SJ WorldNews - шаблон joomla Авто

ကောင်းကျိုးလိုရာပြည့်စေရန်

Tuesday, 04 September 2018 11:43 Written by  font size decrease font size decrease font size increase font size increase font size

ဝါတွင်းကာလ ဥပုသ်ရက်ဖြစ်တာကြောင့် ဘုန်းကြီးကျောင်းကို ဥပုသ်စောင့်ဖို့ရာ အိမ်က ထွက်လာပါတယ်။ ဆရာမကြီးတစ်ဦးနဲ့ သူ့ရဲ့မြေးလေးနဲ့ အတူဆုံကြတော့ အတူသွားကြ ပါတယ်။ အဲ့ဒီဆရာမကြီးက အ-ထ-ကပြ(ငြိမ်း)ပါ။ သူ့ရဲ့မြေးမက ခြောက်နှစ်အရွယ် မြေးမလေးပါ။ လမ်းမှာဆရာမကြီး မြေးမက ဘွားဘွားဒီနေ့ အိုင်ဒေါလာမှာ။ အဲဒါဘွားဘွား မကြည့်ရတော့ဘူးနော်တဲ့။ ကြည့်စမ်းဟုတ်ပါ့။ ဒီနေ့သောကြာနေ့ပါ။ အိုင်ဒေါကို တီဗွီကလာမှာ။ အဲဒါကို ဥပုသ်စောင့်မှာမို့ မကြည့်သင့်တာ။ ကလေးပေမယ့် သိနေပါလား တွေးမိပါတယ်။ ဒါကလည်း ကလေးများကို အဘွားက ဘုန်းကြီးကျောင်း ဥပုသ်စောင့် ခေါ်လာတော့ သူ့အသိ၊ သူ့အတွေးနဲ့ သိတတ်နေမှုပါ။ ဘုန်းကြီးကျောင်းကို မြေးငယ်၊ သမီးငယ်များ ခေါ်သွားခြင်းဖြင့် ရဟန်းသံဃာများနဲ့ ပြောဆိုရာမှာ ယဉ်ကျေးလိမ္မာ သင်ကြားသလို အသိပညာအလိမ္မာ တိုးစေပါတယ်။ ကျွန်မတို့တစ်တွေ လမ်းလျှောက် သွားတာ ဘုန်းကြီးကျောင်းကိုရောက်တော့ ဆရာတော်ကို ဦးချကန်တော့ပါတယ်။ ဆရာတော်က ဒါယိကာမကြီးရေးတဲ့ ဆောင်းပါးဖတ်ရတယ်တဲ့။ ဥပုသ်သီတင်းသီလ ဆောက်တည်ခြင်း အကျိုးတရား ရေးသားပါဦး စာရေးဆရာမကြီးတဲ့။ ဆရာတော်မိန့်ကြားတဲ့ သဘော နားလည်ခံစားမိပါတယ်။ ဝါဆိုလပြည့်နေ့ တုန်းကတော့ ကျောင်းကဓမ္မဗိမာန် တော်ကြီး လူအပြည့်နီးပါးပါ။ ဒီနေ့လကွယ်နေ့ လူတစ်ဝက်သာသာမို့ သီလယူ ဆောက်တည်သူ နည်းပါးနေတာ အားမရဟန် ရှိပါတယ်။ ဘယ်နေရာမှာမဆို ဝါဆိုလပြည့်မှာ စေတီပုထိုး ကျောင်းကန်လူအပြည့် လူအများပါ။ အခုခေတ်အခါမှာ နိုင်ငံတော်က ရုပ်မြင်သံကြားမှာလည်း ဆရာတော်ကြီးများက ဥပုသ်ပေးတရား လွှင့်ပေးပါတယ်။ ဥပုသ်သီတင်း သီလယူခြင်းက ဘုရားရှင်ရှေ့ ကိုယ်တိုင်ယူလည်း ရပါတယ်။ ဆောက်တည် ထိန်းသိမ်းမှုက မိမိကိုယ်တိုင်ပါ။ ကျွန်မကတော့ ကိုယ်တိုင်သီလ သွားယူဆောက်တည်ရတာ သဘောကျ စိတ်ချမ်းသာပါတယ်။ ကျောင်းနဲ့နီးနီးနားနား နေတာကလည်း ကုသိုလ်ကောင်းတယ် ထင်မိပါတယ်။ ဗုဒ္ဓဘာသာဝင် တစ်ဦးတစ်ယောက်ဟာ ဗုဒ္ဓရတနာ၊ ဓမ္မရတနာ၊ သံဃာရတနာ စတဲ့ရတနာမြတ် သုံးပါးကို သက်ဝင်ယုံကြည် ရိုသေစွာ ဆည်းကပ်ကြည်ညိုရင်း သတ္တဝါတို့ရဲ့ ဘေးဒုက္ခကို ပယ်ပျောက်နိုင်တဲ့ အစွမ်းရှိပါတယ်။ ရတနာသုံးပါး မြတ်တရား ကြည်ညိုလျှင် ကပ်သုံးပါး ကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဗုဒ္ဓရတနာ အရဟံအစ ဂုဏ်တော်ကိုးပါးနဲ့ ပြည့်စုံသော ဗုဒ္ဓ၏ တရားဒေသနာ နာကြားရသူ စိတ်ချမ်းသာပြီး အသိဥာဏ်တွေ တိုးပါတယ်။ မြတ်ဗုဒ္ဓတရားများက အလုံးစုံသော သတ္တဝါတွေ ကြီးပွားစေတဲ့နည်းလမ်းတွေ ဟောကြားသလို မကြီးပွား ဆုတ်ယုတ် မကောင်းသော နည်းလမ်းကို ရှောင်ကြဉ်ကြဖို့လည်း ဟောတော်မူပါတယ်။ မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန်ပရိယတ္တိ ဤဆယ်မျိုးကိုဓမ္မလို့ ခေါ်ပါတယ်။ သမ္ဗုဒ္ဓိ အရိယာနှစ်ဖြာ သံဃာတော် အရှင်မြတ်တို့လည်း ဗုဒ္ဓသားတော် ဗုဒ္ဓတရားတော် များနဲ့အညီ ကောင်းမှုကို ကြီးကျယ် ဖွံ့ဖြိုးစေပြီး ဘေးဒုက္ခကင်းဝေးရာ ဒေသနာများ ကူညီညွှန်ပြလို့ သံဃာရတနာမည်ပါတယ်။ ဒါကြောင့် အနန္တော အနန္တ ငါးပါးနှင့် တစ်ဂိုဏ်းတည်းထား ပူဇော်ခံထိုက်တာဖြစ်ပါတယ်။ လူတွေတရား ဓမ္မမေ့လျော့နေရင် ကပ်ဆိုက်ပါတယ်။ ကပ်ဆိုတာ ပျက်စီးခြင်းပါပဲ။ ဒုဗ္ဘိက္ခန္တရကပ် (အစာရေစာ ငတ်မွတ်ခေါင်းပါးမှုကြောင့် သေကျေပျက်စီးခြင်းဘေး) သတ္ထန္တရကပ် (လက်နက်ဘေးကြောင့် သေကျေပျက်စီးခြင်းဘေး) ရောဂန္တရကပ် (ရောဂါဝေဒနာ အမျိုးမျိုးသော ဘေးကြောင့် သေကျေပျက်စီးခြင်းဘေး) အဲဒီကပ်သုံးပါးက ကင်းဝေးကြရန် စိတ်ရည်သန်လျှင် ဗုဒ္ဓံပူဇေမိ၊ ဓမ္မံပူဇေမိ၊ သံဃံပူဇေမိ ရတနာမြတ်သုံးပါး ဆည်းကပ်ကိုးကွယ် အန္တရာယ်လွတ်မှာ၊ ကုသိုလ်ရမှာ မလွဲပါ။ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာအနန္တော အနန္တ ငါးပါး ဆည်းကပ်ကိုးကွယ်ပါ။ ရေ၊ မီး၊ မင်းဆိုး၊ ခိုးသူ(ဓားပြ)၊ အမွေခံသားဆိုး၊ သမီးဆိုး၊ မချစ်မနှစ်သက်သူ အဲဒီငါးပါး ဘေးကင်းဝေးရုံမက ကုသိုလ်တွေလည်း ရမှာမလွဲပါ။ ဗုဒ္ဓဂုဏော အနန္တော (မြတ်စွာဘုရား၏ ဂုဏ်တော် ကျေးဇူးတော်သည် အဆုံးမရှိ ကျယ်ဝန်းလှသည်)၊ ဓမ္မဂုဏောအနန္တော (တရားတော်၏ ဂုဏ်တော် ကျေးဇူးတော်သည် အဆုံးမရှိ ကျယ်ဝန်းလှသည်)၊ သံဃဂုဏော အနန္တော (သံဃာတော်မြတ်၏ ဂုဏ်တော်ကျေးဇူးတော်သည် အဆုံးမရှိ ကျယ်ဝန်းလှသည်)၊ မာတာပိတုဂုဏော အနန္တော (အမိအဘတို့၏ ဂုဏ်တော်ကျေးဇူးတော်သည် အဆုံးမရှိ ကျယ်ဝန်းလှသည်)၊ အာစရိယဂုဏော အနန္တော (ဆရာသမားတို့၏ ဂုဏ်တော်ကျေးဇူး တော်သည် အဆုံးမရှိ ကျယ်ဝန်းလှသည်) အနန္တော အနန္တငါးပါး ဂုဏ်အင်အောက်မေ့ ရိုသေလျှင် ဘေးငါးမျိုးကင်းဝေး ရုံမက ကုသိုလ်အကျိုးအားဖြင့် ကြီးမားလှပါတယ်။ အဓိက အနေဖြင့် ငါးပါးသီလ လုံခြုံစွာ စောင့်ထိန်းပါလျှင် ယခုဘဝမက နောက်ဘဝများစွာ ကုသိုလ်အကျိုးပေး ထူးလှမှာ မလွဲပါ။ သေချာဝေဖန်ပိုင်းခြား သတိထားလျှင် ငါးပါးသီလ လုံခြုံစွာ ထိန်းသိမ်းနိုင်မှာပါ။ ပါဏာတိပါတာ ဆိုတာ သူ့အသက်သတ်တာပါ။ သူ့အသက်သတ်ရင် ကိုယ့်အသက်တိုမယ်။ သူ့အသက်ကိုသတ်တာ ရှောင်ကြဉ်ရမှာပါ။ ပုရွက်ဆိတ်ပဲ၊ ခြင်ပဲ၊ ယင်ပဲ ကိုယ်ကချွတ်မှ ကျွတ်တာပါဆိုတာ ကြားဖူးပါသေးတယ်။ အသက်ဟာအသက်ပါပဲ။ နောက် အဒိန္နာဒါနာ ဝေရမဏီ ကိုယ်နှုတ်ဖြင့်မပေးသော သူတစ်ပါး ဥစ္စာပစ္စည်း ခိုးယူခြင်းမှ ရှောင်ကြဉ်တာပါ။ မသိအောင်ယူတယ်။ လိမ်ညာယူတယ်။ မတရားယူတာမို့ အကုသိုလ်ဖြစ်ပါတယ်။ ကာမေသုမိစ္ဆာ သူများသား၊ မယားပြစ်မှားခြင်း အဓိပ္ပာယ်က လင်ရှိမယား၊ မိန်းမရှိယောက်ျားတင် မကပါဘူး။ မိဘအုပ်ထိန်းသူ လက်ထဲ အုပ်ထိန်းမှုမကင်းတဲ့ မိန်းကလေး၊ ယောက်ျားလေးကြီးငယ် ပါဝင်ပါတယ်။ ယခုကာလ မှုခင်းတွေ ဖတ်ရကြားနေရတာက သက်ငယ်မုဒိမ်းမှုတဲ့။ မကြားဝံ့မနာသာပါ။ စိတ်လည်း လုံးဝမကောင်း ယူကျုံးမရစရာတွေ၊ ကြေကွဲဝမ်းနည်းစရာတွေပါ။ မုသာဝါဒ မဟုတ်မမှန်စကား ပြောဆိုခြင်း ရှောင်ကြဉ်ရမယ့်သိက္ခာပုဒ်ပါ။ သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဒီနေရာမှာ အရက်သေစာသာမက မူးယစ်စေတဲ့ဆေးတွေ၊ စိတ်ကြွရူးသွပ်စေတဲ့ဆေးတွေ အားလုံး ပါပါတယ်။ ဒီမူးယစ်စေတဲ့ ဆေးတွေ သုံးရင်၊သောက်ရင် ဘာမဆိုမကောင်းတာတွေ ဆက်လက်ကျူးလွန်ဖို့ လက်မနှေးတော့ပါဘူး။ အခုခေတ်မှာဖြစ်တဲ့ ပြစ်မှုတွေဟာ ဒီမူးယစ်တာတွေက အခြေခံပြီး ဖြစ်တာများပါတယ်။ ဗုဒ္ဓဘာသာတရား အလေးထားပြီး လိုက်နာကျင့်သုံးပြီး အထက်ပါရေးခဲ့တဲ့ ငါးပါးသီလ လုံခြုံပါရင် မကောင်းမှု ဒုစရိုက်တွေ ကင်းစင်မှာပါ။ ငါးပါးသီလကို ခါးဝတ်ပုဆိုးလို မြဲပါတဲ့ ရှေးကပညာရှိ သူတော်ကောင်းတွေ ဆိုဆုံးမခဲ့တာ ကြားဖူးဖတ်ဖူးကြမှာပါ။ ငါးပါးသီလ လုံခြုံစွာစောင့်ထိန်းလို့ လူ့ပြည်လူ့ဘဝ မှာတင် မသေခင်ကတည်းက နတ်တွေက နတ်ပြည်ကို အလည်ဖိတ်ခေါ်လို့ နတ်ပြည် ရောက်သွားတဲ့ လူတစ်ယောက်အကြောင်း ရေးပြချင်ပါတယ်။ ကိုယ်တွေ့တော့ မဟုတ်ပါ။ စာတွေ့ပါ။ တိုင်းပြည်တစ်ပြည် နာမည်က မိတ္ထီလာပြည် အုပ်ချုပ်တဲ့ ဘုရင်က သာဂိနမင်းကြီး အမည်ရပါတယ်။ ဘုရင်ကစလို့ ပြည်သူပြည်သားရှိသမျှ လူအားလုံး ကိုယ်ကျင့် တရားတွေကောင်း၊ သီလတွေ ဆောက်တည်ကြတော့ အားလုံးလောကီစီးပွား၊ လောကုတ္တရာအကျိုး စိတ်အေးချမ်းသာရှာဖွေ နေထိုင်နိုင်ကြတယ်တဲ့။ လူ့ပြည်လူ့ရွာမှာ ကျော်စောထင်ရှားသည် မက နတ်ပြည်ခြောက်ထပ်အထိ ပျံ့နှံ့ကျော်ကြားတယ် ဆိုပါတယ်။ ဂုဏ်သတင်းကြီးတော့ သိကြားမင်းကြီးက ကြည်ညိုလို့ လူ့ပြည်က သာဂိနမင်းကြီးအား နတ်ပြည်ကို လာလည်ပြီး နတ်စည်းစိမ်ခံစားပါ။ လှည့်ရှုပါလှည့်လို့ ဖိတ်မန္တကပြုပါတယ်တဲ့။ ဘုရင်ကြီးက သဘောတူပြီး နတ်ပြည်လိုက်လည်တာ ခုနစ်ရက်ကြာတယ်။ တစ်ပတ်ပေါ့နော်။ လူ့ပြည်သက်တမ်းနဲ့ဆို လူ့အသက်နှစ်(၁ဝဝ)ကို နတ်ပြည်မှာတစ်ရက်မို့ နှစ်(၇ဝဝ)ပေါ့။ အဲလို သိကြားမင်းဖိတ်ကြားလို့ နတ်ပြည်ကိုလည်တာ၊ နတ်စည်းစိမ် ခံစားနိုင်တာ လူ့ကျင့်ဝတ်ဝိနည်း စည်းကမ်းတကျ နေသည်သာမက သီလတန်ခိုးတော်ကြောင့်ပါ။ သီလဆိုတဲ့ စောင်းတန်းကြောင့် နတ်ပြည်ရောက်တာပါ။ နတ်ပြည်ကနေ လူ့ပြည်ပြန်ရောက်ပြန်လည်း ရှေးကလိုပါပဲ။ ငါးပါးသီလ လုံခြုံအောင်စောင့်လို့ ဒါနသီလဘာဝနာ နေ့စဉ်မပြတ် ဆောက်တည်လို့နေခဲ့တာ သက်တမ်းကုန်လို့ နတ်ရွာစံတော့လည်း နတ်ပြည်ရောက်သွား ပါတယ်တဲ့။ နတ်ရွာစံတယ်ဆိုတာ သာဂိနမင်းကြီးမျိုးကို ရည်ရွယ်ပြီး ပေါ်လာတာလို့ ဆိုပါတယ်။ သီလဆောက်တည်ခြင်းဖြင့် ခံစားနိုင်မယ့်အကျိုးကို ရှေးကဖော်ပြခဲ့တာလေး ဖတ်မိတာလေး ဝေမျှရေးသားတာပါ။ သီလမလုံခြုံရင် ဥပမာ ပါဏာတိပါတာ ကံကျူးလွန်တယ်။ လူ့အသက်ကိုသတ်မယ်။ ယခု ပစ္စုပ္ပန်သက်ဆိုင်ရာ ဥပဒေနဲ့ အရေးယူမယ်။ အပါယ်ကျမှာက နောင်ဘဝ၊ ယခုဘဝ မှာပင်ဆိုးကျိုးကို ရင်ဆိုင်ရပေဦးမှာပါ။ အဲဒီလိုပဲ ကျန်တဲ့စောင့်ထိန်းရမယ့် သီလတွေလည်း မထိန်းနိုင်ရင် ဆိုးကျိုးတွေ အကုသိုလ်ဘေးတွေ တွေ့ရမှာပါ။ ဒါကြောင့် နတ်ပြည်မှာ ရောက်ရင် နတ်တွေနတ်သက်ကြွေ သေရင် စကားမှာကြားတာ ရှိပါတယ်။ လူ့ပြည်ကို အရောက်သွားလို့ ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ် အထူးပြုလုပ်ကြဖို့ရာ မှာပါတယ်။လူ့ပြည်ဟာ ကုသိုလ်ပြုလုပ်ရန် ကုသိုလ်အကျိုး ခံစားနိုင်တဲ့နေရာထူး၊ နေရာမြတ်ဖြစ်လို့ပါတဲ့။ နတ်ပြည်ဆိုတာ ပြုခဲ့ဖူးတဲ့ကုသိုလ်တွေ လာခံစားစံစားသမျှ လျော့ပါးသွားလို့ကုန်ပြီဆို နတ်သက်ကြွေကြတာ ဆိုပါတယ်။ ကံအဟုတ် အကျိုးပေးကြီးမားပါရင် လူ့ပြည်ကို ပြန်ရောက်ပြီး အသစ်အသစ်သော ကုသိုလ်တွေ ပွားများလုပ်ဆောင်နိုင်ခွင့် ရတယ်တဲ့။ နတ်သက်ကြွေလို့ လူ့ပြည်ရောက်ရင် ကံအများကြီး ကောင်းတယ်။ နိဗ္ဗာန်မရခင် နတ်ဆိုတာလည်း အပါယ်ငရဲနဲ့ မကင်းနိုင်သေးတဲ့ ဘုံတစ်ခုဖြစ်ပါတယ်။ အဲဒီတော့ ကျွန်မတို့တစ်တွေ လူ့ပြည်လူ့ဘဝကို မြတ်နိုးတန်ဖိုးထားပြီး ဒါနကုသိုလ်၊ သီလကုသိုလ်၊ သမထဝိပဿနာ ဘာဝနာကုသိုလ် တရားများများ လုပ်နိုင်လေ ကုသိုလ်တွေများများ ရလေဆိုတာ မလွဲဧကန်ပါ။ ဝါတွင်းအခါသမယ သီလဆောက်တည်ရင်း၊ တရားဒေသနာ စာအုပ်များ ဖတ်ရှုလေ့လာရင်း ဖတ်ထားတာတွေထဲမှ မှတ်သားစရာအချို့ ရေးသား မျှဝေခြင်းပါ။ ကုသိုလ်လည်း ရချင်လို့ပါ။ အတော်များများသော စာရှုသူများ လေ့လာသိရှိပြီး ဖြစ်ကြမှာပါ။ မသိသေးသော လူငယ်လူရွယ်အချို့ သိစေဖို့ရန် စေတနာအားဖြင့် မျှဝေခြင်းဖြစ်သလို သိသော်ငြား သတိပြုမိ ကုသိုလ်ရစေလိုသောစိတ်ဖြင့် ရေးသားမျှဝေခြင်း ဖြစ်ကြောင်းပါ။ ကောင်းကျိုးလိုရာ ပြည့်ပါစေ တောင်းဆုခြွေ၏.....။ ။

မရွှေမြိုင်(ပျဉ်းမနား)

Read 289 times
Rate this item
(0 votes)
Last modified on Tuesday, 04 September 2018 11:44

Latest from ရွှေကူ