SJ WorldNews - шаблон joomla Авто

ရန်ကုန် ရွှေဈေးကွက်အတွင်း ရွှေဈေးနှုန်း ဆက်လက်မြင့်တက်

Wednesday, 12 June 2019 09:38 font size decrease font size decrease font size increase font size increase font size

ရန်ကုန်ရွှေဈေးကွက် အတွင်း  ဈေးနှုန်းများ မြင့်တက်လျက်ရှိရာ နှစ်ပတ်တာ ကာလအတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ်တစ်သောင်းခွဲကျော်အထိ မြင့်တက်လာကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်၏ ပြောပြချက်အရ သိရသည်။

ဇွန် ၁ ရက်က ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃ဝ၅ ဒေါ်လာ အထိသာ ဈေးနှုန်းရှိခဲ့ရာ ရန်ကုန်ရွှေဈေးကွက်အတွင်း   အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၁ဝ၅၄၅ဝဝ အထိ ဈေးနှုန်းမြင့်တက်ခဲ့သည်။ ယနေ့တွင်  ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင်  အမေရိကန်ဒေါ်လာ ၁၃၂၉ ဒေါ်လာအထိ ရှိပြီး ရန်ကုန်ရွှေဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၁ဝ၇ဝဝဝဝ ဖြင့် ဈေးဖွင့်ခဲ့ကြောင်း သိရသည်။

''အရောင်းအဝယ်ကတော့ အေးနေတယ်။ ဒီရာသီက  အရောင်းအဝယ် အေးတဲ့ရာသီလည်းဖြစ်တော့   နောက်နှစ်လလောက်အထိ ထပ်အေးနေဦးမယ်'' ဟု ဦးမျိုးမြင့်ကပြောသည်။

ထိုသို့ ရွှေဈေးနှုန်းမြင့်တက်မှုများကြောင့် ရွှေတုံးအဖြစ်   ဝယ်ယူစုဆောင်းသူများ ယခင်ကထက်   နည်းပါးလာသော်လည်း ပုံမှန်အနည်းငယ်သွားနေကာ  လက်ဝတ် ရတနာပိုင်းတွင်   ဈေးကွက်ပိုမို အေးနေကြောင်း သိရသည်။

''အခု ရွှေတုံးကတော့ အဝယ်နည်းသွားပေမယ့်    ပုံမှန်လေး သွားနေသေးတယ်။ လက်ဝတ်ရတနာကတော့ အရောင်းအေးနေတယ်။  ရွှေဈေးကတော့  ပုံမှန်လေးပဲ သွားနေမှာပါပဲ။ အလားအလာကတော့ သိပ်အတက်ကြီးလည်း မဟုတ်ဘူး၊  အကျကြီးလည်း မဟုတ်ဘူး'' ဟု ဦးမျိုးမြင့် ကပြောသည်။

ထို့ပြင် ရွှေဈေးကွက်အတွင်း ဈေးနှုန်းများ မြင့်တက်သည့်အတွက် ရွှေတုံးဝယ်ယူ စုဆောင်းသူများ အရှုံးအမြတ် များပြားမှုများရှိပြီး လက်ဝတ်ရတနာပိုင်းတွင် အခေါက် ရွှေလက်ကောက်ဝယ်ယူ စုဆောင်းသူ   မရှိသလောက်  ရှားပါးနေပြီဖြစ်သည်။  ဇွန် ၁၈ ရက်တွင်  အမေရိကန်နိုင်ငံ၌ ဘဏ်အဖွဲ့အစည်းအဝေး ပြုလုပ်မည်ဖြစ်ကာ ယင်းဘဏ် အဖွဲ့အစည်းမှ ဘဏ်ဈေးနှုန်း လျှော့ချပါက ကမ္ဘာ့ရွှေဈေး မြင့်တက်လာနိုင်ကြောင်း သိရသည်။

မြန်မာ့ရွှေဈေးနှုန်းသည် ကမ္ဘာ့ရွှေဈေးနှင့် ပြည်ပငွေလဲနှုန်းပေါ်တွင်  မူတည်လေ့ရှိရာ ပြီးခဲ့သည့်နှစ် အတွင်းက ပြည်တွင်း ငွေလဲနှုန်းများ မြင့်တက်လာသည့်အတွက် ရန်ကုန်ရွှေဈေးကွက်အတွင်း  ရွှေဈေးနှုန်းများ စံချိန်တင်မြင့်တက် ခဲ့ကြောင်း  သိရသည်။

Read 38 times Last modified on Wednesday, 12 June 2019 09:39