SJ WorldNews - шаблон joomla Авто

အာဇာနည် သို့မဟုတ် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း

Thursday, 18 July 2019 10:37 Written by  font size decrease font size decrease font size increase font size increase font size

(၇၂)နှစ်မြောက် အာဇာနည်နေ့အကြို ဂုဏ်ပြုဆောင်းပါး

၂ဝ၁၉ ခုနှစ် ဇူလိုင် ၁၉ ရက်သည် (၇၂)နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ လွန်ခဲ့သော (၇၂)နှစ်တာကာလ ဇူလိုင် ၁၉ ရက်(စနေနေ့) နံနက် ၁ဝ နာရီ ၃၇ မိနစ်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ  ဦးဘဝင်း၊ ဒီးဒုတ်ဦးဘချို၊ မန်းဘခိုင်၊ သခင်မြ၊ စဝ်စံထွန်း၊ ဦးရာဇတ်၊ ဦးအုန်းမောင်နှင့် ရဲဘော်ကိုထွေးတို့သည် မသမာသူနယ်ချဲ့လက်ဝေခံ လူတစ်စု၏ ယုတ်မာ အကြံပက်စက်မှုကြောင့် ကျဆုံးခဲ့ရသည်။

တိုင်းပြည်နှင့်လူမျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံကာ အသက်ကိုပင် မငဲ့ကွက်ဘဲ စွန့်လွှတ်စွန့်စားဝံ့သူ ပုဂ္ဂိုလ်ကို  ''အာဇာနည်''ဟု  သတ်မှတ် အသိအမှတ်ပြုသည်။ ထိုပုဂ္ဂိုလ်များသည် အများနှင့်မတူ တစ်မူထူးခြားပြီး မွန်မြတ်သော ဂုဏ်ဒြပ်နှင့်ပြည့်စုံသူများလည်း ဖြစ်သည်။   ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့   တစ်ခေတ်မှာတစ်ယောက် ရှားရှားပါးပါး ပေါ်ထွန်းလာသော ပုဂ္ဂိုလ်သည် နိုင်ငံနှင့် လူမျိုးအတွက် အမှန်ပင် အားကိုးလောက်သည့် တိုင်းချစ် ပြည်ချစ် မျိုးချစ်ခေါင်းဆောင်၊ ကိုယ်ကျိုးမဖက် တိုင်းပြည်အတွက်   ဦးဆောင်ဦးရွက်ပြုသော ခေါင်းဆောင်အဖြစ် အားလုံးက ရှုမြင်ထားပြီးဖြစ်သည်။

ထို့ကြောင့် မြန်မာ့လွတ်လပ်ရေး ပြန်လည်ရရှိခဲ့ပြီး ယနေ့ကာလအထိ   လွတ်လပ်သောနိုင်ငံ၊   အချုပ်အခြာအာဏာ ပိုင်စိုးသော နိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် ဝင့်ကြွားစွာ   ရပ်တည်နေရခြင်း ဖြစ်သည်။   ထို့အတူ ဗိုလ်ချုပ်၏ ဂုဏ်ကျေးဇူးနှင့် လုပ်ဆောင်ချက်များအားလေးစားအတုယူကာ လွတ်လပ်ရေးပြန်လည် မဆုံးရှုံးရအောင်၊  အဓွန့်ရှည်တည်တံ့အောင် အစဉ်ကြိုးပမ်း အားထုတ်ကြရေး လိုအပ်သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်၍   ရေးသားထုတ်ဝေခဲ့သော စာအုပ်များစွာရှိသည်။ ထိုစာအုပ်များ၌ လေးစားစရာ၊ မြတ်နိုးစရာ၊ အတုယူစရာနှင့် မှတ်သားလိုက်နာဖွယ်ရာများစွာ ပါရှိသည်။ ဗိုလ်ချုပ်အကြောင်း လေ့လာလေလေ စိတ်ဓာတ်နှင့် လုပ်ဆောင်ချက်များမှာ အံ့မခန်းနိုင်လေ ဖြစ်ရသည်။ တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ကိုမငဲ့  တိုင်းရင်းသားအားလုံး ရှေ့က  မားမားမတ်မတ် ရပ်တည်သော     အာဇာနည်သူရဲကောင်း၊တပ်မတော်ကို  နိုင်ငံတကာနှင့် ယှဉ်နိုင်သော  ခေတ်မီ တပ်မတော်တစ်ရပ်ဖြစ်အောင် ဖွဲ့စည်းတည်ဆောက်လိုသူ၊ အလုပ်လုပ်မှ တိုးတက်မည်၊ ခြေလှမ်းပိုလှမ်းရမည်၊ စည်းကမ်းရှိရမည်၊ စည်းလုံးညီညွတ်ရမည်ဟု တတွတ်တွတ် မှာကြားသော ဗိုလ်ချုပ်၏ စကားများနှင့်မိန့်ခွန်းများ၊ ဘာသာသာသနာအတွက် အချက်မှန်စွာ သတိကြီးကြီးဖြင့် ဆောင်ရွက်နိုင်ခဲ့သော  အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးစွာ စောင့်ရှောက်သူ အစရှိသဖြင့် ပုံစံအမျိုးမျိုး၊ အသွင်သဏ္ဌာန်နှင့် အနှစ်သာရအမျိုးမျိုး ဗိုလ်ချုပ်ထံ၌ တွေ့မြင်ရမည်ဖြစ်သည်။

ဗိုလ်ချုပ်အပေါ်ထားရှိသော တိုင်းတစ်ပါးသားတို့၏   ထင်မြင်ချက်များမှာလည်း အားရဖွယ်၊ လေးစားဖွယ်ရာ ကောင်းလှသည်။ စာရေးဆရာ မောရစ်ကောလစ်က ''ဗိုလ်ချုပ်အောင်ဆန်း၏ နှလုံးရည်ကို မချီးကျူးဘဲမနေနိုင်'' ဟုဆိုသည်။ ဂျပန်စစ်သေနာပတိချုပ် အီဒါက ''အောင်ဆန်းသည် ငွေလည်းမမက်၊ အာဏာလည်းမမက်၊ တစ်ကိုယ်ကောင်းလည်း မကြံ၊ ဒါကို တို့ဂျပန်တွေက လေးစားသည်''

ဟု ဆိုခဲ့သည်။  ကာနယ်ဆူဇူကီး(ဗိုလ်မိုးကြိုး)ကလည်း  ''အောင်ဆန်းသည်  အကြွင်းမဲ့ရိုးသားသည်၊  သူသည် သတ္တိဗျတ္တိလည်း ပြင်းထန်သည်၊ ထို့ကြောင့် ငါတို့ဂျပန်များက သူ့ကိုလေးစားသည်''ဟု ဆိုထားပြန်ပေသည်။ ဗိုလ်ချုပ် ဆလင်းက ဗိုလ်ချုပ်အောင်ဆန်းအပေါ် သူ၏အမြင်ကို ''ရှုံးနိမ့်ရာမှ အောင်မြင်ခြင်းဆီသို့''စာအုပ်တွင် မှတ်ချက်ပြုထားသည်မှာ ''ဗိုလ်ချုပ်အောင်ဆန်းကို အထင်ကြီးသည်၊ ကောက်ကျစ်စဉ်းလဲသည့် နည်းဖြင့်   ကြီးပွားလိုသည့် ပြောက်ကျားခေါင်းဆောင်မျိုးကား မဟုတ်၊ မျိုးချစ်ပုဂ္ဂိုလ် အစစ်ဖြစ်သည်၊  အရာရာကို  ချင့်ချင့်ချိန်ချိန် နှိုင်းနှိုင်းဆဆဖြင့် ဆောင်ရွက်တတ်သူ၊ လက်တွေ့ကျသူဖြစ်သည်။

သူကဲ့သို့ အရည်အချင်း နှစ်မျိုးပိုင်ဆိုင်ထားသူ ရှားသည်။သူသည် ကတိကို လွယ်လွယ်ကူကူ ပေးတတ်သူမဟုတ်ချေ။ စကားပြောလျှင်လည်း နှုတ်မလွန်ရန် ထိန်းပြောတတ်သူဖြစ်သည်။ သူ့ကို ကျွန်တော်အကြိုက်ဆုံးမှာ  သူ၏ ရိုးသားတည်ကြည်မှုပင်ဖြစ်သည်။  ထို့ကြောင့် သူနှင့် အလုပ်လုပ်၍ဖြစ်မည်ဟု ကျွန်တော်ယုံကြည်မိသည်'' ဟူ၍ ဖြစ်သည်။

ဗိုလ်ချုပ်၏ အစွမ်းအစသည် စာပေဘက်တွင်လည်း ထူးချွန်ကြောင်း တွေ့ရသည်။ တက္ကသိုလ်ကျောင်းသား ဘဝတွင် အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ဆောင်းပါးများ ရေးခဲ့သည်။ကျောင်းသားသမဂ္ဂ မဂ္ဂဇင်း၊ အိုးဝေမဂ္ဂဇင်း၊ ဂန္ထလောကမဂ္ဂဇင်း၊  သူရိယမဂ္ဂဇင်း၊ မျိုးညွန့်မဂ္ဂဇင်း၊  ရန်ကုန်ဂေဇက်သတင်းစာ၊ နယူးဘားမား သတင်းစာ၊ မန္တလေးသူရိယ သတင်းစာတို့တွင် ဆောင်းပါးများ ရေးသားခဲ့သည်။ နယူးဘားမား သတင်းစာ၏ အချိန်ပိုင်း အယ်ဒီတာအဖြစ် ဆောင်ရွက်စဉ်သတင်းစာအယ်ဒီတာ့ အာဘော်ကို သွက်လက်ထိရောက်စွာ ရေးသားဖော်ပြခဲ့သည်။ ရေးသားသော သတင်းစာခေါင်းကြီးများမှာ နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသား လွတ်လပ်ရေးကို ဆော်သြသော အကြောင်းအရာများ၊ အစိုးရရပ်ကွက်နှင့် နိုင်ငံရေးအသိုင်းအဝိုင်းတွင် လိုအပ်ချက်များ ရေးသားခဲ့သဖြင့် ထိုအသိုင်းအဝိုင်းကပင် စောင့်ကြည့်ဖတ်ရှုရသော စာများဖြစ်ခဲ့သည်။

ဗိုလ်ချုပ်သည် မြန်မာစာပေ စင်ကြယ်ရေးအဖွဲ့ ၁၉၃၇ ခုနှစ်တွင် အမှုဆောင်အဖွဲ့၌ ပါဝင်ခဲ့သည်။ ယင်းမြန်မာစာပေ စင်ကြယ်ရေးအဖွဲ့၏ ရည်ရွယ်ချက်ကို ကြွေးကြော်သံ စာစောင်၌   ရေးသားဖော်ပြရာတွင်   ''ယခုခေတ်ကြီးသည် ကျွန်ခေတ်ကြီး ဖြစ်သည့်အလျောက်  ကျွန်လူမျိုး (ကျွန်စိတ်ရှိသော) ရေးသားသည့် စာပေမှာလည်း ကျွန်စာပေများဖြစ်သည်။   ထိုသို့တွေးမိသော   တက်လူ တစ်စုတို့သည်  ကျွန်ဖြစ်စေမည့် စာပေများကို ပြန့်ပွားတိုးတက် ကြီးပွားမည်ကို   စိုးရိမ်မိကြသည့် အလျောက် လက်ရှိစာပေများကို    စင်ကြယ်အောင် သန့်စင်၍ ပေါ်ဆဲ ပေါ်လတ္တံသော စာပေများကိုလည်း ကောင်းသောစာပေ (သခင်ဖြစ်သောစာပေ)များကိုသာ ပေါ်ပေါက်စေဖို့ ဆောင်ရွက် လုပ်ကိုင်ပေးမည် ဟူသော (မြန်မာစာပေစင်ကြယ်ရေး အဖွဲ့)ဟု အမည်ပညတ်၍ တည်ထောင် ဖွဲ့စည်းရခြင်း ဖြစ်သည်''ဟု ပါရှိသည်။

ဗိုလ်ချုပ်သည် လွတ်လပ်ရေး ကြိုးပမ်းမှု တာဝန်များကို ထက်မြက်တက်ကြွစွာ  ဦးလည်မသုန် ဆောင်ရွက်ရင်းအခါအခွင့်သင့်တိုင်း တိုင်းပြည်လွတ်လပ်ရေးနှင့် တိုင်းပြည်ကောင်းစားရေး အတွက်  မိန့်ခွန်း အမြောက်အမြား မြွက်ကြားခဲ့သည်။ ဗိုလ်ချုပ်၏ မိန့်ခွန်းတချို့မှာ ယနေ့အထိရော၊ အနာဂတ် ကာလများအတွက်ပါ ထိရောက် မှန်ကန်နေဆဲဖြစ်ကြောင်း တွေ့ရသည်။ အထူးသဖြင့် စည်းလုံးညီညွတ်ရေး၊ သဘောထားကြီးရေး၊ အလုပ်ကြိုးစားရေးဆိုင်ရာ မိန့်ခွန်းများမှာ အလွန်ထိရောက် မှန်ကန်ဆဲဖြစ်သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက် ပင်လုံစော်ဘွားများ ထမင်းစားပွဲ၌ ဗိုလ်ချုပ်မြွက်ကြားသော မိန့်ခွန်းမှာ  ''တစ်ပြည်လုံး ကြီးပွားတိုးတက်စေချင်ရင် လူအား၊ ငွေအား၊ ပစ္စည်းအားနဲ့ စုပေါင်းပြီး အင်တိုက်အားတိုက်လုပ်နိုင်မှ အကျိုးခံစားခွင့် ရှိကြမှာပဲ။ ဗမာကတစ်မျိုး၊ ကရင်ကတစ်ဖုံ၊ ကချင်၊ ချင်းတို့ကတခြား အကွဲကွဲ အပြားပြားလုပ်နေကြရင်  အကျိုးရှိမှာ မဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ်''ဟု သွေးစည်းညီညွတ်ရေးကို ဦးတည် မိန့်ကြားခဲ့သည်။

၁၉၄၇ ခုနှစ် ဧပြီ ၂ ရက်က ရခိုင်ပြည်နယ် မြေပုံမြို့တွင် ကျင်းပသော အလံနီကွန်မြူနစ် ဆရာတော်ဦးစိန္တာ ကြီးမှူးသည့် လူထုအစည်းအဝေးသို့ ဗိုလ်ချုပ်တက်ရောက် အမှာစကားပြောကြားရာတွင် ''လွတ်လပ်ရေးအတွက် အရင်ကလည်း တိုက်ခဲ့တယ်၊ နောက်လည်း တိုက်မှာပဲ၊ မညီညွတ်ရင် လွတ်လပ်ရေးမရနိုင်ဘူး၊ လွတ်လပ်ရေးကို တောင်းယူ၍မရ၊ တိုက်ယူမှရမယ်ဆိုတာ သဘောတူတယ်၊  ဒါပေမဲ့  လွတ်လပ်အောင် နည်းလမ်းလိုတယ်၊  လွတ်လပ်ရေးဆိုတာ ညီညီညွတ်ညွတ်နဲ့ အင်အားရှိမှ ရနိုင်တယ်၊ အခုတော့ ညီညွတ်အောင်ပေါင်းပြီး နယ်ချဲ့သမားကို တိုက်ရမယ့်အစား ဗမာအချင်းချင်း တိုက်နေကြတာက ခက်တယ်၊ တချို့လူတွေက ပြည်သူ့ရဲဘော် တပ်ဖွဲ့ခေါင်းဆောင်ကိုသတ်၊ ဖဆပလအဖွဲ့ ခေါင်းဆောင်ကိုသတ်၊ မီးရထားကို မှောက်အောင်လုပ်၊ ဒီလိုလုပ်နေတာဟာ လွတ်လပ်ရေး တိုက်ပွဲထင်နေတယ်၊ လုပ်ပုံမဟုတ်သေးဘူး၊   သေတော့ဘယ်သူတွေသေလဲ၊ ဗမာတွေသေတာပဲ မဟုတ်လား၊ နယ်ချဲ့သမားကတော့ လက်ပိုက်ပြီးကြည့် ရယ်နေတာပဲ၊  အဲဒီလိုဆိုရင် ဘယ်တော့မှ လွတ်လပ်ရေးရမှာ မဟုတ်ဘူး''ဟု ပြတ်ပြတ်သားသား မိန့်ကြားခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် နိုင်ငံခေါင်းဆောင်၊ အမျိုးသားခေါင်းဆောင်ကြီး တစ်ဦးဖြစ်ရုံသာမက စစ်ရေး အမြင်ကျယ်သော  စစ်ခေါင်းဆောင် တစ်ဦးလည်းဖြစ်သည်။ နယ်ချဲ့ဆန့်ကျင်ရေး ကာလတစ်လျှောက်လုံးတွင် တပ်မတော်ကို ဖွဲ့စည်းပြီး ဆန့်ကျင်တိုက်ခိုက်မှ တင်းပြည့်ကျပ်ပြည့် လွတ်လပ်ရေးရမည် ဆိုသောအသိ ဗိုလ်ချုပ်ထံတွင် ရှိနှင့်ပြီးဖြစ်သည်။ ရဲဘော်သုံးကျိပ်မှ အစပြုသော ဗမာ့လွတ်လပ်ရေး တပ်မတော်က နယ်ချဲ့ကို တိုက်ထုတ်ခဲ့ပြီးနောက် ဗိုလ်ချုပ်သည် ဗမာ့တပ်မတော်ကို ဦးဆောင်ပြီး တပ်မတော် စစ်ဦးစီးသေနာပတိအဖြစ် ဖက်ဆစ်ကို တော်လှန်တိုက်ခိုက်ခဲ့သည်။

စစ်ရေးစစ်ရာနှင့် ပတ်သက်သော ဗိုလ်ချုပ်၏တာဝန် အသီးသီးကို လေ့လာကြည့်သောအခါ ဂျပန်စစ်ပညာသင် ရဲဘော်သုံးကျိပ်ခေါင်းဆောင် (၁၉၄ဝ-၄၁)၊  ဗမာ့လွတ်လပ်ရေး တပ်မတော်(ဘီအိုင်အေ)၏ တပ်မှူး(၁၉၄၂)၊   ဗမာ့ကာကွယ်ရေး တပ်မတော်(ဘီဒီအေ) စစ်သေနာပတိ(၁၉၄၂)၊ ဂျပန်ခေတ် ဗမာ့လွတ်လပ်ရေး စီစဉ်ရေးအဖွဲ့  အဖွဲ့ဝင်(၁၉၄၃)၊ ဂျပန်ခေတ်မြန်မာအစိုးရအဖွဲ့ ကာကွယ်ရေးဝန်ကြီးနှင့် တပ်မတော်စစ်ဦးစီး သေနာပတိ(၁၉၄၃)၊ ဖက်ဆစ်တိုက်ဖျက်ရေး အဖွဲ့ချုပ် (ဖတဖ)  ဦးဆောင် ဖွဲ့စည်းသူနှင့် ဥက္ကဋ္ဌ(၁၉၄၄)၊ ဂျပန်တော်လှန်ရေးတွင်   ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်(ဖတပလ)ဥက္ကဋ္ဌနှင့် စစ်ရေးခေါင်းဆောင်(၁၉၄၅)၊   ဖက်ဆစ်တော်လှန်ရေး အပြီးပြန်လည်ဖွဲ့စည်းသော  ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်(ဖဆပလ) ဥက္ကဋ္ဌ (၁၉၄၅-၄၇)ဟူ၍ တွေ့ရသည်။

ယနေ့မျိုးဆက်သစ်များသည်  ဗိုလ်ချုပ်၏ ထူးခြားမွန်မြတ်သော အရည်အသွေးများကို အားကျအတုယူလျက် လိုက်နာပြုကျင့် ဆောင်ရွက်ကြမည်ဆိုလျှင် မြန်မာ့လူ့ဘောင် အဖွဲ့အစည်းသည်  ထာဝရစည်းလုံးညီညွတ်ပြီး ဖွံ့ဖြိုး စည်ပင် သာယာဝပြောနေမည်သာ ဖြစ်ကြောင်း ရေးသား လိုက်ရပါသည်။     

လင်းအရုဏ်ဦး(ပဲခူး)

Read 44 times
Rate this item
(0 votes)
Last modified on Thursday, 18 July 2019 10:38

Latest from ကေတု