SJ WorldNews - шаблон joomla Авто

ငြိမ်းချမ်းရေးကို ဖော်ဆောင် ထုဆစ် တပ်မတော်၏ မော်ကွန်းသစ်

Monday, 25 March 2019 10:04 Written by  font size decrease font size decrease font size increase font size increase font size

(၇၄)နှစ်မြောက် တပ်မတော်နေ့အကြို ဂုဏ်ပြုဆောင်းပါး

နိုင်ငံတော်၏ အချုပ်အခြာ အာဏာပိုင် မြေထု၊ လေထု၊ ရေထုကိုအစဉ်တစိုက် ကာကွယ်စောင့်ရှောက် ပေးနေသော အဖွဲ့အစည်းကို  ဂုဏ်ပြုတင်ပြရလျှင် တပ်မတော်ဟု ညွှန်ပြရမည်ဖြစ်ပါသည်။ နိုင်ငံတော်လုံခြုံရေး၊ ပိုင်နက်နယ်မြေ မဆုံးရှုံးရေး၊ အသက်၊ သွေး၊ ချွေး စတေး ကာကွယ်ပေးခဲ့သည့် သမိုင်းထဲကတပ်မတော်၏ တိုက်ပွဲများစွာက သက်သေခံ နေခဲ့သည်။ တပ်မတော်သည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းဟူသော တစ်အူထုံ့ဆင်း၊ တိုင်းရင်းသား သွေးချင်းညီအစ်ကို အင်အားဖြင့် ဖွဲ့စည်းတည်ထောင်ထားသော ပြည်ထောင်စု တပ်မတော်တစ်ရပ်ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့်ရဲဘော်သုံးကျိပ် အင်အားမှသည် တပ်မတော်တစ်ရပ်ဖြစ်လာသည် အထိတည် ထောင်မှုဖြစ်စဉ်မှာ လွယ်လင့်တကူ မဟုတ်ဘဲ အခက်အခဲ မျိုးစုံ၊ ဒုက္ခမျိုးစုံကြားမှ ပေါက်ဖွားခဲ့ရပြီး နိုင်ငံတော် ကာကွယ်ရေး တာဝန်ကို  လက်ဆင့်ကမ်းအမွေအဖြစ် ဆက်ခံခဲ့ပါသည်။ မျိုးချစ်လူငယ်များစွာ စနစ်တကျ ဖွဲ့စည်း ထားသည့် တစ်ခုတည်းသော မျိုးချစ်တပ်မတော် ကြီးလည်း ဖြစ်ပါသည်။

အခြားတစ်ပါးသော အချုပ်အခြာအာဏာပိုင် တိုင်းပြည်များတွင်လည်း ပြည်သူလူထုကို ကာကွယ်စောင့် ရှောက်ပေး သည့် တပ်မတော် တစ်ရပ်စီရှိကြပေသည်။ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို အစဉ် ကာကွယ် စောင့်ရှောက်ရန် တပ်မတော်ကို စစ်စည်းကမ်း၊ စစ်သည်တော် ကျင့်ဝတ်များစွာဖြင့်  သေသပ်ကျနစွာ ဖွဲ့စည်းထားရှိခဲ့ သည်။  လုပ်ရည်ကိုင်ရည်နှင့်ဇွဲနပဲ ကြီးမားသောစစ်သည်တော်များ၏ လေ့ကျင့်ရေးစွမ်းရည်၊ တိုက်ခိုက်ရေးစွမ်းရည် အပြည့်ကို ဖော်ဆောင်လျက် နိုင်ငံတော်ကိုကာကွယ်ရန်အဆင်သင့်ရှိနေကြသည်။ တစ်သွေးတစ်သံ တစ်မိန့်ဖြင့် တပ်မတော်၏ စည်းလုံးညီညွတ်မှုကို အမြဲတစေပြသခဲ့ကြသည်။ အမိန့်နာခံမှုသည်   တပ်မတော်၏ အသက်သွေး ကြောဖြစ်သည်။

လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်း နှင့်အတူ ပေါက်ဖွားလာသည့်တပ်မတော်၏ဂုဏ်ဒြပ်က ယနေ့တိုင်သက်ဝင် လှုပ်ရှား နေမြဲဖြစ် ပါသည်။   ကာကွယ်ရေး တာဝန်ကို လွတ်လပ်ရေး အမွေတစ်ရပ်အဖြစ်  သတ်မှတ်ခဲ့ပြီး စဉ်ဆက်မပြတ် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်လျက်ရှိပေသည်။ နိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် ပြည်တွင်းအခြေအနေအရပ်ရပ်ကို ပြည်သူလူထု အကျိုး မြော်တွေးပြီး အသက်၊ ချွေး၊ သွေးပေးဆပ်ရပ် တည်နေခဲ့သည်မှာ သက်သေပင်ဖြစ်ပါသည်။

တပ်မတော်၏ အဓိကဦးတည်ချက်မှာ ပြည်ပရန်ကို ကာကွယ်ရန်ဖြစ်ပါသည်။  တိုင်းရင်းသားအချင်းချင်း  ရန်ဖြစ်ရန် ဆန္ဒမရှိ၊ ပကတိအမြင်ဖြင့် ညှိနှိုင်း ဆွေးနွေးရန် အမြဲဆန္ဒရှိနေသော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။

တစ်ချိန်က ပြည်ပစစ်ရေးပြဿနာတစ်ခုဖြစ်သည့် တရုတ် ဖြူကူမင်တန်တပ်များ၏  ကျူးကျော်မှုအန္တရာယ်ကို  ရွပ်ရွပ်ချွံချွံ တွန်းလှန် နိုင်ခဲ့ပါသည်။ အရင်းစစ်က ပြည်သူလူထုနှင့် တပ်မတော် ပူးပေါင်းခြင်းကြောင့်ဖြစ်တည်လာ သော အောင်မြင်မှု တစ်ရပ်ဖြစ်ပါသည်။ ပြိုင်တူတွန်းက ရွေ့နိုင်ပါသည်။

တပ်မတော်သည် ဒို့တာဝန်အရေးသုံးပါးကို အမြဲ ဦးထိပ်ပန်ဆင်သောအဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။  အခက်အခဲမျိုးစုံကို ရင်ဆိုင်ကျော်လွှားနိုင်သောစိတ်ဓာတ် ကိုယ်စီပိုင်ဆိုင်ထားကြသည်။ သစ္စာရှိသော၊ အမျိုးချစ်သော၊ စည်းကမ်းသေ ဝပ်သော၊ စည်းလုံးညီညွတ်သော၊ စွန့်လွှတ်စွန့်စားစိတ်ရှိသော  ဂုဏ်ဒြပ်များဖြင့် နိုင်ငံနှင့် လူမျိုးအပေါ် အထောက်အပံ့ အဖြစ်ရှိနေမည် သာဖြစ်ပါသည်။ သားစဉ်မြေးမြစ်ပြောထုံးဖြစ်စေဟူသော အတိတ်သမိုင်းများစွာက သူရဲကောင်း စစ်သည်တော်တို့၏  နိုင်ငံတော်ကာကွယ်ရေးစွမ်းရည်ကျေပွန်ခဲ့ပုံကိုမီးမောင်း ထိုးပြလျက်ရှိပါသည်။

အသက်ကိုလူတိုင်း မက်မောကြပါသည်။ အသားပင် မနာကျင်လိုကြပေ။ အပ်၊ ဆူး၊ ဓား ထိရှထိုးဆွမခံလိုကြ ပေ။ အသက် ခန္ဓာကို စောင့်ရှောက်ခြင်းက လူ့သဘာဝ တစ်ခုဖြစ်ပါသည်။  လူသားဆန်သောဖြစ်စဉ်တစ်ခုလည်း ဖြစ်ပါသည်။

သို့သော် တပ်မတော်မှာကား တိုင်းပြည်အတွက်လိုအပ်ပါက အသက်ပေးလှူရန်အသင့်ရှိကြပါသည်။ ကျည်ဆန်၊ ယမ်းငွေ့ကြား စွန့်လွှတ်စွန့်စား သွားလာနေ ကြရသည်။ မနက်ဖြန်ရဲ့ဖြစ်စဉ်များစွာကို မက်မောတမ်းတခွင့်မရှိ၊ အမိန့် တာဝန်ညွှန်ရာ လမ်းပြမြေပုံထက် ခရီးဆက်ကြသူများဖြစ်သည်။ နေ့ထူးနေ့မြတ်မသိ၊ ပျော်ရွှင်ခြင်းအစား နိုင်ငံတော် အပေါ် ထားသည့်ကတိ သစ္စာကိုစောင့်ထိန်း သူများဖြစ်သည်။  စစ်သည်တိုင်း၏ တူညီသော ယုံကြည်ချက်မှာ  နိုင်ငံ့ပိုင်နက် နယ်မြေ တစ်လက်မအထိမခံ အမျိုး၊ ဘာသာ၊ သာသနာတော်ကို ကာကွယ် စောင့်ရှောက်ရန်ဖြစ်ပါသည်။  လိုအပ် ပါက အသက်ပေးလှူကြရပါသည်။ ထို့ကြောင့်အသက် စွန့်လှူခြင်းသည် မွန်မြတ်သောစွန့်လွှတ်မှုဂုဏ်အင်္ဂါ အဖြစ် သတ်မှတ်လေ့ရှိသည်။

တပ်မတော်အင်အားရှိသင့်သည်။  တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အား ရှိမည်က အမှန်တရားဖြစ်သည်။ ကြည်း၊ ရေ၊ လေ ပေါင်းစုအားဖြင့် တည်ထောင်ပြု ပြည်ထောင်စုတပ်မတော်ဖြစ်သည်နှင့်အညီ ပြည်သူတို့ ၏အသက် အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊  စည်းလုံးညီညွတ်ရေးနှင့်ဖွံ့ဖြိုး တိုးတက်ရေးတို့ကို စွန့်လွှတ်စွန့်စား ထမ်းဆောင်နေသော တပ်မတော်ဖြစ်သည်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုပျက်ပြားလျှင် မမျှော် လင့်သောပြဿနာများ၊ ဆိုးကျိုးများစွာပေါ်ပေါက် လာနိုင်ပါသည်။ အမိမြေကိုချစ်မြတ်နိုးသူတိုင်း၏ ဦးတည် ချက်ပန်းတိုင်သည် အလုံးစုံငြိမ်းချမ်းရေးပန်းတိုင်ဖြစ် သည်။ ငြိမ်းချမ်းရေး ရရှိမှသာ ပိုမိုကောင်းမွန်သော လူ့လောကအသိုက်အဝန်းကို ဖော်ဆောင်နိုင်မည်ဖြစ် သည်။ ငြိမ်းချမ်းရေးကို ဖော်ဆောင် ရာတွင် နိုင်ငံတော် အစိုးရ၊ ပြည်သူနှင့်တပ်မတော် အတူတကွလက်တွဲမှသာ ရရှိနိုင်မည်ဖြစ်သည်။ တိုင်းရင်းသား ပေါင်းစုံ အေးအတူ ပူအမျှနေထိုင်သည့် ပြည်ထောင်စုအဝန်းအဝိုင်းကြီး ရေရှည်တည်တံ့ခိုင်မြဲရေးက  အလွန်ပင် အရေးကြီးလှသည်။ တိုင်းရင်းသားပြည်သူအချင်းချင်း ရန်လိုမုန်းတီးမှုအတ္တကို ဖယ်ရှားပြီး  အများအကျိုးဆောင် ရွက်ပေးလိုစိတ် ပရမျှတသောစိတ်ဓာတ်ဖြင့် အတူတကွရှေ့သို့ ချီတက်ကြရမည်။

တိုင်းပြည်ငြိမ်းချမ်းရေးရရှိမှသာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင် မည်ဖြစ်သည်။ ယနေ့အချိန်တွင် နိုင်ငံတစ်ဝန်းလုံးငြိမ်းချမ်း ရေးရရှိရေး အစွမ်းကုန်ကြိုးစားဆောင်ရွက်နေချိန်ဖြစ်ပါ သည်။ တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ရေးထိုးအောင်မြင်ပြီးနောက်  နိုင်ငံရေး ဆွေးနွေးပွဲ များပြု လုပ်ခြင်း၊ ဒေသဆိုင်ရာဖွံ့ဖြိုးရေး  လုပ်ငန်းများပြုလုပ်ခြင်း  အစရှိသည့်အကြားအလပ် မရှိသောပြည်ထောင်စု အလှ တရားများကို တစ်ဆင့်ချင်း ဖော်ဆောင်ခံစား ရရှိနိုင်မည်ဖြစ်သည်။

ငြိမ်းချမ်းခြင်း၊ မငြိမ်းချမ်းခြင်းကိုနှိုင်းယှဉ်ကြည့်က  သိနိုင်သည်။ ငြိမ်းချမ်းသောဒေသများသည် လမ်းပန်း ဆက်သွယ်ရေး၊ အခြေခံအဆောက်အဦကောင်းများစွာ လူ့စွမ်းအားအရင်းအမြစ်ကဏ္ဍများလည်းလိုက်ပါ ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ် သည်။ မငြိမ်းချမ်းသောဒေသများသည်   ငြိမ်းချမ်းသော ဒေသများနှင့် ဆန့်ကျင်ဘက်ရလဒ်သာဖြစ်နိုင်ပါသည်။ ဘဝလုံခြုံမှုမရှိ စိတ်ဒဏ်ရာများစွာကြုံတွေ့နိုင်ဖွယ်သာရှိသည်။

သမိုင်းဂုဏ်မညှိုး တိုးလို့အောင်မြင်ခဲ့သည့်တပ်မတော်၏ ဂုဏ်သတင်းက မမှိန်မပျောက်အရှိန်တောက်ပြောင် လျက် နှစ်အလီလီ ဖြတ်သန်းပြီး(၇၄)နှစ်မြောက် တပ်မတော်နေ့သို့တိုင်ခဲ့ပြီဖြစ်သည်။ ဒို့တာဝန်အရေး သုံးပါးသည် ရည်မှန်းချက် ပန်းတိုင်၊ နိုင်ငံတော်တည်ငြိမ် အေးချမ်းသာယာရေးကို အဓိကတာဝန်အဖြစ်သတ် မှတ်ထမ်းဆောင်လျက် ရှိသည်။ တပ်မတော်နေ့ ရောက်တိုင်း ကြည်း၊ ရေ၊ လေတပ်ပေါင်းစုများဖြင့် စစ်ရေးပြအခမ်း အနားကြီးကို ထည်ဝါစွာ ကျင်းပ လေ့ရှိခဲ့သည်။

ခေတ်မီတပ်မတော်၏ အင်္ဂါရပ်များဖြစ်သည့်စစ်လက်နက်၊ အမြောက်၊ သံချပ်ကာယာဉ်တန်းများက  တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို အလေးပြုခြင်း၊  တပ်မတော်(လေ)မှတိုက်ခိုက်ရေးရဟတ်ယာဉ်၊ လေယာဉ်များ ပျံသန်း အလေးပြုခြင်း အစီအစဉ်များ  ပါဝင်နေသည်ကို တွေ့ရပါသည်။ စစ်ကြောင်းကြီးများကို ပန်းစည်း ဂုဏ်ပြုသူ၊ ထောက်ခံ အားပေးသူများ  လမ်းဘေးဝဲယာ တစ်လျှောက် ပြည့်နှက်နေပါသည်။ စစ်သည်၊ ရဲမေများ၏ အားမာန်အပြည့် စစ်ချီဟန်က ဝင့်ကြွားမာန်ပါလွန်းလှသည်။

ကာကွယ်ရေးတာဝန်သည် စစ်ရေးတစ်ခုသာမက များစွာကျယ်ပြန့်လွန်းလှသည်။ ဒို့တာဝန်အရေးသုံးပါးကိုကာကွယ် စောင့်ရှောက်ရေး၊ ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်နှင့် အကျိုးစီးပွားကိုကာကွယ်စောင့်ရှောက် ပေးရေး၊ လိုအပ်ပါက ပြည်သူ့အကျိုးပြုကိစ္စအသီးသီး တွင် ပါဝင်ဆောင်ရွက်ပေးရေးကဏ္ဍစုံပါဝင်နေသည်ကို  တွေ့ရသည်။ ပြည်သူနှင့် ထိတွေ့ဆက်ဆံရသည့်ပြည်သူ့ အကျိုးပြုကိစ္စများသည် လွန်စွာသိမ်မွေ့နက်နဲလွန်းလှ ပါသည်။ ရထားလမ်း၊ ကားလမ်းဖောက်သည့်လုပ်ငန်း၊ ရေကြီးရေလျှံ သဘာဝဘေးကယ်ဆယ်ရေးလုပ်ငန်း၊  ပြန်လည်နေရာချထားရေး လုပ်ငန်းများ ပါဝင်နေသည် ကိုတွေ့ရပါသည်။ ထို့ပြင် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတစ်ခုဖြစ်သည့်  တပ်မတော် နယ်လှည့်ဆေးတပ်ဖွဲ့များ၏ တောင်တန်းမြေပြန့်မခွဲခြား၊  အသားရောင်မခွဲခြား ကျန်းမာရေးစောင့်ရှောက်မှု ပေးနေ သည့်မြင်ကွင်းများကို သတင်းစာ၊ ရုပ်မြင်သံကြားအစီအစဉ်များတွင်တွေ့မြင်ရခြင်းက တပ်မတော်၏ကရုဏာ တရားပင်ဖြစ်ပါသည်။ အဆိုပါလူမှုရေးလုပ်ငန်းများသည် ကာကွယ်ရေးတာဝန်နှင့်တွဲစပ်လျက်ရှိသော ကိုယ်ကျိုးမဖက်  စေတနာသက်သက် လုပ်ငန်းများသာဖြစ်ပါသည်။

တပ်မတော်သည်စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်တည်းဟူသော စွမ်းရည်သုံးရပ်ကို လက်ဝယ် ပိုင်ဆိုင် ထားရှိကြသည်။ သမိုင်း တစ်ခေတ်ရွှေရောင်လွှမ်းစဉ်ကာလများဆီက အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းမင်းတရားတို့၏ပုံရိပ်များက ယနေ့တိုင်လွှမ်းခြုံလျက်ရှိပေသည်။ သူ့ကျွန်ဘဝကို  အတိတ်သမိုင်း ခြေရာခံ လျက် နယ်ချဲ့ကိုတွန်းလှန်နိုင်ခဲ့ သည့်ဖြစ်စဉ်များက တပ်မတော်၏ အသွေးအသားထဲတွင် အမြဲတစေလှုပ်နှိုး လျက်ရှိပေသည်။ နိုးကြားတက်ကြွသော ကာကွယ်ရေး သတိအမြဲရှိနေသည်။ သူ့ကျွန်ဘဝသည် ခါးသီးလွန်းလှသည်။ တိုင်းတစ်ပါး သားအုပ်စိုးမှုခံရသည့်ပြည်သူလူထု၏ စိတ်နှလုံးသားတွင် အကျဉ်းစံခြေချုပ်မိသလို မလွတ်လပ်မှုများက နေ့စဉ်ရက်ဆက်ခံစားနေကြရမည်မှာ မြေကြီးလက်ခတ် လွဲနိုင်မည်မထင်မိပေ။ ပြည်သူလူထု၏ စိတ်အစဉ်တွင် ကိုယ့်မင်းကိုယ့်ချင်း  အုပ်စိုးမှုကိုခံယူလိုကြပေသည်။ တိုင်းတစ်ပါးသားအုပ်ချုပ်မှုကို တစ်ရက်ကလေးမျှပင် ခံယူလိုသူများ မဟုတ် ကြပေ။ ပြည်သူများညီကြသည်။ ခံပြင်းစိတ်အဟုန်ဖြင့် နိုင်ငံ၏နေရာအနှံ့အပြားတွင် နယ်ချဲ့အင်္ဂလိပ်တို့ကို တွန်းလှန်တိုက်ပွဲများ ဆင်နွှဲခဲ့ကြသည်။ ရရာလက်နက်စွဲကိုင်တော်လှန်မှုတွင် တောင်သူလယ်သမား၊ အလုပ်သမား၊ ကျောင်းသား အလွှာအသီးသီး မှမျိုးချစ်စိတ်ဓာတ်ရှိသူများစွာ ပါဝင်လှုပ်ရှား အသက်စွန့်တိုက်ပွဲဝင်ခဲ့ကြသည်။

သို့သော် စစ်ရေးစစ်ရာယှဉ်ပြိုင်တိုက်ခိုက်ရာတွင် မြန်မာတို့၏ စိတ်ဓာတ်မညံ့လှသော်လည်း နယ်ချဲ့အင်္ဂလိပ်တို့၏ စနစ်တကျစုဖွဲ့မှုအင်အား၊ စစ်ပညာများက သာလွန်နေခဲ့ပါသည်။ ခေတ်မီလက်နက်များကမြန်မာ့ မြေကိုသိမ့်သိမ့် တုန်ခဲ့သည်။ မြန်မာ့သွေး၊ မြန်မာ့ဇာတိ မာန်က အားမတန်သည့်တိုင်  စိတ်နှလုံးသားထဲသံမှိုစွဲ သည့်ပမာခိုင်မြဲလျက်ရှိ နေသည်။

ထို့နောက် တပ်မတော်၏ဖခင်ဗိုလ်ချုပ်အောင်ဆန်း  ဦးဆောင်သော ရဲဘော်သုံးကျိပ်သည် ဂျပန်နှင့်ဆက်သွယ်ပြီး ဟိုင်နန်ကျွန်းတွင် စစ်ပညာကို သွေး၊ ချွေးစတေး သင်ယူခဲ့ကြသည်။  ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် သွေးသစ္စာသောက်ပြီး  လွတ်လပ်ရေးရရှိရန် အတွက် ညီညွတ်စွာ ဖွဲ့စည်းခဲ့သည်။

အမျိုးမျိုးသော အခက်အခဲများကို ရင်ဆိုင်ကျော်လွှားပြီး ဖက်ဆစ်ဂျပန်တို့ကို တွန်းလှန်ခဲ့သည်။

အမှန်စင်စစ်အားဖြင့် တပ်မတော်သည် ပြည်သူကဖွား တပ်မတော်သားများ ဖြစ်ကြသည်။ သစ္စာလေးချက်ထမ်းရွက်ပြီး တိုင်းပြည်နှင့် လူမျိုးအတွက် မြတ်သောအသက်ကို ပေးလှူထားသူများလည်းဖြစ်သည်။  ဆူးငြောင့်မကြောက်၊  တောတောင်ကို ဖောက်ပြီး  အန္တရာယ် အသွယ်သွယ်ကို ဒူးမထောက်၊ လက်မမြှောက်ရင်ဆိုင် နိုင်စွမ်းရှိသူများဖြစ်သည်။ စစ်သည်များ၏ စိတ်ဓာတ် အင်အားသည် မာကျောလွန်းလှသည်။ သံမဏိစိတ်ဓာတ်ပိုင်ရှင်များလည်းဖြစ်သည်။ လောကဓံကို ကျားကန်နိုင်သည်။ ပြည်သူ့အတွက်အသင့်ရှိသည်ဟူသော စကားရပ်နှင့်ထိုက်တန်သူများလည်းဖြစ်သည်။ အမာခံနှလုံးသားနှင့် အရာအားလုံးစွန့်လွှတ်ရသည့်တိုင် ပြည်သူ့ဘက်က မားမားရပ် တည်ပေးခဲ့သည်။  နိုင်ငံတော် အခက်အခဲမျိုးစုံ ကြုံလာပါက ရှေ့တန်းကအသင့်ရှိနေခဲ့သည်။  ထိုကဲ့သို့ အစဉ်အလာကြီးမားသောတပ်မတော်၏ မွေးနေ့ ဖြစ်သည့် ၂ဝ၁၉ ခုနှစ် မတ်လ ၂၇ ရက် (၇၄)နှစ်မြောက် တပ်မတော်နေ့ကို လှိုက်လှဲစွာပင် စာပေကဏ္ဍမှ ကြိုဆို ဂုဏ်ပြု ရေးသား လိုက်ရပါသည်။        

ဆောင်းပါးရှင်- ထက်ဝေအောင် (စစ်ကိုင်း)             

 

Read 61 times
Rate this item
(0 votes)
Last modified on Monday, 25 March 2019 10:24

Latest from စကားဝါ