SJ WorldNews - шаблон joomla Авто

နွေသင်္ကေတ ရေသယံဇာတနှင့် နည်းမှီဖွယ်ဆိုထုံးစကား

Friday, 20 April 2018 10:00 Written by  font size decrease font size decrease font size increase font size increase font size

''တန်ခူးရေကုန်၊ ကဆုန်ရေခန်း''၊ ''ကဆုန် နယုန် ဆွေ့ဆွေ့ခုန်''စသည်ဖြင့် မြန်မာမှု ဆိုရိုးစကား ကျွမ်းဝင်ကြပြီးဖြစ်လေသည်။ နွေရာသီဂိမှာန်၏သရုပ်သကန်ဖြစ်ပြီး ပူပြင်း ခြောက်သွေ့မှုဒဏ် မခံမရပ် နိုင်အောင်ဖြစ်ရတတ်ပေသည်။ ထိုအခါ ရေကိုတောင့်တကြ၏။ ရှားပါးလာသည့်အချိန်လည်းဖြစ်၏။ လောကီ၊    လောကုတ္တရာအမှတ်အသား စကားတွင် ဒါနနှင့်သီလမပါလျှင် သေခါမှသိမည်၊ ရေဘူးနှင့်ဖိနပ် မပါလျှင်   နွေခါမှ သိမည်ဆိုသည့် ရှင်းလင်းသောသြဝါဒသည် နွေ၏   သင်္ကေတအဖြစ် ပေါ်လွင်ပေ သည်။

တကယ်တော့ ရေသည်သဘာဝအရင်း အမြစ်ဖြစ်၏။ လူနေမှုစနစ်အားလုံးကို လွှမ်းမိုးထားသည်။ သောက်ရေ၊ သုံးရေ၊  စိုက်ပျိုးရေ၊ ကူးသန်းသွားလာမှု အထွေထွေ အရပ်ရပ်စုံလင်၏။ သဘာဝကပေးသော လက်ဆောင်ကောင်းလည်းဖြစ်၏။ ကမ္ဘာ၏ လေးပုံသုံးပုံသည် ရေလွှမ်းမိုးသည်ဟုဆို၏။

လူ၏ ခန္ဓာကိုယ်သည်လည်း ရေဓာတ်များစွာ ကိန်းအောင်းပေ၏။

ရေသယံဇာတနှင့်ပတ်သက်၍ အလွန်အကျွံ အသုံးမပြုရေး၊ ဂေဟစနစ်ကောင်းမွန်ရေး၊ ဥတုရာသီ ကောင်းမွန်ရေး အတွက် ကမ္ဘာနှင့် ချီ၍ စဉ်းစားလုပ်ဆောင်ကြသည်။ မြန်မာနိုင်ငံတွင် ရေအရင်းအမြစ်   အသုံးချရေးအတွက်   ပဓာနပြုရွက်ဆောင်ဆဲဖြစ်၏။ ဆည်မြောင်း၊ ချောင်းကန်ရေ စုဆောင်းမှု၊ အသုံးချမှု တို့ကို    မျှတဖို့အားထုတ်ပေ၏။

ယခုနှစ်စဉ်ကြုံတွေ့ရသော ပူပြင်းမှုဒဏ်၊ ရေရှားပါးမှုတို့ကား လှုပ်လှုပ်ရှားရှားဖြစ်လာပေသည်။ အတွေ့ အကြုံများ အရ ရေရှားပါး မှုဒဏ်မခံစားရအောင် ကြိုတင်စီမံဆောင်ရွက်ကြသဖြင့် အောင်မြင်မှုရကြသည်။

မြေအောက်ရေရှာဖွေ၏။ စက်ရေတွင်းတူး၏။   သို့တိုင်အောင်  ဒေသတိုင်း   အဆင်ပြေကြသည်မဟုတ်။ ပရဟိတအကူ အညီတွေပြုကြရ၏။ ရေဖြန့်ဖြူးလှူဒါန်းမှုသာမက တစ်ရွာနှင့်တစ်ရွာ ရေကိုသွယ်တန်း ကြသည်လည်းရှိ၏။ အဖိုးတန်ရေဖြစ်၏။  သည်အချိန်တွင် ရွှေကိုမလို ရေကိုသာလိုသည် ဟူ၍ပင် ပြောကြသည်။ ရှေးမြန်မာကြီး များသည် ရေကိုအကြောင်းပြု၍ ဆောင်ရန်၊ ရှောင်ရန်  ဆိုထုံးစကားများ ထားကြ၏။

မြန်မာလူနေမှုစနစ်အပေါ်   အတော်ပင် လွှမ်းမိုးပေသည်။ ထုံးမီစံမျှ ဥပမာများစွာရှိ၏။

ရေကိုအကြောင်းပြု၍ သုခဒုက္ခမျိုးစုံ လှ၏။ စာပေအရာလည်းဝင်၏။ ဘုရားရှင်လက်ထက်က   ကပိလ ဝတ်နှင့် ကောလိယ နှစ်ပြည်ထောင် ရေခွဲဝေသုံးစွဲမှုကို အကြောင်း ပြု၍ စစ်တိုက်ရန်ပြုတော့မည့် အခြေအနေသို့  ဆိုက်ရောက်ခဲ့၏။ ထိုအခါ ဗုဒ္ဓမြတ်စွာက ငြိမ်းချမ်းရေးတရားဟောကာ   အေးချမ်းမှု ကို ရှာဖွေပေးခဲ့လေသည်။ သောက်သုံးရေ၊  စိုက်ပျိုးရေကိုအကြောင်းပြုသည့် ပြဿနာများကား   မကြာခဏ ကြားသိရတတ်၏။ ဘုရားရှင် လက်ထက်ကပင်ကြုံခဲ့ဖူးလေပြီ။

ရေကို တန်ဖိုးထားခြင်းကို ရေမြေ့သနင်း  ပြည့်ရှင်မင်းဟုတင်စားပေသေးသည်။  ရေချိုနှင့် ရေငန်ဟူ၍ နှစ်မျိုးရှိရာ ပကတိကြည်လင် သန့်ရှင်းအေးမြသောရေ၊ မေတ္တာရေဟုပင် တင်စားရသည့်ရေကို အသုံးပြုလိုသည်ချည်း ဖြစ်၏။ စုဆောင်းအပ်သည့် ရေတွင်းရေကန် မခန်းခြောက်စေဘဲ ကျန်းမာရေးနှင့် လူမှုဘဝ သန့်ရှင်းလှပအောင် ရှေးယခင်ကပင်ချွေတာ သည့်အလေ့အထရှိ၏။ စာရေးသူတို့ ငယ်စဉ် ဘဝ ကျေးလက်တွင် ရေအလွန်ရှားပါးသည့်  နွေကာလကိုကြုံဖူး၏။ အတော်ပင် ဝေးကွာ သောရွာကိုသွားကာ သားအဖနှစ်ဦး လှည်းဖြင့် ခက်ခဲစွာရေ သယ်ခဲ့ရသည်ကို အမှတ်ရဆဲ ဖြစ်၏။

မည်သို့ပင်ဖြစ်စေ ကျေးလက်ရော မြို့ပြမှာပါ နွေရာသီပြယုဂ်  ရေပြဿနာကား ကြုံရစမြဲဖြစ်၏။ ချွေတာရ၏။ ရေရှာရ၏။  သန့်ရှင်းကျန်းမာစေဖို့  လုံ့လပြုကြရသေးသည်။  နေ့စဉ်ကြုံတွေ့ မသုံးမဖြစ် ရေကို  အကြောင်းပြုသော စာပေစကား လူရာဝင်မှုအစုစုကို သင်ခန်းစာပြုနိုင်ဖို့ ထင်ဟပ်တင်ပြ ချင်ပါ၏။  ညီညာပြန့်ပြူးသော ရေသည် တစ်သားတည်းရှိ၏။ ရေကိုသား၍ အကြားမထင်သကဲ့သို့ လူရေးလူမှုတွင် သွေးမကွဲ  ညီညွတ်ဖို့ ဦးစွာတွန်းအားပေး၏။ စကားပြောရာတွင် သတိထားပြီး မယွင်းမမှားစေရန် ရေကူးညာတင်ပြောတတ်ရ၏။ ရေစစ်ကရားပမာ ကျင့်သုံးရ၏။ စကားကြီးဆယ်ခွန်း၌ အကျုံးဝင်၏။ လန်းဆန်းစေသောရေကို အကြောင်းပြု၍  ရေလိုအေးပြီး ပန်းလိုမွှေးပါစေဟု ဆုမွန်ခြွေကြပေသည်။ မြန်မာ့ရှုခင်းတွင်  ရေလှိုင်းပြာကန်ရေပြင်ကို  ခဲဖြင့် ပစ်ပေါက်ပါက လှိုင်းဂယက်ထတတ်သည့် ဓမ္မတာကို သင်ခန်းစာ ပေးကြပါ၏။

သာမန်အားဖြင့် ငြိမ်သက်တည်ကြည်သောရေသည်   တစ်ခါတစ်ရံ သူလည်းလေ လောကီသားပေမို့ဟု  ဆိုရမည်လားမသိ။ အမျက်စောင်မာန်ကြီး၏။ သဘာဝတရားအရ သတိထားရပေ၏။ ဆိုရိုးစကား တစ်ခုတွင်  မီးစောင်းထက် ရေစောင်းထက်၏။ ရေစောင်းထက် လေစောင်းထက်၏ဟုဆို၏။ လက်တွေ့

ကျ၏။ စောင့်ကြည့်ဖို့ဖြစ်၏။ တစ်ခါတစ်ရံ ချောင်းရေကလျှံ၊    ကန်ရေကတိုးသဖြင့် သွားလာရခက်ခဲ၏။ ယင်းအခြေ အနေ၌  ချစ်သူမောင်ကြီးလာမကြိုပါနဲ့   ရေနစ်မှာ စိုးရိမ်ကြောင်း မိန်းမပျိုလေး၏ အမှာ စကားကို ကျေးလက်ကဗျာ တစ်ပုဒ်အဖြစ် တွေ့ရမှတ် ရဖူး၏။

အတက်အကျရှိသောရေသည် Rising and falling coming and going  ဟုဆိုသကဲ့သို့ လူ့ဘဝနှင့် ဆက်နွှယ်၏။   လောကဓံတရား အရ အတက်အကျ၊ အနိမ့်အမြင့်ကြုံရသော လူ့ဘဝသည် ဒီရေနှင့်သဘောချင်း မျှလေ သည်။ ရေကန်၏တင့်တယ်မှုသည် ကြာဖြစ်လေရာ ရေကန်မှာ ကြာရှိမှတင့်တယ်ကြောင်း ဥပမာပြုကာ  လက်ရာကွန့်မြူးမှုအလင်္ကာ ကို တွေ့ရမည်ဖြစ်၏။  ကန်ရေ၏အတိမ် အနက်ကား  ကြာရိုးကြာစွယ်ဖြင့်  သိနိုင်ပါ၏။

သားတို့ရုပ်ရည်၊     ရေကြည်ချမ်းမြ၊  တစ်ပေါက်ကျက မိဘတို့ဝမ်း၊  ငြိမ်းစတမ်း ဟုဆိုသည့် ကိုးခန်းပျို့ လာ ရှင်မဟာရဋ္ဌသာရ ၏ အရေးအသားက သားသမီးနှင့် မိဘမေတ္တာကိုဖော်ညွှန်းပါ၏။ သီတာရေစင်ပမာ အေးမြသော မိဘမေတ္တာ၏ ပုံရိပ်၊ တောင်ကျ ရေပမာ ဒလဟောကျသည့် မေတ္တာတို့ကား ရေ၏ သဘာဝကို အမှီပြု၍ ထွက်ပေါ်လာခြင်းဖြစ်ရာ   နည်းမှီစရာ ဖြစ်ရလေသည်။

သတိပြုစရာတစ်ခုတော့ရှိ၏။ အများမိုးခါး ရေသောက်တိုင်း လိုက်မသောက်ဖို့ဖြစ်လေသည်။ လောကကြီးတွင် ရေလိုက်ငါးလိုက် နေတတ်ဖို့ သွန်သင်သကဲ့သို့  အဆင်ပြေလျှင်လည်း ရေငတ်တုန်း ရေတွင်းထဲကျရပေသည်။ သို့ရာတွင် ရေနစ်သူဝါးကူထိုးသည့် အခြေအနေမကြုံဖို့ကလည်း အရေးကြီးပြန်

၏။  ပူပြင်းခြောက်သွေ့သော   နွေရာသီခရီးသွားချိန်တွင်  လမ်းခရီး  အပင်ကြီး၌ အေးမြသော ရေချမ်းစင် တွေ့ ရပါက ပီတိဖြာ ရ၏။ သာဓုခေါ်ရပေ၏။ မြန်မာ့စိတ်ထားဖြစ်၏။

မပြည့်သည့်အိုး ဘောင်ဘင်ခတ်သည်ဟု ဆိုကြ၏။ ပညာမဲ့တို့ကို ရှုတ်ချသည့်ဥပမာ ဖြစ်၏။ ရေပြည့်အိုး ကား တည်ငြိမ်၏။ ပညာရှိ ပီသ၏။ မေးမှပြောတတ်လေသည်။ အတုယူစရာကောင်း၏။ အပင်ကြီးထွားဖို့ ရေသောက် မြစ်ကောင်းလိုသကဲ့သို့ ပညာပြည့်ဝဖို့ လုံ့လ ပြုရပေဦးမည်။    စစ်သုံးစကားတစ်ခုတွင် ဘူးပေါက်တာ မလို ချင်ဘူး၊ ရေပါတာပဲ လိုချင်သည် ဟူသောစကားကြားရတတ်၏။

အဓိကပစ်မှတ် ရည်မှန်းချက်ကိုရောက်ရှိရန် ညွှန်းဆိုခြင်းဖြစ်၏။ လူသားတို့၏ ကြိုးစားမှု အရ ရလဒ်ကောင်း ပေါ်ထွက်စမြဲဖြစ်သည်။ 

ရေမြင့်ကြာတင့်သဘောဖြစ်၏။ မိခင်၏ အရေးပါမှုကို အမိမဲ့သားရေနည်းငါးပမာ တင်စားကြ၏။ မိခင်မေတ္တာ ပေါ်လွင် စေမှုဟု  ဆိုချင်ပေသည်။

လောကကြီးတွင် အတော်ပင်သတိထား ရသည့်စကားဆိုရိုးအနက် ရေများရေနိုင်၊ မီးများမီးနိုင်ဟူသော အကြောင်း ရပ်ဖြစ်၏။

အင်အားကြီးမားမှုက အနိုင်ရ၊ အနိုင်ယူခြင်းသည် အနိုင်ကျင့်ခြင်းနှင့်တူသည်ဟုဆိုချင်ပေသည်။

တစ်စက်တစ်စက်ကျလာသည့်မိုးရေကို  စရည်းခွက်ပြည့်အောင် စုဆောင်းရသကဲ့သို့  ပညာကိုတစ်စတစ်စ ရှာဖွေသိုမှီးဖို့ လောက သာရပျို့တွင်ဆိုဖူးပေသည်။ သို့သော် ရှေးကသံချပ်တစ်ပုဒ်၌   ''ခြင်းကြားကြီးနဲ့ ရေကိုယူ အိုးကိုတုလို့ပါနိုင်ရိုးလား''ဟူ၍ ကြားဖူး၏။

သဘာဝကျဖို့၊ သယ်ယူတတ်ဖို့လိုပေသည်။   ရေလိုအေးပြီး  ပန်းလိုမွှေးပါစေဆိုသော ဆုတောင်းဆု ယူစကားက မည်သည့်အခါ မျှမရိုးနိုင်ပါ။ လူ့ဘဝသည် ရေစီးတစ်ခါရေသာတစ်လှည့်ဖြစ်တတ်ပေရာ ရေသာခို အချောင်လိုက်စိတ်ထားမမွေးသင့်။ ရေများ ရာမိုးရွာဆိုသကဲ့သို့ ဖောင်စီးရင်းရေငတ်ခြင်း မျိုးကား မလိုလားအပ်ပါပေ။ ကျက်သရေရှိ သော    ဓမ္မဂီတရေကင်းသံကာချိုမြိန်လှ ပါ၏။

ဤစာစုကို အနားသတ်ချင်ပါ၏။ ''နွေနှင့် ရေ'' ဒွန်တွဲရင်း လွန်ဆွဲနေခြင်းဖြစ်၏။ မရှိ မဖြစ် သဘာဝ တရားဖြစ်သည်။ ကမ္ဘာသုံး ပြက္ခဒိန်အရ မတ်၊ ဧပြီ၊ မေလတို့သည် ပူပြင်း နွေကန္တာရ အခါရာသီဖြစ်၏။ ရေသယံဇာတ ပေါများစေရန်အတွက်  မူလကပင် ဆည်မြောင်း၊ ကန်၊ ချောင်း၊ မြေအောက်ရေစီမံကြ သည်။ ရေရှားပါးဒေသများအတွက် ပရဟိတတွေ၊ ဖြန့်ဝေမှုစနစ်တွေဖြင့် ဖြည့်ဆည်းကြရသည်။

နွေနှင့်ရေ  သရုပ်သကန်စာပေဆိုထုံး စကားသင်ခန်းစာများကား   မြန်မာမှု၌တွင်ကျယ်လျက်ရှိပါ၏။  

ညွန့်ဟံ (ကြူတော)

................

Read 8 times
Rate this item
(0 votes)
Last modified on Friday, 20 April 2018 10:13