SJ WorldNews - шаблон joomla Авто

ကြက်သွန်နီ တင်သွင်းခွင့်ကို ဈေးကွက် လိုအပ်ချက်အရသာ ခွင့်ပြုပေးသင့်

Tuesday, 14 November 2017 12:57 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   နိုဝင်ဘာ   ၁၃

ပြည်တွင်းရှိ ကြက်သွန်နီဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် ပြည်ပမှကြက်သွန်နီ တင်သွင်းခွင့်ပါမစ် ထုတ်ပေးရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် စားဖိုဆောင် သီးနှံနှင့် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းက တင်ပြထားရာ ဝန်ကြီးဌာနမှ ခွင့်ပြုပါက ဈေးကွက်လိုအပ်ချက် အရသာ ခွင့်ပြုပေးသင့်ကြောင်း ကြက်သွန်နီကုန်သည်များထံမှ သိရသည်။

''ပြီးခဲ့တဲ့နှစ်ကလည်း  အခုလိုပြည်တွင်း ကြက်သွန်နီဈေးတွေ မြင့်တက်နေချိန်မှာ အသင်းရဲ့တောင်းဆိုချက်အရ ပြည်ပကနေ ကြက်သွန်နီ တင်သွင်းခွင့်ကို ခွင့်ပြုပေးခဲ့ပါတယ်။ နောက်ပိုင်း တရုတ်ကနေ ကြက်သွန်နီ တင်သွင်းတာကို ကန့်ကွက်ခဲ့ကြတဲ့အတွက် တင်သွင်းမှုကို ပိတ်ပင်ခဲ့တယ်။ ဒါပေမဲ့ အခုချိန်မှာ စားသုံးသူတွေ ဈေးနှုန်းကြီးမြင့်စွာနဲ့ မစားသုံးရစေဖို့ တရားဝင် တင်သွင်းခွင့်ပြုနိုင်အောင် ပါမစ်ထုတ်ပေးဖို့တင်ပြထားပါတယ်'' ဟု   မန္တလေးတိုင်းဒေသကြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ်  တင်ပို့ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဦးစိုးညွန့်ကပြောသည်။

လက်ရှိတွင်   ကြက်သွန်နီဈေးနှုန်းများ မြင့်တက်နေသော်လည်း ပြည်ပမှ တရားဝင် တင်သွင်းခွင့်ပြုထားခြင်း မရှိသေးကြောင်း၊  အသင်းမှ တင်သွင်းခွင့် တောင်းဆိုလာလျှင် ခွင့်ပြုပေးရန်   စီစဉ်မည်ဟု   စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင် ကပြောသည်။

သို့ရာတွင် ပြည်တွင်းကြက်သွန်နီ ဈေးကွက်အတွင်း မြစ်သားမြို့မှ မိုးကြက်သွန်များ ထွက်ရှိလာတော့မည်ဖြစ်သကဲ့သို့  တရုတ်နိုင်ငံမှ တင်သွင်းထားသည့် ပမာဏမှာလည်း ဈေးကွက်အတွက် လုံလောက်သည့် အနေအထား ရှိနေပြီဖြစ်သောကြောင့်   ထပ်မံ တင်သွင်းရန် မလိုအပ်နိုင်ကြောင်း သိရသည်။

လက်ရှိတွင်    ပြည်တွင်းကြက်သွန်နီ လက်ကားဈေးနှုန်းမှာ ရှယ်တစ်ပိဿာလျှင် ငွေကျပ် ၂၇ဝဝ ခန့်ရှိပြီး တရုတ်ကြက်သွန်နီ တစ်ပိဿာလျှင်  ငွေကျပ် ၁၆ဝဝ ခန့်သာ ရှိကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရသည်။    

Read 4 times Last modified on Tuesday, 14 November 2017 12:58