SJ WorldNews - шаблон joomla Авто

အတ္တနှင့်အနတ္တကို ပိုင်းခြားရာ အနတ္တလက္ခဏ အခါတော်နေ့

Monday, 22 July 2019 10:32 Written by  font size decrease font size decrease font size increase font size increase font size

လောကသည် ပျက်တတ်သော သဘောရှိ၏။ မမြဲသော ပျက်တတ်သောလောက၏ သဘောကို ''လုဇ္ဇတိ ပလုဇ္ဇတီတိလောကော'' ဟု   ဘုရားဟောရှိသည်။

လုဇ္ဇတိ-ပျက်တတ်၏။ ပလုဇ္ဇတိ-ပရမ်းပတာ ပျက်တတ်၏။ ဣတိ တသ္မာ-ထို့ကြောင့် လောကော-လောကမည်၏ဟ ဆိုလိုရင်းဖြစ်သည်။ ကုသပျို့တွင်လည်း မုံရွေး ဆရာတော်က ''အမှန်လောက၊ သြကာသကား၊ နိစ္စမဟုတ်၊ ပလုဇ္ဇတိ၊ လုဇ္ဇတိတည့်၊ လောကိသဘော၊ လောကောသနစ်၊ ပွားဖြစ်ပျက်ပြား''ဟူ၍ ရေးဖွဲ့၏။

ဤပျက်တတ်သော သဘောကိုဆင်ခြင်ရန် အဓိက လိုအပ်ချက်ကား  အတ္တကို ပယ်သတ်နိုင်ခြင်းတည်း။

ယင်းအတ္တကိုဖျက်ရန်  လက်နက်အမှန်ကား အနတ္တလက္ခဏ သုတ်တော်တည်း၊  အနတ္တလက္ခဏသုတ်ကို  ဗုဒ္ဓမြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တောတွင် ဟောကြားခဲ့သည်။   ညွှန်းဆို ဟောကြားခဲ့သော ပုဂ္ဂိုလ်များကား ပဉ္စဝဂ္ဂီရဟန်းငါးပါးဖြစ်၏။ မြတ်စွာဘုရားသည်  မဟာသက္ကရာဇ် ၁ဝ၃ ခု  ဝါဆိုလပြည့်နေ့တွင် တရားဦးဓမ္မစကြာ ဟောတော်မူရာ ပဉ္စဝဂ္ဂီငါးဦးတို့ နေ့ရက်အစဉ်၊ ထေရ်အစဉ်ဖြင့် သောတာပန် အသီးသီးဖြစ်ကုန်သည်။ ဤသို့ ပဉ္စဝဂ္ဂီများ ဧဟိဘိက္ခုဖြစ်တော်မူရာ ဝါဆိုလ၏ ပက္ခဆုတ်ရောက်ငါးရက်မြောက်တွင် မြတ်စွာဘုရားက  အနတ္တလက္ခဏသုတ်တော်ကို ဆက်လက်ဟောကြားတော်မူရာ ရဟန္တာ အသီး သီးဖြစ်ကြလေ၏။ ထို့ကြောင့် ဝါဆိုလပြည့်ကျော် ၅ ရက်နေ့အား အနတ္တလက္ခဏ အခါတော်နေ့ဟု အထိမ်းအမှတ်ပြုကြသည်။

အနတ္တလက္ခဏသုတ်၌ လက္ခဏာရေး  သုံးပါးဆင်ခြင်ပုံတွင်  မမြဲသော၊ ဆင်းရဲသော၊  ဖောက်ပြန်သော သဘောရှိသောရုပ်ကို ဤရုပ်သည်ငါဖြစ်၏။  ဤရုပ်သည် ငါ၏ကိုယ်အတ္တတည်းဟု ရှုမြင်ခြင်းငှာ မသင့်လျော်ပုံမှ အစပြု၍ ဤဝေဒနာသည်၊ မမြဲသောသညာသည်၊ မမြဲသောသင်္ခါရတို့သည်၊ မမြဲသော၊ ဆင်းရဲသော ဖောက်ပြန်သော  သဘောရှိသောဝိညာဉ်သည်  ငါ၏ကိုယ်အတ္တတည်းဟု ရှုမှတ်ရန်မသင့်လျော်ပုံကို ဆင်ခြင် ဖွယ်  မြတ်စွာဘုရားက  ဟောကြားတော်မူခဲ့သည်။ ရူပက္ခန္ဓာအနတ္တဖြစ်ပုံတွင် ''ရုပ်သည် အတ္တဖြစ်ခဲ့ငြားအံ့၊ ဤရုပ်သည် နာကျင်ခြင်းမဖြစ်ရာ၊ ငါ၏ရုပ်သည် ဤသို့ဖြစ်စေ၊ ဤသို့မဖြစ်စေသင့်ဟု ရုပ်၌တောင့်တခြင်းကို ရကောင်းရာ၏။ ရုပ်သည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာဖြစ်နေရ၏။ ငါ၏ရုပ်သည် ဤသို့ဖြစ်စေ၊ ငါ၏ရုပ်သည် ဤသို့မဖြစ်စေသင့်ဟု ရုပ်၌တောင့်တမှုကို ရလည်းမရ'' ဟူသော ဟောကြားချက်မှာ အနတ္တ လက္ခဏသုတ်၏ ပင်မကျောရိုးဖြစ်သည်ကို ဝေဒနာခံစားရသူတိုင်း သိရှိနားလည်ပြီးဖြစ်သည်။

အလားတူ ဝေဒနက္ခန္ဓာအနတ္တဖြစ်ပုံ၌ ''ခံစားမှုဝေဒနာသည် အတ္တမဟုတ်၊ ထို့ကြောင့် နာကျင်ခြင်းငှာ ဖြစ်နေရ၏'' ဟူ၍လည်းကောင်း၊ သညက္ခန္ဓာအနတ္တဖြစ်ပုံ ၌  ''မှတ်သားမ ညာသည် အတ္တဖြစ်ခဲ့ငြားအံ့၊ ဤမှတ်သားမှု သညာသည် နာကျင်ခြင်းငှာမဖြစ်ရာ'' ဟူ၍ လည်းကောင်း ဟောကြားထားသည်။ ထို့ပြင် ''ပြုလုပ် အားထုတ်မှုသင်္ခါရတို့သည် အတ္တမဟုတ်ကုန်သောကြောင့် နာကျင်ခြင်းငှာဖြစ်ကုန်၏''၊  ''ကြံသိမှုစိတ် ဝိညာဉ်သည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာဖြစ်နေရ၏''ဟူသော သင်္ခါရက္ခန္ဓာအနတ္တဖြစ်ပုံနှင့်  ဝိညာဏခန္ဓာ အနတ္တဖြစ်ပုံဟောကြားချက်များမှာလည်း တစိမ့်စိမ့်တွေး  ဆင်ခြင်လေ  ဖြစ်ပျက်တတ်သော တရားကိုယ်ကို သိမြင်လာနိုင်လေလေ ဖြစ်ပါ၏။

လွန်ခဲ့သော တစ်ပတ်ခန့်က ဆေးရုံတွင် ခွဲစိတ်ကုသမှု ခံယူခဲ့ရသည့် စာရေးသူ၏ ကြောက်ရွံ့တုန်လှုပ်ခြင်းကား အဆုံးမရှိဖြစ်ပါ၏။ ကြိုသိသည်နှင့်အမျှလည်း   ပိုမို စိတ်ဆင်းရဲရသည်မှာ သေခြင်းအနီးသို့ ရောက်သည့်သူ ပမာရှိတော့၏။ မိသားစုဝင်များနှင့် မိတ်ဆွေတစ်ဦးက စိတ်အားမငယ်ရန်၊ စိတ်လျှော့ထားရန် ခွဲစိတ်ခန်းမဝင်မီ အားပေးသဖြင့် အတန်ငယ် စိတ်သက်သာရာ ရသွားသော်လည်း  ကြောက်စိတ်ကား လျော့ကျမသွားပါ။ မူလက သွေးတိုးမရှိသောစာရေးသူ၏သွေးပေါင်ချိန်မှာ ၁၈ဝ အထိဖြစ်သွား၏။ ကောက်ကာငင်ကာ  ဝေဿန္တရာ ဇာတ်တော်ကြီးမှ သိဉ္စည်းမင်းကြီး၏ စကားကို သတိရသွားသေး၏။ ဝေဿန္တရာမင်းကြီးနောက် ချွေးမဖြစ်သူက လိုက်ပါခွင့်တောင်းဆိုရာတွင် တောသားကောင်များ၏ အသံသဲ့သဲ့ကိုကြားရုံဖြင့် သေခြင်းအနီးသို့ ရောက်သော သူကဲ့သို့ တုန်လှုပ်သောမဒ္ဒီဒေဝီမှာ  ဟိမဝန္တာတောသို့ မည်သို့လိုက်မည်နည်းဟူသောစကားဖြစ်၏။ သို့ဖြစ်ရာမြတ်စွာဘုရားရှင်၏ တရားတော်များကို ဆင်ခြင် နှလုံးသွင်းခြင်းကသာ နာကျင်ခံစားရသော အိုနာဘေးနှင့် ကြုံတွေ့လာလျှင် လောကဓံကို ခံနိုင်ရည် ရှိလာနိုင်သည်ဟု မှတ်ယူမိပါ၏။

အနတ္တလက္ခဏသုတ်တွင် အပိုင်းကြီး(၅)ပိုင်းခ ညဘွဲခြားပြီး ဟောကြားထားသည်ကို တွေ့မြင်နိုင်သည်။ ရူပံ ဘိက္ခဝေ အနတ္တာမှ  ဧဝံ မေ ဝိညာဏံ မာ  အဟောသီတိတိုင်အောင်သော စကားဖြင့်  ခန္ဓာငါးပါး အနတ္တဖြစ်ပုံ၊ တံ ကိံမညထမှ မနောဟေတံ ဘန္တေတိုင်အောင်သော စကားဖြင့်  ခန္ဓာငါးပါးတို့ အနိစ္စ၊ ဒုက္ခ၊ အနတ္တဖြစ်ပုံ၊ တသ္မာတိဟမှ သမ္မပ္ပညာယ  ဒဋ္ဌဗံ္ဗ တိုင်အောင်  သောစကားဖြင့် ခန္ဓာငါးပါးကို   ''ငါ၏ဥစ္စာ   မဟုတ်၊ ငါမဟုတ်၊  ငါ၏အလိုသို့မလိုက်''  ဟူ၍ ဟုတ်တိုင်းမှန်စွာ ကောင်းမြတ်သော ဝိပဿနာပညာ၊   မဂ်ပညာဖြင့်သိပုံ၊   ဧဝံ ပဿံမှ ပဇာနာတိတွင်  ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ ပစ္စဝေက္ခဏ ဉာဏ်တို့   အဆင့်ဆင့်ဖြစ်ပွားပုံနှင့်  ဣဒမဝေါစ ဝိမုစ္စိံသု-တွင် ပဉ္စဝဂ္ဂီရဟန်းတို့   အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ပုံ အပိုင်းကြီး (၅)ပိုင်း တွေ့ရသည်။

အနတ္တလက္ခဏသုတ် မြန်မာပြန်စာမူကို ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် မြန်မာပြန်တွင် လေ့လာနိုင်ပါသည်။ ရုပ်မှာအတ္တ၊ ရှာမရဘဲ၊ အနတ္တစစ်၊ တကယ်ဖြစ်ဟု သံဝေဂဉာဏ်သက်အောင် ဟောကြားထားသော ဤသုတ်တော်သည် ဓမ္မအဆီအနှစ်နှင့် အတိပြီးလျက်ရှိသဖြင့် မှတ်သားကျင့်ကြံဖွယ် ကောင်းလှသည်။ ရုပ်ဟုတွင်မည်၊  ခန္ဓာသည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထဘဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏၊ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တစ်ရံမစဲ၊ လွန်ဆင်းရဲသော၊ သဘောကို၊ ပြက်ပြက်ထင်ထင် ရှုဆင်ခြင်လာနိုင်စေသော  သုတ်တော်ကြီးလည်း ဖြစ်ပေသည်။

အနတ္တလက္ခဏသုတ်တော်၏ နောက်ဆုံးအပိုဒ်ကား တရားအနှစ်ဖြင့် နက်ရှိုင်းလွန်းလှသည်။ ''ဧဝံ ပဿံ ဘိက္ခဝေ သုတဝါ အရိယသာဝကော ရူပသ္မိမ္ပိ နိဗ္ဗန္ဒတိ...''အစမူသော တရားတော်ကို ဤသို့နာယူ မှတ်သားရပါသည်။

''ပဉ္စဝဂ္ဂီရဟန်းတို့-ဤသို့ရှုသော၊ အကြားအမြင်ရှိသော အရိယာတပည့်သည် ရုပ်၌လည်းငြီးငွေ့၏။ ဝေဒနာ၌လည်းငြီးငွေ့၏။ သညာ၌လည်းငြီးငွေ့၏။ သင်္ခါရတို့၌ လည်း ငြီးငွေ့၏။ ဝိညာဉ်၌လည်း ငြီးငွေ့၏။ ငြီးငွေ့သော် စွဲမက်မှုကင်း၏။ စွဲမက်မှုကင်းခြင်းကြောင့် ကိလေသာမှ လွတ်မြောက်၏။ ကိလေသာမှ  လွတ်မြောက်သော် ကိလေသာမှ လွတ်မြောက်ပြီဟု အသိဉာဏ်ဖြစ်ပေါ်၏။ ထိုအခါ ပဋိသန္ဓေနေမှုကုန်ပြီ။  အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ။ ပြုဖွယ်ကိစ္စကိုပြုပြီးပြီ။ ဤမဂ်ကိစ္စ အလို့ငှာ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟုသိ၏'' စသည့်  တရားဖြစ်၏။

ထိုအခါ ပဉ္စဝဂ္ဂီရဟန်းတို့က မြတ်စွာဘုရားမိန့်တော်မူသော စကားကို နှစ်လိုသည်ဖြစ်၍  ဝမ်းမြောက်စွာခံယူ ကုန်သော အနတ္တလက္ခဏသုတ်မှာ ''ဤမဂ်ကိစ္စ၊ ပြုရဖို့ရာ၊  ဘာဝနာအသစ်၊ ဖြစ်ဖို့ရေးရာ၊  မရှိပါဟု၊ ကောင်းစွာတိတိ'' သိရှိခဲ့ပေပြီ။ ဤသို့မြတ်စွာဘုရား၏ ဉာဏ်တော်အချက်ဖြင့် ကွက်ကွက်ထင်ထင် နိဂုံးကမ္ပတ် အဆုံးသတ်လျက် နှစ်သက်ဖွယ်ရာ ဟောကြားသော တရားဒေသနာကား တရားအဆီအနှစ် ပြည့်ဝလျက်ရှိ သည့် အနတ္တလက္ခဏသုတ် တရားတည်း။

သို့ဖြစ်ရာ ''ရေလျှံတဲ့ဝါဆိုမှာ၊ ပုန်းညက်ညိုမာလာမင်းက သင်းလှတယ်လေး''ဟု  မဟာအတုလမင်းကြီး ဖွဲ့ဆိုသော ဝါဆိုလတွင် ပုန်းညက်ပန်းလည်းသင်း၊ ပဉ္စင်းခံပွဲလည်း ကျင်းပသည့်အတူ ပဉ္စဝဂ္ဂီရဟန်းတို့ အရဟတ္တ ဖိုလ်ဆိုက်သော    အနတ္တလက္ခဏ သုတ်တော်၏

ဂုဏ်သတင်းလည်း  ဝင်းပလျက်ရှိချေပြီ။  ထို့ကြောင့်  ရွယ်တူများရော ငယ်သူများပါ လောကုတ္တရာတရားမှုတွင် စံပြုလောက်သည့် ပဉ္စဝဂ္ဂီငါးပါးကိုစံပြုကာ တရားဓမ္မများ တရွေ့ရွေ့ဆည်းပူး ပါရမီထူးသော ဘာသာရေးအမြင်ဖြင့် အနတ္တလက္ခဏ သုတ်တော်ကြီးကို ရိုသေစွာ ရွတ်ဖတ် သရဇ္ဈာယ်နိုင်ပါစေ။ ခန္ဓာငါးပါးအပေါ်၌  အတ္တမဟုတ်၊ အနတ္တသာဟု အနတ္တလက္ခဏာ ထင်မြင်လာအောင် အားထုတ်နိုင်ပါစေဟု ဆုတောင်း ရေးသားရပါသတည်း။    

ပါမောက္ခ ခိုင်ခိုင်ရီ

Read 32 times
Rate this item
(0 votes)
Last modified on Monday, 22 July 2019 10:34