနှုန်း ပေးသွင်းလွှာများကို စနစ်တကျ ထည့်သွင်းကြသည်။
အဆိုပါပွဲတွင် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီဥက္ကဋ္ဌ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ရောင်းချပွဲ ကျင်းပနေမှုကို ကြည့်ရှုစစ်ဆေးရာ ပြပွဲဗဟို ကော်မတီအတွင်းရေးမှူး မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေး လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းနှင့် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းပြသကြသည်။မြန်မာကျပ်ငွေဖြင့် ရောင်းချပေးသည့် ကျောက်မျက် ရတနာပြပွဲကို ပြည်တွင်းမှ ကုန်သည်များ ကုန်ကြမ်းရရှိရန်နှင့် လုပ်ငန်းရှင်များ ဝင်ငွေရရှိရန် အတွက် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပြီး ဇွန် ၈ ရက်မှ ၁၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။